ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 28, 2025
ခွင့်ပြုငွေများကို သတ်မှတ်ထားသည့်အချိန်အတွင်း၌ ထိထိရောက်ရောက်အကျိုးရှိရှိ သုံးစွဲပြီး ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ရုပ်လုံးပေါ်လာရန်လို
နေပြည်တော် အောက်တိုဘာ ၂၈
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပပြုလုပ်ရာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တက်ရောက်အမှာစကားပြောကြားသည်။
အစည်းအဝေးသို့ ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစော၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ဦးစွာ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် ယနေ့ကျင်းပသည့် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေးတွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီး၊ ပြည်နယ်များ၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုများကို ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က အတည်ပြုပေးရန်ဖြစ်ကြောင်း၊ အတည်ပြုပြီးပါက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းကို ပြည်ထောင်စုအစိုးရအဖွဲ့ကတစ်ဆင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီကို ဆက်လက်ပေးပို့တင်ပြအတည်ပြုပြဋ္ဌာန်းသွားရမည်ဖြစ်ကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံစသည့် အဆောက်အဦများ၊ အိမ်ရာများ ပြန်လည် ပြုပြင်ထိန်းသိမ်းရမည့်ကိစ္စရပ်များ၊ ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အသုံးစရိတ်များနှင့် နိုင်ငံဖွံ့ဖြိုးမှုနှင့် ပြည်သူအကျိုးပြုလုပ်ငန်းများဖြစ်သည့် လမ်း၊ တံတား၊ ကျောင်း၊ ဆေးရုံစသည့် အခြေခံအဆောက်အအုံလုပ်ငန်းများအတွက် အဓိကထားခွင့်ပြုပေးသွားမည်ဖြစ်ကြောင်း၊ မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးမှုများကို အမြန်ဆုံးပြင်ဆင်နိုင်ရေး ဆောင်ရွက်သည့်နေရာတွင် ဖြည့်စွက်ခွင့်ပြုငွေရရှိမည့်ကာလနှင့် ဆောင်ရွက်နိုင်မည့် လုပ်ငန်းပမာဏကို ချင့်ချိန်ဆောင်ရွက်ရန်လိုကြောင်း။
မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ဆုံးရှုံးမှုများအတွက် နိုင်ငံတော်ပိုင် အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန် အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် သုံးစွဲနိုင်ရန် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများနှင့် ပြည်ထောင်စုဝန်ကြီးဌာနများကို ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုထားသည့် အသုံးစရိတ်များအနက်မှ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ ပြန်လည်အပ်နှံငွေ ကျပ် ၂၀၆၉ ဒသမ ၃၃၆ ဘီလီယံကို အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေထဲကို လွှဲပြောင်းထည့်ပေးခဲ့ပြီးလည်းဖြစ်ကြောင်း၊ မိမိတို့အစိုးရက ချမှတ်ထားသည့် ဦးတည်ချက်များကို ဖော်ဆောင်နိုင်ရန်အတွက် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ကဏ္ဍအလိုက်၊ ဒေသအလိုက် ဦးစားပေးအစီအစဉ်များ ချမှတ်ပြီး အသုံးစရိတ်များကို စနစ်တကျ စိစစ်သုံးစွဲကြရန် လိုအပ်ကြောင်း။
