မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 20, 2025
နေပြည်တော် နိုဝင်ဘာ ၁၉
မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဥက္ကဋ္ဌ ဒေါ်စန္ဒာဦးက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၉ ရက် ညပိုင်းတွင် ရေဒီယိုနှင့်ရုပ်မြင်သံကြား အစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။
အဆိုပါ ဟောပြောတင်ပြချက်အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-
လေးစားအပ်ပါသော မိဘပြည်သူများရှင်
ကျွန်မကတော့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ Peace & Diversity Party (PDP) ဥက္ကဋ္ဌ ဒေါ်စန္ဒာဦးဖြစ်ပါတယ်ရှင်။ ကျွန်မတို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ ၂၀၁၀ ခုနှစ်၊ မတ်လ (၂၂) ရက်နေ့ကတည်းက စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ရွေးကောက်ပွဲဥပဒေနှင့်အညီ (၂၈-၃-၂၀၂၃) ခုနှစ်မှာ ပြန်လည်မှတ်ပုံတင်ခွင့်လျှောက်ထားခဲ့ပါတယ်ရှင့်။ (၁၅-၇-၂၀၂၄) မှာ ပါတီမှတ်ပုံတင်ခွင့်ပြုခဲ့ပါတယ်ရှင့်။
ကျွန်မတို့ပါတီဟာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ ကြီးမှူးကျင်းပတဲ့ ၂၀၁၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါ တယ်။ ယခုကျင်းပမယ့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲမှာလည်း စတုတ္ထအကြိမ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်ရှင်။
ကျွန်မတို့ပါတီရဲ့ မူဝါဒနဲ့လုပ်ငန်းစဉ်တွေကတော့၊ ကျွန်မတို့ပါတီရဲ့မူဝါဒကတော့ “လူသားဆန်သော ဒီမိုကရက်တစ်နိုင်ငံသားဝါဒ”(HUMANIST DEMOCRATIC NATIONALISM) ဖြစ်ပါသည်။
(၁) ကမ္ဘာအရပ်ရပ်မှာရှိတဲ့ လူသားမျိုးနွယ်တို့၏ အကျိုးစီးပွားကို မျက်ကွယ်ပြုမည် မဟုတ်။
(၂) ဒီမိုကရက်တစ်လုပ်နည်းလုပ်ဟန်တို့ကို လိုက်နာကျင့်သုံးမည်။
(၃) အခွန်ထမ်းနိုင်ငံသားများ၏အကျိုးကို ပထမဦးစားပေးစဉ်းစားမည်ဟူ၍ ဖြစ်ပါတယ်။
ကျွန်မတို့ပါတီဟာ လူသားအချင်းချင်း ရန်သူလို သတ်မှတ်တဲ့ အလေ့အထကို စွန့်လွှတ်ပြီး လူသားတွေရဲ့ ရန်သူအသစ်တွေကိုရှာဖွေ တွေ့ရှိထားပြီးဖြစ်ပါတယ်။ အဲဒါတွေကတော့ မဖွံ့ဖြိုး မတိုးတက်ခြင်း၊ ရောဂါဘယအသစ်အဆန်းများ၊ သဘာဝဘေးအန္တရာယ်ဆိုးများ၊ အလုပ်လက်မဲ့ဖြစ်ခြင်းများနဲ့ အသိတရားခေါင်းပါးခြင်းတို့ပဲ ဖြစ်ပါတယ်။ အဲဒီရန်သူတွေကို တိုက်ပွဲဝင်ဖို့အတွက် ကျွန်မတို့ပါတီက ထာဝရလုပ်ဆောင်နေပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများရှင်
