ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား “သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်ခြင်း
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်အတွင်းရှိ သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအား “သမီးလှကျွန်းအဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်ခြင်း
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / March 24, 2026
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနသည် ၂၀၁၈ ခုနှစ် မေလတွင် ပြဋ္ဌာန်းထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်းသိမ်းရေးနယ်မြေများ ကာကွယ်စောင့်ရှောက်ခြင်းဆိုင်ရာ ဥပဒေ ပုဒ်မ ၁၀၊ ပုဒ်မခွဲ (က)အရ အပ်နှင်းထားသော အခွင့်အာဏာများကို ကျင့်သုံးလျက် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် ငပုတောမြို့နယ်ရှိ “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန်ဘေးမဲ့တော” အား ၎င်းဒေသကမ်းရိုးတန်းနှင့် အဏ္ဏဝါဂေဟစနစ်များ၊ သယံဇာတများ၊ ဇီဝမျိုးစုံမျိုးကွဲများ ရေရှည်တည်တံ့စေပြီး ပေါကြွယ်ဝလာစေရန်နှင့် အဏ္ဏဝါသဘာဝထိန်းသိမ်းရေးနယ်မြေတည်ထောင်မှုကို မြှင့်တင်နိုင်စေရန်ရည်ရွယ်၍ မူလတောရိုင်းတိရစ္ဆာန် ဘေးမဲ့တော ဧရိယာ ၂၁၇ ဒသမ ၆ ဧကအား ရေပြင် ၁၁၈၉၇ ဧကတိုးချဲ့၍ စုစုပေါင်း ၁၂၁၁၄ ဒသမ ၆၀ ဧကဖြင့် “သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် ပြောင်းလဲ၍ ဧရိယာပြင်ဆင်သတ်မှတ်ခြင်းကို အမိန့်ကြော်ငြာစာအမှတ်(၁၈/၂၀၂၆)အရ ၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက် (၂၀၂၆ ခုနှစ်၊ မတ်လ ၁၇ရက်) မှစ၍ ပြင်ဆင်သတ်မှတ်ကြောင်း ကြေညာခဲ့ပါသည်။
သမီးလှကျွန်းသည် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်ငပုတောမြို့နယ် ဟိုင်းကြီးမြို့နယ်ခွဲသမိုင်းဝင်မော်တင်စွန်းဘုရားမှ ရေမိုင် (၆) မိုင်အကွာ ဘင်္ဂလားပင်လယ်အော် (Bay of Bengal)နှင့် အက်ဒမန်ပင်လယ် (Andaman Sea) တို့၏ ရေကြောင်းများဆုံရာအနီး ငဝန်မြစ် (ပုသိမ်မြစ်ဝ)၌ တည်ရှိပါသည်။ မြေမျက်နှာသွင် ပြန့်ပြူးပြီး ပင်လယ်ရေမျက်နှာပြင်အထက် (၈) ပေမှ (၁၁) ပေအတွင်း၌ တည်ရှိပါသည်။ ရှေးယခင် ဗြိတိသျှအစိုးရ လက်ထက်က ကျွန်း၏ပုံသဏ္ဌာန်နှင့် သဲသောင်များ၏ တောက်ပမှုကိုအစွဲပြု၍ Diamond Island “စိန်ကျွန်း” ဟူ၍လည်းကောင်း၊ ထို့နောက် ပင်လယ်လိပ်များကို စီမံချက်ဖြင့်ထိန်းသိမ်းမွေးမြူခဲ့သဖြင့် “လိပ်ကျွန်း” ဟူ၍လည်းကောင်း ခေါ်ဆိုခဲ့ကြပြီး ရှားပါးပင်လယ်လိပ်များနှင့် ၎င်းတို့ ဥချသားပေါက် ရာဒေသများ၊ ကျွန်းပေါ်ရှိ ဂေဟစနစ်များအား ဥပဒေအရ အပြည့်အဝထိန်းသိမ်းကာကွယ်နိုင်ရန် အလို့ငှာ (၁၂-၁၀-၁၉၇၀) ရက်နေ့တွင် အမိန့်ကြော်ငြာစာ အမှတ် (၂၈၉) ဖြင့် “သမီးလှကျွန်း တောရိုင်းတိရစ္ဆာန် ဘေးမဲ့တော” အဖြစ် သတ်မှတ်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပါသည်။
