အမျိုးသမီးစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ

အမျိုးသမီးစွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / November 20, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၉

မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းက ကြီးမှူး၍ ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁၇ ရက်မှ ၂၅ ရက်အထိ ကျရောက်သော ကမ္ဘာလုံးဆိုင်ရာ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ရက်သတ္တပတ်-၂၀၂၅ (Global Entrepreneurship Week 2025) နှင့် ယနေ့တွင် ကျရောက်သော အမျိုးသမီး စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းရှင်များနေ့ - ၂၀၂၅ (Women Entrepreneurship Day 2025) ကို ဂုဏ်ပြုသောအားဖြင့် “အတူတွဲတည်ဆောက်ကြမည်၊ သူမအတွက် ရင်းနှီးမြှုပ်နှံကြစို့” ( Together We Build: Invest in Her) ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အခမ်းအနားကို ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး ရန်ကင်းမြို့နယ်ရှိ ဆီဒိုးနားဟိုတယ်၌ ကျင်းပသည်။

အခမ်းအနားသို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းက စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမမှ Virtual စနစ်ဖြင့် တက်ရောက်ပြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်ဌေး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌ၊ မိတ်ဖက်အဖွဲ့အစည်းများ၏ဥက္ကဋ္ဌများ၊ အမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းနာယက၊ အကြံပေးများ၊ ဥက္ကဋ္ဌ၊ အလုပ် အမှုဆောင်များ၊ အသင်းဝင်များနှင့် စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်သည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းအနေဖြင့် အခမ်းအနားများကို နှစ်စဉ်အောင်မြင်စွာကျင်းပပြီး ယခုနှစ်တွင် “အတူတွဲ တည်ဆောက်ကြမည်၊ သူမအတွက် ရင်းနှီးမြှုပ်နှံကြစို့” ဟူသောဆောင်ပုဒ်ဖြင့် အသိပညာပေးဆွေးနွေးသွားမည်ဟု သိရှိရကြောင်း၊ အမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်အများစုသည် အသေးစား၊ အငယ်စား၊ အလတ်စား လုပ်ငန်းများစွာတို့ကို ဦးဆောင်နေကြသည်ဖြစ်ရာ ၎င်းတို့၏ အောင်မြင်မှုသည် နိုင်ငံ၏ အလုပ်အကိုင်ဖန်တီးမှု၊ ဆန်းသစ်တီထွင်နိုင်မှုနှင့် လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အရေးပါကြောင်း၊ “ သူမအတွက် ရင်းနှီးမြှုပ်နှံကြစို့” ဟူသည့် ဆောင်ပုဒ်နှင့်အညီ အမျိုးသမီးများ စီးပွားရေးတွင် ပါဝင်နိုင်ရေး ဝိုင်းဝန်းအားပေးကြရမည် ဖြစ်ကြောင်း။

မြန်မာအမျိုးသမီး စီးပွားရေးစွမ်းဆောင်ရှင်များ အသင်းအနေဖြင့် မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များ၏ စွမ်းပကားကို ကမ္ဘာမှ သိရှိနိုင်ရန် ကမ္ဘာ့နိုင်ငံပေါင်း ၁၂၀ မှ အမျိုးသမီးစီးပွားရေးလုပ်ငန်းရှင်များနှင့်အတူ ဂရိနိုင်ငံတွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ အမျိုးသမီးစွမ်းဆောင်ရှင်များအသင်းညီလာခံသို့ တက်ရောက်ခဲ့ကြပြီး အဖွဲ့ဝင်အဖြစ် အသိအမှတ်ပြုလက်မှတ်ကို လက်ခံရရှိခဲ့ကြောင်း၊ အမျိုးသမီးတိုင်းသည် ဆန်းသစ်သော စိတ်ကူးအိပ်မက်များကို အကောင်အထည်ဖော်နိုင်ပြီး လေးနက်သော စီမံခန့်ခွဲမှုများကို ဆောင်ရွက်နိုင်ကာ နိုင်ငံတစ်ခုတိုးတက်အောင် ဖန်တီးနိုင်ကြောင်းကို ယုံကြည်ပြီး အခွင့်အလမ်းများ အတူတကွဖန်တီးပေး ကြပါရန် ပြောကြားသည်။    

ထို့နောက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီဥက္ကဋ္ဌက ဂုဏ်ပြုအမှာစကား ပြောကြားခြင်း၊ မြန်မာအမျိုးသမီးစီးပွားရေးစွမ်းဆောင်ရှင်များအသင်းဥက္ကဋ္ဌ၊ အကြံပေး၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်ဥက္ကဋ္ဌတို့က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခြင်း၊ ကုမ္ပဏီများ၏ မန်နေဂျင်း ဒါရိုက်တာများက စီးပွားရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ကြပြီး မြန်မာအမျိုး သမီးစီးပွားရေး စွမ်းဆောင်ရှင်များအသင်းဒုတိယဥက္ကဋ္ဌ (၁) နှင့် ဒုတိယဥက္ကဋ္ဌ (၃) တို့က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခြင်းများ ဆောင်ရွက်ကြသည်။

ဆက်လက်၍ စက်မှုဝန်ကြီးဌာနရှိ ရော်ဘာခြံများတွင် တာဝန်ထမ်းဆောင်နေသည့် ခြံတာဝန်ခံများနှင့် တွေ့ဆုံသည့် အခမ်းအနားကို စက်မှုဝန်ကြီးဌာန ရုံးအမှတ် (၃၀) အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးက အမှာစကားပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ်၊ ဦးဆောင်ညွှန်ကြားရေးမှူးနှင့် အထွေထွေမန်နေဂျာတို့က ရော်ဘာထုတ်လုပ်မှု တိုးမြှင့်နိုင်ရေးအတွက် စီမံဆောင်ရွက်ထားရှိမှု၊ ပင်အိုပင်ဟောင်းများ အစားထိုးနိုင်ရေးအတွက် ပျိုးပင်များ စုဆောင်းထားရှိမှုအခြေအနေတို့ကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက လိုအပ်ချက်များကို ပေါင်းစပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်


၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၁ ရက် ၊ နိုဝင်ဘာ ၂၀ ရက်၊ ကြာသပတေးနေ့။


Posted on Nov 20, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလကွယ်နေ့ ၊ နိုဝင်ဘာ ၁၉ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 19, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၄ ရက်၊ နိုဝင်ဘာ ၁၈ ရက်၊ အင်္ဂါနေ့။


Posted on Nov 18, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025
HOT NEWS
January 4,