ကျွန်မတို့ရှာဖွေတွေ့ရှိထားတဲ့ရန်သူ (၅) မျိုးထဲမှာမှ အသိတရားခေါင်းပါးခြင်းဟာ အဆိုးဆုံးဖြစ်တဲ့အတွက် နိုင်ငံရေးနဲ့ပတ်သက်ဆက်နွှယ်တဲ့ အကြောင်းခြင်းရာတွေ နိုင်ငံရေးစနစ်တွေကို အစဉ်အမြဲ ရှင်းလင်းတင်ပြလျက်ရှိပါတယ်ရှင်။ လူသားတို့သည် တွေး၏၊ ကြံ၏၊ အသစ်အဆန်းတို့ကို ဖန်တီးတည်ဆောက်၏၊ လူသားတို့၏ အတွေးအကြံအမျိုးမျိုးသည် ခက်ဖြာ၍ ဖွံ့ဖြိုးလာသောကြောင့် ဦးတည်ချက်အမျိုးမျိုး၊ ဖန်တီးမှုအမျိုးမျိုးဖြင့် ရပ်တည်နေကြသည်။ ထိုဖြစ်စဉ်များကိုလည်း လွှမ်းမိုးထိန်းချုပ်စေခြင်းငှာမသင့်။ ထို့အထူ အမြင်ကွဲလွဲခြင်းများကြောင့် ရန်ဘက်ဖြစ်နေကြခြင်းကိုလည်း စွန့်လွှတ်ကြရပေမည်။ ကျွန်မတို့ နိုင်ငံသူ နိုင်ငံသားများအနေဖြင့် အခြေခံလိုအပ်ချက်ကြီးများ ပြီးပြည့်စုံပါက မည်သို့ကွဲပြားစွာ ခံစားတည်ဆောက်ကြပါစေ နှစ်လိုဖွယ်သာဖြစ်ပေသည်။ မတူကွဲပြားသော အတွေးအခေါ်အယူအဆအမျိုးမျိုးတို့ကြောင့် လူသားအချင်းချင်း ဖိစီးနှိပ်စက်သတ်ဖြတ်ကြခြင်းကို ကျွန်မတို့က မလိုလားပါဘူး။
လေးစားအပ်ပါသော မိဘပြည်သူများရှင်
ကျွန်မတို့သည် မတူကွဲပြားခြားနားခြင်းအပေါ် အကြောင်းပြု၍ ရန်ပြုတိုက်ခိုက်ခြင်းမရှိဘဲ လူသားအချင်းချင်း အပြိုင်ဖြစ်တည်ခြင်းကို ဦးထိပ်ပန်ဆင်ကာ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်သင့်ပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများရှင်
ကျွန်မတို့ပါတီဟာ နိုင်ငံဖွံ့ဖြိုးရေးနဲ့ပတ်သက်ပြီး ပုဂ္ဂလိကကဏ္ဍများ အားကောင်းသန်စွမ်းရေးဟာ အခရာကျတယ်လို့ ရှုမြင်ပါတယ်။ လူသားတိုင်းဟာ ကာယ၊ ဉာဏ၊ စာရိတ္တ၊ ဘောဂနဲ့ နောက်ခံအသိုင်းအဝိုင်း မတူညီတဲ့အပေါ် မူတည်၍ ဆူကြုံနိမ့်မြင့် ဆင်းရဲချမ်းသာ ကွဲပြားခြားနားသည့် သဘာဝကို လက်ခံယုံကြည်ပါတယ်။ အားလုံးတန်းတူမချမ်းသာနိုင်လျှင် အားလုံးတန်းတူ ဆင်းရဲနေရမည်ဆိုတဲ့ ကွန်မြူနစ်ဆန်သည့် အယူအဆများသည် နိုင်ငံဖွံ့ဖြိုးရေးအတွက် အနှောင့်အယှက်အဟန့်အတားဖြစ်ကြောင်း လက်ခံယုံကြည်ပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်တစ်ဦးသည် ၎င်း၏စီးပွားရေးလုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်ရာမှာ ၎င်းတို့ မိသားစုနှင့်သာ လုပ်ကိုင်ဆောင်ရွက်ကြရသည်မဟုတ် အောက်ဆုံးအဆင့်မှာရှိတဲ့ သန့်ရှင်းရေး အလုပ်သမားကစပြီး လုပ်ငန်းမန်နေဂျာကြီးအထိ အလုပ်သမားများကို ငှားရမ်းလုပ်ကိုင်ကြရပါတယ်။ ထို့ကြောင့် နိုင်ငံတစ်ခုမှာ လုပ်ငန်းရှင်ကြီးများရဲ့ လုပ်ငန်းများ စီးပွားရေးလုပ်ငန်းများ စည်ပင်ထွန်းကားပေါများလျှင် အလုပ်အကိုင်အခွင့်အလမ်းများ ပေါများမှာ ဖြစ်ပါတယ်။
မိဘပြည်သူများရှင်