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှု အားပေးစို့” ဆိုသည့် အမျိုးသားကာကွယ် ရေးနှင့်လုံခြုံရေးကောင်စီ၏ ဆောင်ပုဒ်အတိုင်း လက်တွေ့ကျသည့် ကုန်ထုတ်လုပ်မှုများနှင့် စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများကို အားပေးဆောင်ရွက်ပြီး ကျေးလက်စီးပွားနှင့် နိုင်ငံ့စီးပွားမြှင့်တင်ခြင်းဖြင့် ပြည်သူတစ်ရပ်လုံး၏ လူမှုစီးပွားဘဝမြင့်မားရေး ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်၏စီးပွားရေးကို လျင်မြန်စွာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သည့်နေရာတွင် စိုက်ပျိုးမွေးမြူရေးသည် မိမိတို့နိုင်ငံတွင်ရှိသည့် တိုင်းရင်းသားပြည်သူအများစု၏ အဓိကအသက်မွေးဝမ်းကျောင်းလုပ်ငန်းဖြစ်သကဲ့သို့ နိုင်ငံ့စီးပွားရေး၏ အသက်သွေးကြောလည်းဖြစ်သည့်အတွက် စိုက်ပျိုးမွေးမြူရေးကို အခြေခံသည့် ကုန်ထုတ်လုပ်ငန်းများ တိုးမြှင့်ဖော်ဆောင်ရမည်ဖြစ်ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်းနေဖြင့်လည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် သက်ဆိုင်ရာကဏ္ဍအလိုက် ရန်ပုံငွေများကို ခွဲဝေချထားပေးပြီး နည်းလမ်းမျိုးစုံဖြင့် အားပေးလုပ်ဆောင်လျက်ရှိကြောင်း။
ဌာန၊ အဖွဲ့အစည်းများအနေဖြင့် မလွှဲမရှောင်သာသည့်အခြေအနေများကြောင့် မူလရည်မှန်းချက်အတိုင်း ဆောင်ရွက်နိုင်ခြင်းမရှိသည့်အတွက် ဖြစ်ပေါ်လာသည့် ပိုလျှံငွေများကို ဘဏ္ဍာရေးနှစ်ကုန်ဆုံးချိန်မှ နောက်ကျပြီး အပ်နှံခြင်းမပြုဘဲ တတ်နိုင်သမျှ ဆောလျင်စွာ ပြန်လည်အပ်နှံကြရန် မှာကြားလိုကြောင်း၊ သို့မှသာ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ ဆောင်ရွက်ရန် လိုအပ်သည့်ဌာနများကို ဘဏ္ဍာရေးစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များနှင့်အညီ ဘဏ္ဍာရေးနှစ်အတွင်း အကျိုးရှိအောင် ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုဝန်ကြီးဌာနများ၊ အဖွဲ့အစည်းများ၏ ဖြည့်စွက်ခွင့်ပြုငွေတောင်းခံမှုနှင့် ပြည်ထောင်စုမှတိုင်းဒေသကြီး၊ ပြည်နယ်များကို ထပ်မံထောက်ပံ့ပေးရမည့် ထောက်ပံ့ငွေများ၊ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့အပေါ်တွင် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်က ဆွေးနွေးအတည်ပြုပေးရန်ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင် ဒုတိယဥက္ကဋ္ဌ၊ ကော်မရှင်အဖွဲ့ဝင် နိုင်ငံတော်ဝန်ကြီးချုပ် ဦးညိုစောက ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် ဖြည့်စွက်ခွင့်ပြုငွေ တောင်းခံမှုများကို အဆင့်ဆင့်စိစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများ၊ နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှုကို အထောက်အကူဖြစ်စေရန် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးအပြင် ထပ်မံတိုးမြှင့်ထောက်ပံ့ပေးခဲ့မှုအခြေအနေများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ၂၀၂၅ -၂၀၂ ၂၀၂၆ ဘဏ္ဍာရေးနှစ် ဖြည့်စွက်ခွင့်ပြုငွေနှင့် လိုငွေအတွက် ပြည်ထောင်စုမှ ထောက်ပံ့ငွေနှင့် အခွန်ဝေစုများ ခွင့်ပြုဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်းတင်ပြသည်။
ယင်းနောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ၂၀၂၅ -၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ အထွေထွေပိုလျှံရန်ပုံငွေမှ သုံးစွဲမည့် ကိစ္စရပ်များ၊ ဖြည့်စွက်ခွင့်ပြုငွေစာရင်း၊ မူလခန့်မှန်းခြေငွေစာရင်း၊ ပြုပြင်ပြီး ခန့်မှန်းခြေငွေစာရင်းနှင့် ပြည်ထောင်စု၏နောက်ထပ် ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့ကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဥပဒေရေးရာဝန်ကြီးဌာန ပြည်ထောင်စုရှေ့နေချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဒေါက်တာသီတာဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ အသုံးဆိုင်ရာဥပဒေမူကြမ်းနှင့် ၂၀၂၅-၂၀၂၆ ပြည်ထောင်စု၏ နောက်ထပ်ဘဏ္ဍာငွေခွဲဝေသုံးစွဲရေးဥပဒေကြမ်းတို့နှင့်ပတ်သက်၍လည်းကောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဒေါက်တာခင်နိုင်ဦးက ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့များ၏ ဘဏ္ဍာငွေအရအသုံးခန့်မှန်းခြေငွေစာရင်းများနှင့်စပ်လျဉ်း၍ စစ်ဆေးတွေ့ရှိချက်များအရ အနာဂတ်ကာလတွင် ဆောင်ရွက်သင့်သည့်အချက်များကို လည်းကောင်း အကြံပြုဆွေးနွေးတင်ပြသည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များက ပညာရေးနှင့် ကျန်းမာရေးကဏ္ဍ၊ လမ်းပန်းဆက်သွယ်ရေးကဏ္ဍ၊ ပြည်သူလူထုတို့မှ အဆိုပြုတောင်းခံထားသည့် လုပ်ငန်းရပ်များကဏ္ဍတို့တွင် အသုံးပြုနိုင်ရေးအတွက် ဖြည့်စွက်ခွင့်ပြုငွေများကို အသီးသီးတင်ပြကြသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အတွင်းရေးမှူး၊ ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ဘဏ္ဍာရေးကော်မရှင်ကိစ္စရပ်များဖြစ်သည့် အသေးစိတ် ငွေလုံးငွေရင်းစာရင်းများ၊ သာမာန်ငွေစာရင်းများအား အဆင့်ဆင့်စိစစ်ခဲ့မှု၊ နောက်ထပ်ဘဏ္ဍာငွေသုံးစွဲရေးဥပဒေပြဋ္ဌာန်းနိုင်ရေး စိစစ်ဆောင်ရွက်ခဲ့မှုအခြေအနေများကို ရှင်းလင်း တင်ပြသည်။
တင်ပြချက်များနှင့်စပ်လျဉ်း၍ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ၊ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက ဖြည့်စွက်အမှာစကားပြောကြားရာတွင် ဘဏ္ဍာငွေများကို နိုင်ငံတော်နှင့် ပြည်သူလူထုအတွက် အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင်ရန်လိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးများနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်များအနေဖြင့် ဘတ်ဂျက်ရငွေများကို အမှန်တကယ်ရရှိအောင်နှင့် သုံးငွေများကို အမှန်တကယ်အကျိုးရှိသည့်နေရာများတွင်သာ အသုံးပြုရန်လိုကြောင်း ပြောကြားသည်။
ထို့နောက် ဖြည့်စွက်ခွင့်ပြုငွေများ တင်ပြတောင်းခံရာတွင် အချိန်တိုကာလအတွင်း အမြန်ဆုံးအကျိုးဖြစ်စေမည့်လုပ်ငန်းများကို တင်ပြတောင်းခံသွားရန်လိုကြောင်း၊ ပိုလျှံရန်ပုံငွေများကို နိုင်ငံတော်အတွက် အမှန်တကယ်အကျိုးရှိမည့်နေရာများတွင် အသုံးချနိုင်ရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေးစသည့် ပြည်သူလူထုကို တိုက်ရိုက်အကျိုးပြုသောလုပ်ငန်းများနှင့် ပြည်သူလူထုတို့မှ တောင်းဆိုသည့်နေရာများတွင် အမြန်ဆုံးလုပ်ငန်းဖော်ဆောင်သွားကြရန်လိုကြောင်း၊ နိုင်ငံတော်၏ ဘဏ္ဍာငွေများကို အကျိုးရှိရှိဖြင့်စနစ်တကျသုံးစွဲသွားရန်လိုကြောင်း၊ မည်သည့်လုပ်ငန်းကို ဆောင်ရွက်သည်ဖြစ်စေ စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျဖြစ်စေရေး ဝန်ကြီးဌာနများအနေဖြင့် ကြပ်မတ်စစ်ဆေးဆောင်ရွက်ကြစေလိုကြောင်း။
ပြည်သူလူထုအကျိုး၊ ဒေသအကျိုးနှင့် နိုင်ငံတော်အတွက်အကျိုးရှိမည့် လုပ်ငန်းရပ်များကို ဆောင်ရွက်သွားနိုင်ရန်လိုကြောင်း၊ လာမည့်ဘက်ဂျက်နှစ်တွင်လည်း အမှန် တကယ်ဆောင်ရွက်နိုင်မည့် လုပ်ငန်းရပ်များအတွက် ဘဏ္ဍာငွေများကို တင်ပြတောင်းခံသွားရန်လိုပြီး သတ်မှတ်ကာလအတွင်း ခွင့်ပြုငွေများကို ထိထိရောက်ရောက် အကျိုးရှိရှိအသုံးချသွားနိုင်ရန်လိုကြောင်း၊ ခွင့်ပြုငွေများကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိရှိအသုံးချ နိုင်မည်ဆိုပါက နိုင်ငံတော်အတွက်လည်း အကျိုးရှိစေမည်ဖြစ်ကြောင်း၊ မိမိတို့၏အချိန်နှင့် ငွေကြေးများကို အကျိုးရှိစွာ အသုံးချနိုင်မှုမရှိခြင်းသည် နိုင်ငံတော်အတွက် ထိခိုက်နစ်နာစေခြင်းပင်ဖြစ်ကြောင်း၊ မိမိတို့အစိုးရအနေဖြင့် နိုင်ငံတော်တွင် ဖြစ်ပေါ်ခဲ့သည့် နိုင်ငံရေးအကြပ်အတည်း၊ အခက်အခဲများ၊ ကပ်ရောဂါနှင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကြုံ တွေ့ခဲ့ရမှုများကို ကြံ့ကြံ့ခံ၍ ယနေ့အချိန်အထိ နိုင်ငံတော်ကို ကောင်းမွန်အောင် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ကြောင်း၊ ဘဏ္ဍာရေးကော်မရှင်က ခွင့်ပြုပေးမည့် ဘဏ္ဍာငွေသည် ငွေရေးကြေးရေးတန်ဖိုးအရ တန်ဖိုးရှိသည်သာမက အချိန်သည်လည်း တန်ဖိုးရှိကြောင်း၊ ထို့ကြောင့် ဆက်လက်၍လည်း နိုင်ငံတော်အတွက် ကောင်းမွန်သည့်လုပ်ငန်းရပ်များကို ဖော်ဆောင်သွားကြရမည်ဖြစ်ပြီး အချိန်၊ ငွေကြေးနှင့် လုပ်ပိုင်ခွင့်များကို မှန်မှန်ကန်ကန်ဖြင့် အကျိုးရှိအောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ ခွင့်ပြုငွေများကို သတ်မှတ်ထားသည့်အချိန်အတွင်း၌ ထိထိရောက်ရောက်အကျိုးရှိရှိသုံးစွဲပြီး ပြည်သူလူထုအကျိုးပြုလုပ်ငန်းများ ရုပ်လုံးပေါ်လာရန်လိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားရာတွင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ၏ ဦးတည်ချက် (၄) ရပ်နှင့်အညီ နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် အဓိကနှင့် အခြေခံအုတ်မြစ်ဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်လာစေရေး နိုင်ငံတော်က အားပေးဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကို အခြေခံသည့် စက်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်မှုကနေ ပြည်သူတို့၏ လူမှုစီးပွားဘဝကိုမြှင့်တင်ရေး၊ နိုင်ငံ့စီးပွားမြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများဖြစ်သည့် MSME များ ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံတော်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ခိုင်မာစေရန် အမျိုးသားပညာရေးကဏ္ဍနှင့် ကျန်းမာရေးကဏ္ဍများတွင် အလေးထားမြှင့်တင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ပေးကြစေလိုကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ ဖြည့်စွက်ခွင့်ပြုငွေတွင် မန္တလေးငလျင်ကြီးကြောင့် ပျက်စီးဆုံးရှုံးခဲ့သော ရုံး၊ ကျောင်း၊ ဆေးရုံစသည့် အဆောက်အဦများ၊ လမ်းများ၊ အိမ်ရာများ ပြန်လည်ပြုပြင်ထိန်းသိမ်းရမည့် အသုံးစရိတ်များနှင့် ပြန်လည်ထူထောင်ရေးကိစ္စရပ်များအတွက် အသုံးစရိတ်များကို အဓိကထားခွင့်ပြုပေးခဲ့ပြီးဖြစ်ကြောင်း၊ ပြည်ထောင်စုအဆင့် ဝန်ကြီးဌာနများအနေဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အရအသုံးခန့်မှန်းခြေငွေစာရင်းပါ လုပ်ငန်းအချို့ကို အကြောင်းအမျိုးမျိုးကြောင့် ဆောင်ရွက်နိုင်မှုမရှိသည့်အတွက် အဆိုပါလုပ်ငန်းများ၏ အသုံးစရိတ်များကို “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) သို့ အမြန်အပ်နှံကြရန်လိုကြောင်း၊ သို့မှသာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်ထုတ်လုပ်မှုတိုးမြှင့်ရေးနှင့် နိုင်ငံ့စီးပွားမြှင့်တင်ရေးတို့ ဆောင်ရွက်ရန်အတွက် ထပ်မံလိုအပ်သည့် ပြည်ထောင်စုအဆင့်အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနများကို ပြန်လည်လွှဲပြောင်းသုံးစွဲခွင့်ပြုသွားမည် ဖြစ်ကြောင်း။
ထို့ပြင် နိုင်ငံ့ဝန်ထမ်းများနှင့် အငြိမ်းစားဝန်ထမ်းများ၏ စားဝတ်နေရေး သက်သာချောင်လည်မှုရှိစေရန် လက်ရှိထောက်ပံ့လျက်ရှိသည့် အပိုထောက်ပံ့ကြေးအပြင် ထပ်မံပြီး ကျပ် ၃၀,၀၀၀ ကို ၂၀၂၅ ခုနှစ်၊ အောက်တိုဘာလမှစ၍ ခံစားခွင့်ပြုခဲ့ကြောင်း၊ ထိုကဲ့သို့ တိုးမြှင့်ခံစားခွင့်ပြုလိုက်သည့်အတွက် လိုအပ်လာသည့် အပိုထောက်ပံ့ကြေးများကို ဖြည့်စွက်ခွင့်ပြုငွေတောင်းခံခြင်း မပြုစေဘဲ မူလခွင့်ပြုငွေအတွင်း ရန်ပုံငွေလွှဲပြောင်းသုံးစွဲခြင်းဖြစ်စေ၊ “အထွေထွေပိုလျှံ ရန်ပုံငွေ” (GRF) သို့ အပ်နှံပြီး ပြန်လည်လွှဲပြောင်းသုံးစွဲခြင်းဖြစ်စေ ဆောင်ရွက်ပြီး အသားတင်ထပ်မံလိုငွေများကို ပြည်ထောင်စု၏ “အထွေထွေပိုလျှံရန်ပုံငွေ” (GRF) မှ လွှဲပြောင်းသုံးစွဲခွင့်ပြုမည်ဖြစ်ကြောင်း။
၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း၌ ပြီးစီးအောင် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အရည်အသွေးပြည့်မီစွာဖြင့် သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် အကောင် အထည်ဖော်ဆောင်ရွက်ကြရန်နှင့် ပိုလျှံငွေအများအပြားပြန်လည်အပ်နှံရမှု မဖြစ်စေရေးကို အထူးဂရုပြုဆောင်ရွက်ကြစေလိုကြောင်း၊ ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် ယခုခွင့်ပြုပေးလိုက်သည့် ဖြည့်စွက်ခွင့်ပြုငွေများအပါအဝင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် လျာထားခွင့်ပြုပေးခဲ့သည့် အသုံးစရိတ်များနှင့် လုပ်ငန်းများအကောင်အထည်ဖော်ရာတွင် သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေရန် အဆင့်ဆင့်တာဝန်ယူမှု၊ တာဝန်ခံမှုအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ကြရန်နှင့် သုံးစွဲမှုများကိုလည်း စနစ်တကျစာရင်းစစ်ဆေးမှုခံယူနိုင်ကြရန်ကိုလည်း သတိပေးမှာကြားလိုကြောင်း။
ပြည်ထောင်စုဝန်ကြီးဌာနများနှင့် တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရအဖွဲ့များအနေဖြင့် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီက ချမှတ်ထားသည့် ဦးတည်ချက်များ၊ ဆောင်ပုဒ်များနှင့်အညီ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကို အထောက်အကူပြုမည့် လုပ်ငန်းအသုံးစရိတ်များကို စနစ်တကျ ခွဲခြားသုံးသပ်ပြီး အကျိုးရှိရှိ ထိထိရောက်ရောက်သုံးစွဲကြရန်နှင့် လုပ်ငန်းများကို အောင်မြင်အောင် အကောင်အထည်ဖော်ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြား၍ အစည်းအဝေးကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၉ ရက် ၊ အောက်တိုဘာ ၂၉ ရက်၊ ဗုဒ္ဓဟူးနေ့။
Posted on Oct 29, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၈ ရက် ၊ အောက်တိုဘာ ၂၈ ရက်၊ အင်္ဂါနေ့။
Posted on Oct 28, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၇ ရက် ၊ အောက်တိုဘာ ၂၇ ရက်၊ တနင်္လာနေ့။
Posted on Oct 27, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၆ ရက် ၊ အောက်တိုဘာ ၂၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Oct 26, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလဆန်း ၄ရက် ၊ အောက်တိုဘာ ၂၄ ရက်၊ သောကြာနေ့။
Posted on Oct 24, 2025
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း
Posted on Oct 29, 2025၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်းလိုက်နေ့ရက်များတွင် ပြည်တွင်းနှင့် နိုင်ငံတကာသတင်းမီဒီယာများ သတင်းရယူခွင့်ရှိကြောင်း အသိပေးကြေညာခြင်း
ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း
Posted on Oct 28, 2025ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း ( ၂ ) ကျင်းပမည့်နေ့ရက်နှင့် ပါဝင်သည့်မြို့နယ်များ သတ်မှတ်ကြေညာခြင်း
အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
Posted on Sep 19, 2025အငယ်တန်းစာရေးနှင့် ဒု-လ/ထကွန်ပျူတာလုပ်ဆောင်ရေးမှူးရာထူးနေရာများအတွက် ရေးဖြေအောင်မြင်သူများစာရင်း ထုန်ပြန်ကြေညာခြင်း-
