ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုလုပ်ငန်းစဉ်များ ကြည့်ရှုအားပေး
ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) ၌ ကျန်းမာရေးစောင့်ရှောက်ပေးနေမှုလုပ်ငန်းစဉ်များ ကြည့်ရှုအားပေး
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / April 23, 2026
ရန်ကုန် ဧပြီ ၂၂
အလုပ်သမားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်စိုးသည် ယနေ့မွန်းလွဲပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) သို့သွားရောက်၍ ဆေးရုံတက်ရောက်ကုသနေသော အာမခံအလုပ်သမားများကို ကြည့်ရှုအားပေးသည်။
ဦးစွာ ဆေးရုံအစည်းအဝေးခန်းမ၌ ပြည်ထောင်စုဝန်ကြီးက ဆေးရုံအုပ်ကြီးနှင့် ဝန်ထမ်းများအား တွေ့ဆုံ၍ ကျန်းမာရေးစောင့်ရှောက်မှုပေးရသည့် ဝန်ထမ်းများဖြစ်၍ ကုသိုလ်လည်းရ၊ ဝမ်းလည်း ဝသည့်အလုပ်ဖြစ်သဖြင့် စေတနာထားဆောင်ရွက်ပေးစေလိုကြောင်း၊ နိုင်ငံတော်သမ္မတ၏ မိန့်ခွန်းနာခံခြင်းနှင့် ကတိသစ္စာပြုခြင်းအခမ်းအနားတွင် နိုင်ငံတော်သမ္မတက ကျန်းမာရေးကဏ္ဍမြှင့်တင်ရေး၊ တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ကျန်းမာရေး အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ထိရောက်သည့်မူဝါဒများ ချမှတ်အကောင်အထည်ဖော်ဆောင်ရေး၊ ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသည့် ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများဖြစ်စေရေး အလေးထားဆောင်ရွက်သွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း၊ နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှာကြားချက်ဖြစ်သော ပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများကို အခြေခံအဆင့်မှစ၍ မြှင့်တင်နိုင်ရေးဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မိမိတို့၏ဝန်ထမ်းများအပါအဝင် ဝန်ထမ်းမိသားစုများ၏ ပညာရေးကိုအဆင့်မြှင့်တင်နိုင်ရေး ဝန်ထမ်းများအနေဖြင့် ဘက်ပေါင်းစုံမှ ဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း။
ကျန်းမာရေးနှင့်စပ်လျဉ်း၍လည်း အလုပ်ရှင်နှင့် အာမခံအလုပ်သမားများ၏ အားကိုးယုံကြည်ရသည့် လူမှုဖူလုံရေးစီမံကိန်းဖြစ်စေရန်၊ အာမခံအလုပ်သမားများအတွက် အရည်အသွေးပြည့်မီသော ကျန်းမာရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန်လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအနေဖြင့် ပညာရှင်များဖြစ်သည့်အတွက် ကျင့်ဝတ်စည်းကမ်းများကို လိုက်နာရန်နှင့် မိမိလုပ်ငန်းများ အောင်မြင်စေရန်အတွက် ဝန်ထမ်းအချင်းချင်း စည်းလုံးညီညွတ်စွာဖြင့် ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ လူမှုဖူလုံရေးအဖွဲ့သည် အာမခံအလုပ်သမားများ အားကိုးအားထားပြုရသည့် အဖွဲ့အစည်းတစ်ခုဖြစ်စေရန်အတွက် အလုပ်ရှင်၊ အလုပ်သမားများ၏ အဓိကလိုအပ်ချက်ဖြစ်သော ကောင်းမွန်သည့် ဆေးကုသဝန်ဆောင်မှုကိုပေးအပ်နိုင်ရန် လိုအပ်ကြောင်းမှာကြားပြီး လုပ်ငန်းလိုအပ်ချက်များ မေးမြန်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် အလုပ်သမားဆေးရုံကြီးအတွင်း ပြင်ပလူနာဌာနနှင့် ဆေးရုံတက်ရောက်ကုသလျက်ရှိသည့် အာမခံအလုပ်သမားလူနာများအား ရင်းရင်းနှီးနှီး တွေ့ဆုံ နှုတ်ဆက်အားပေးပြီး လှူဒါန်းငွေများပေးအပ်ကာ အလုပ်သမားဆေးရုံကြီး (ရန်ကုန်) တွင် အာမခံအလုပ်သမားလူနာများကို ကျောက်ကပ်သန့်စင်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုဆောင်ရွက်ပေးလျက်ရှိမှုအခြေအနေတို့ကို သွားရောက်ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။
လူမှုဖူလုံရေးအဖွဲ့အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ အာမခံအလုပ်သမားများအား ကျန်းမာရေးစောင့်ရှောက်မှုများကို အလုပ်သမားဆေးရုံကြီး (ရန်ကုန်)၊ အလုပ်သမားဆေးရုံ (ထန်းတပင်)၊ မြို့နယ်လူမှုဖူလုံရေးဆေးခန်း ၂၂ ခန်း၊ တိုင်းရင်းဆေးကုခန်းတစ်ခန်း၊ ဌာနကြီးဆေးခန်း ၂၁ ခန်း၊ စာချုပ်ဆေးခန်း ၅၃ ခန်း၊ မီးဖွားခြင်းဝန်ဆောင်မှု ဆောင်ရွက်သည့် စာချုပ်ဆေးရုံ၊ သားဖွားခန်းငါးခန်းတို့ဖြင့် ဆောင်ရွက်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ဧပြီလမှ ၂၀၂၆ ခုနှစ် မတ်လအထိ လူနာဦးရေ ၁၁၄၆၆၈၅ ဦးကို ကုသမှုဆောင်ရွက်ပေးနိုင်ခဲ့ကာ ဆေးဖိုးပြန်အမ်း အမှုတွဲ ၇၇၈၀၇ မှုအတွက် ငွေကျပ် ၇၉၇၄ ဒသမ ၃၉၆ သန်းကို ပြန်လည်ပေးအပ်နိုင်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေးနှင့် စပ်လျဉ်း၍ ပြည်သူသို့ အသိပေးနှိုးဆော်ချက်
Posted on Apr 20, 2026လေပြင်းဘေး ကြိုတင်ပြင်ဆင်ရေး နှင့် စပ်လျဉ်း၍ ပြည်သူသို့အသိပေးနှိုးဆော်ချက်
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026