ကျွန်မတို့နိုင်ငံဟာ ကိုလိုနီဘဝမှ လွတ်လပ်ရေးရယူရာတွင် အင်္ဂလိပ်နယ်ချဲ့အရင်းရှင်ကို တော်လှန်ဆန့်ကျင်၍ လွတ်လပ်ရေးယူရသည်ဖြစ်သောကြောင့် ဆိုရှယ်လစ်အတွေးအခေါ် ကွန်မြူနစ် အတွေးအခေါ် စတဲ့စာပေများကို လေ့လာဖတ်ရှုဖြန့်ဝေလျက် လွတ်လပ်ရေးကို ရယူခဲ့ကြပါတယ်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးစအချိန်တွင် ပါတီစုံဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ထူထောင်ရပ်တည်ခဲ့ကြပါတယ်။ သို့သော်လည်း ထိုစဉ်က နိုင်ငံရေးဦးဆောင်မှုအခန်းကဏ္ဍတွင် ရှိနေသော နိုင်ငံရေးခေါင်းဆောင် မှန်သမျှသည် ဆိုရှယ်လစ်ကွန်မြူနစ်စာပေ၊ ယဉ်ကျေးမှုအရိပ်အောက်တွင် ကြီးပြင်းခဲ့ကြသူများသာ ဖြစ်ပါတယ်။ ထို့ကြောင့် ထိုခေတ်ဒီမိုကရေစီသည် ဆိုရှယ်လစ်ကွန်မြူနစ်တို့၏ ဒီမိုကရေစီသာဖြစ်ပါတယ်။
သို့ရာတွင် နယ်ချဲ့အရင်းရှင်လက်အောက်မှ ကျန်ရစ်ခဲ့သော ပုဂ္ဂလိကလုပ်ငန်းများလည်း သန်စွမ်းလျက်ရှိခဲ့ပါတယ်။
မိဘပြည်သူများရှင့်
ဆိုရှယ်လစ်ကွန်မြူနစ် စီးပွားရေးမူဝါဒများသည် နိုင်ငံတော်မှ ဦးဆောင်သော နိုင်ငံပိုင်လုပ်ငန်းများအဖြစ် ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို လုပ်ကိုင်ကြရပါတယ်။ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ ကုန်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုများကို ခွင့်ပြုပေးခြင်းမရှိပါ။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရမှ ပုဂ္ဂလိကလုပ်ငန်းများကို တစ်စတစ်စ တိုးချဲ့ခွင့်ပြုပေးခဲ့ပါတယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှ မွေးဖွားကြီးပြင်းလာသော လူငယ်များသည် ပုဂ္ဂလိကလုပ်ငန်းများ တစ်စတစ်စ တိုးချဲ့ဖွင့်လှစ်ပေးခဲ့သည်ကို စနစ်ပြောင်းသည်ဟု ရှုမြင်နိုင်မည်မဟုတ်ပါ။ အကြောင်းမှာ စနစ် ဟောင်းကို မသိမြင်ခဲ့ကြ၍ ဖြစ်ပါတယ်။
၂၀၁၀ ခုနှစ်တွင် တပ်မတော်အစိုးရမှ ဒီမိုကရေစီစာမျက်နှာသစ်ကို ဖွင့်လှစ်ပေးခဲ့ပြန်ပါတယ်။ ထိုအချိန်တွင် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်အစိုးရဖြစ်ပေါ်လာပြီး ပုဂ္ဂလိကလုပ်ငန်းများကို ပိုမိုတိုးချဲ့ ဖွင့်လှစ်ပေးခဲ့သဖြင့် တောင်သူလယ်သမားများ မြေယာကို လက်ကိုင်ထားခွင့်ပုံစံ (၇) စနစ်ရရှိလာခြင်း၊ ပုဂ္ဂလိကစက်သုံးဆီဆိုင်များ ဖွင့်လှစ်နိုင်ခြင်း၊ ပုဂ္ဂလိကလေကြောင်းလိုင်းများ၊ မော်တော်ကားလိုင်းများ စည်ပင်ထွန်းကားလာခြင်း၊ ပုဂ္ဂလိကဘဏ်များ စည်ပင်ထွန်းကား လာခြင်း၊ ပုဂ္ဂလိကဆေးရုံများ၊ ပုဂ္ဂလိကကျောင်းများ စည်ပင်ထွန်းကားလာခြင်း၊ ပုဂ္ဂလိကတယ်လီဖုန်းကုမ္ပဏီများ ထူထောင်ဖွင့်လှစ်စည်ပင်လာခြင်းတို့ကို ကြုံတွေ့ခံစားခဲ့ပြီးဖြစ်ပါတယ်။
မိဘပြည်သူများရှင့်
ကျွန်မတို့နိုင်ငံ၏ စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် ယနေ့ကမ္ဘာနှင့် ရင်ပေါင်တန်းနိုင်ရန် ပုဂ္ဂလိကဈေးကွက်စီးပွားရေးသည်သာ သင့်လျော်လျောက်ပတ်သည်ကို ကမ္ဘာကြီးက သက်သေပြပြီးလည်း ဖြစ်ပါတယ်။
မိဘပြည်သူများရှင့်
အခြားအရင်းရှင်နိုင်ငံကြီးတစ်ခုတွင် ပုဂ္ဂလိကလုပ်ငန်းရှင်ကြီးတစ်ဦးက စတားလင့်ဂြိုဟ်တုများကို ၎င်း၏ ကိုယ်ပိုင်စီးပွားရေးဖြင့် လွှင့်တင်လည်ပတ်နေသည်ကို မိဘပြည်သူများသိရှိပြီး ဖြစ်ပါလိမ့် မည်။ ဤလက်တွေ့ဥပမာသည် ပုဂ္ဂလိကလုပ်ငန်းအားကောင်းသန်စွမ်းလျှင် အလုပ်အကိုင်အခွင့်အလမ်းပေါင်းများစွာကို ဖန်တီးနိုင်ပြီး မိဘပြည်သူတစ်ရပ်လုံး လုပ်ခလစာ အလုပ်အကိုင်များ ရရှိမည်မှာ မလွဲဟု ယုံကြည်ပါသည်။ သို့ဖြစ်ပါ၍ နိုင်ငံစီးပွားဖွံ့ဖြိုး ရေးအတွက် ပုဂ္ဂလိကလုပ်ငန်းများ ပိုမိုတိုးချဲ့ခွင့်ပြုပေးနိုင်ပါရန် ကျွန်မတို့၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီအနေဖြင့် အစဉ် တစိုက် တိုက်တွန်းနှိုးဆော်သွားမှာ ဖြစ်ပါတယ်။
မိဘပြည်သူများရှင့်
ကျွန်မတို့၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ မျက်မှောက်ကာလ ဖြစ်ပေါ်နေသော လက်နက်ကိုင်ပစ်ခတ်တိုက်ခိုက်မှုများအား ရပ်စဲလျက် ငြိမ်းချမ်းသော နိုင်ငံရေးလမ်းစဉ်အောက်တွင် မိမိတို့၏ ဒေသခံတိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးရေးအတွက်သော်လည်းကောင်း၊ အေးချမ်းသာယာရေးအတွက်သော်လည်းကောင်း လုပ်ဆောင်ကြရန်သာ ဆန္ဒရှိသည့်အလျောက် တည်ဆဲအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မိဘပြည်သူများရှင့်
မြန်မာနိုင်ငံ အရပ်ရပ်မှာရှိတဲ့ ပြည်သူများအနေဖြင့် လက်နက်ကိုင်ပဋိပက္ခများ၏ ဆိုးကျိုးကို ရင်စည်းခံစားနေကြရပါသည်။ သို့ဖြစ်ပါ၍ လက်နက်ကိုင်ဆောင် ပဋိပက္ခဖြစ်ပွားမည့်အစား မိမိတို့၏ လိုလားချက်များကို စကားလုံးများဖြင့် ပြောဆိုဆွေးနွေးကြသော နိုင်ငံရေးဧရိယာ၌သာ လုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်အပ်ပါတယ်ရှင်။
လေးစားအပ်ပါသော မိဘပြည်သူများရှင့်
ကျွန်မတို့၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ မတူကွဲပြားခွင့်များကို လေးစားတန်ဖိုးထားသည်နှင့်အညီ လူမျိုးရေးအရသော်လည်းကောင်း၊ ဘာသာရေးအရသော်လည်းကောင်း၊ မတူကွဲပြားခွင့်နှုန်းစံများကို ထိန်းသိမ်းသွားမှာ ဖြစ်ပါတယ်။ မတူကွဲပြားခွင့်မပေးသော ဘာသာရေး၊ လူမျိုးရေးအကြောင်းခြင်းရာများကို သဘော တရားရေးရာအရ ဆန့်ကျင်ရှုတ်ချသွားမည်ဖြစ်ပါတယ်။
မိဘပြည်သူများရှင်
ကျွန်မတို့၏ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီဟာ ရာထူးအာဏာအတွက် အဓိကမထားဘဲ အထက်ဖော်ပြပါအကြောင်းခြင်းရာများကို မိဘပြည်သူများ နားလည်သဘောပေါက်သိရှိပြီး ဆုံးဖြတ် ချက်ချနိုင်ရန် အစဉ်တစိုက် ပြောဆိုရေးသား တင်ပြနေမည်ဖြစ်ကြောင်း အသိပေးအပ်ပါတယ်ရှင်။
ကျွန်မတို့မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီ၏ မူဝါဒသည် “လူသားဆန်သော ဒီမိုကရက်တစ် နိုင်ငံသားဝါဒ” ဖြစ်သည်နှင့်အညီ မည်သည့်လူသားဆန်သည့် အယူဝါဒကိုမဆို ရှေးရှုကာကွယ်သွား မည်ဖြစ်ပြီး လူသားအချင်းချင်း ရန်ပြုစော်ကားရန် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေမှုများကို အမျိုးသားရေးရှုထောင့်မှ ကာကွယ်တားဆီး သွားမှာ ဖြစ်ပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများရှင်
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကြီးဟာ နီးကပ်လာပြီဖြစ်ပါတယ်။ အများပြည်သူများအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး ပေါ်ထွန်းလာဖို့အတွက် အမျိုးသားအကျိုးစီးပွားကို ရှေးရှုဆောင်ရွက်သော နိုင်ငံရေးအင်အားစုများ လွှတ်တော်အတွင်း နေရာရရှိဖို့ မိမိတို့ကြိုက်နှစ်သက်ရာနိုင်ငံရေးပါတီများမှ လူပုဂ္ဂိုလ်တို့ကို ရွေးချယ်တင်မြှောက်ပေးကြဖို့ တိုက်တွန်းလိုပါတယ်။ ကျွန်မတို့ မတူကွဲပြားခြင်းနှင့် ငြိမ်းချမ်းရေးပါတီရဲ့ အမှတ်အသားကတော့ အင်တာနက်မှ ပျံ့နှံ့နေသည့် ပုံသဏ္ဌာန်ဖြစ်ပြီး အနီ၊ အဝါ၊ အစိမ်း၊ အပြာရောင်စဉ်များ ဖြာထွက်နေတဲ့ သင်္ကေတဖြစ်ပါတယ်။ အဓိပ္ပာယ် က ခေတ်မီ ဆက်သွယ်ရေး ကိရိယာများနှင့် မိမိတို့၏ နိုင်ငံရေးစာပေများ၊ မိမိတို့ လုပ်ဆောင်ချက်များကို ပျံ့နှံ့စေရမည်ဟူသော ရည်ရွယ်ချက်ကို ညွှန်းဆိုပြသတာပဲ ဖြစ်ပါတယ်။
လေးစားအပ်ပါသော မိဘပြည်သူများရှင်
နိုင်ငံတော်၏ ပကတိအခြေအနေမှာ ရွေးကောက်ပွဲဟာ အင်မတန်မှ အရေးကြီးပါတယ်။ လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပြီး ဥပဒေနှင့်အညီ လွှတ်တော်ဖော်ဆောင်နိုင်မှသာ ရွေးကောက်ပွဲအလွန်မှာ ကျွန်မတို့နိုင်ငံကို နိုင်ငံတကာရဲ့ စီးပွားရေး ပိတ်ဆို့မှုများနှင့် နိုင်ငံရေး အနိုင်အထက်ပြုမှုများ ကင်းရှင်းသွားမှာဖြစ်ပြီး နိုင်ငံတော်ဟာ ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီး ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကလည်း လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲကြီး အောင်မြင်စွာ ကျင်းပနိုင်ဖို့အတွက် အစွမ်းကုန်ကြိုးစားထားပေးထားပါတယ်။ မိမိတို့ကို ဦးဆောင်မယ့်အစိုးရတစ်ရပ်ကို မိမိတို့ကရွေးချယ်ရတာဖြစ်တဲ့အတွက် အမျိုးသားအကျိုးစီးပွားကို ဦးထိပ်ထားဆောင်ရွက်တဲ့ ပါတီလူပုဂ္ဂိုလ်ကို ရွေးချယ်ပေးကြဖို့ တိုက်တွန်းရင်း နိဂုံးချုပ်အပ်ပါတယ်ရှင်။
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။
Posted on Nov 18, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။
Posted on Nov 17, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။
Posted on Nov 16, 2025
၁၃၈၇ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။
Posted on Nov 15, 2025
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက် (၁၄/၂၀၂၅)
Posted on Nov 20, 2025Myanmar National Human Rights Commission Statement No (14/ 2025)
Posted on Nov 20, 2025