သမီးလှကျွန်းသည် ကြည်လင်သော ပင်လယ်ပြင်အတွင်း စိမ်းလန်းသောကျွန်းနှင့် ဖြူဖွေးသန့်ရှင်းသော သဲသောင်ပြင်များကြောင့် ထင်ရှားသည့်အပြင် ကမ္ဘာ့ရှားပါးစာရင်းဝင်နှင့် ကျန် ပင်လယ်လိပ်များ တစ်နှစ်ပတ်လုံး လာရောက်ဥချသည့် မြန်မာ့တစ်နေရာတည်းသော ကျွန်းအဖြစ်ထင်ရှားပါသည်။ သမီးလှကျွန်း၌ ရွက်ပြတ်တော၊ ရောနှောတော၊ အမြဲစိမ်းတော၊ ဒီရေတော အမျိုး အစားများတွေ့ရှိရပြီး အများစုမှာ ဒီရေတောဂေဟ စနစ်အဖြစ် ဗြူးအုပ်ဆောင်း၊ ဗြူးခြေထောက်ဖို၊ သင်ပေါင်း၊ ဗြူးခြေထောက်မ၊ ကနစို၊ ခရာ၊ ဓနိ၊ ပင်လယ်အုန်း၊ မိကျောင်းနွယ်အပင်များ ပေါက်ရောက်ပါသည်။ တောရိုင်းတိရစ္ဆာန်များအနေဖြင့် ကမ္ဘာ့ရှားပါးပင်လယ်လိပ်မျိုးများဖြစ်သည့် ပြင်သာလိပ်၊ လိပ်စိမ်း၊ လိပ်လှောင်း၊ လိပ်ခွေး၊ လိပ်ခေါင်တန်းတို့ ဥချသားပေါက်ရာ ဒေသဖြစ်ပြီးလင်းပိုင်၊ ရေဝက်၊ လင်းရှူး၊ ပုစွန်၊ ကဏန်းနှင့် ငါးမျိုးစိတ်များ ရှင်သန် ကျက်စားရာနေရာဖြစ်သကဲ့သို့ ဒရယ်၊ လင်းဆွဲ၊ ချိုး၊ ဗွတ်ကလုံ၊ လင်းယုန်၊ မြေဝပ်၊ ငှက်ဝါ၊ ငှက်ခါး၊ စွန်၊ ဆက်ရက်၊ ပိန်ညင်း၊ ရေကြက်နှင့် ဝန်ပို/ဝန်လို ကဲ့သို့သောကုန်းနေနှင့် ငှက်မျိုးစိတ်များအတွက် နားခိုကျက်စားရာ နေရာဒေသတစ်ခုလည်းဖြစ်ပါသည်။
“သမီးလှကျွန်း အဏ္ဏဝါအမျိုးသားဥယျာဉ်” အဖြစ် သတ်မှတ်ဖွဲ့စည်းခြင်းဖြင့် မြန်မာနိုင်ငံ၏ စတုတ္ထမြောက် အဏ္ဏဝါအမျိုးသားဥယျာဉ် သဘာဝထိန်းသိမ်းရေးနယ်မြေအဖြစ် သတ်မှတ်နိုင်မည် ဖြစ်ပြီး ၎င်းဒေသရှိ ကမ်းရိုးတန်း၊ အဏ္ဏဝါဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုးကွဲများအား ထိန်းသိမ်းစောင့်ရှောက် နိုင်မည်ဖြစ်ခြင်း၊ သန္တာကျောက်တန်းများအား ရေရှည်တည်တံ့တိုးပွားစေကာ အဏ္ဏဝါမျိုးစိတ်များ၏ ရှင်သန်သားပေါက်ရာနေရာအဖြစ် ထိန်းသိမ်းနိုင်ပြီး ရေပေါ်ရေအောက် ဇီဝမျိုးစုံမျိုးကွဲများ တိုးပွားလာစေမည်ဖြစ်ခြင်း၊ ပင်လယ်လိပ်မျိုးစိတ် များ၏ သားပေါက်ရာနေရာများ ထိန်းသိမ်းနိုင် မည်ဖြစ်သကဲ့သို့ သမိုင်းဝင်မြတ်မော်တင်ဘုရားနှင့် နီးကပ်စွာတည်ရှိသဖြင့် ဘုရားဖူးလာသော အများပြည်သူများ အပန်းဖြေလေ့လာနိုင်ပြီး သုတေသနလုပ်ငန်းများဆောင်ရွက်နိုင်သဖြင့် သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက် လာစေခြင်းနှင့် အဏ္ဏဝါမျိုးစိတ်များ သုတေသနပြုလေ့လာနိုင်သည့် အခွင့်အလမ်းများ တိုးတက်ရရှိစေခြင်း စသည့် အကျိုးကျေးဇူးများစွာ ရရှိစေမည် ဖြစ်ပါသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်
ထိန်းသိမ်းရေးဝန်ကြီးဌာန
အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်နေသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံတွင် စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး ပူးပေါင်းဆောင်ရွက်ကြပါရန် အသိပေးထုတ်ပြန်ချက်
Posted on Mar 22, 2026အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပေါ်လျက်ရှိသည့် စစ်ရေးပဋိပက္ခကြောင့် မိမိတို့နိုင်ငံအတွင်း စက်သုံးဆီသုံးစွဲမှု အခက်အခဲမဖြစ်ပေါ်စေရေး စွမ်းအင်ဝန်ကြီးဌာနအနေဖြင့် စောင့်ကြည့်၊ ကြပ်မတ်၊ ထိန်းကျောင်းမှုများ ဆောင်ရွက်လျက်ရှိပါသည်။
အပတ်စဉ်ဗုဒ္ဓဟူးနေ့အား အစိုးရရုံးဌာနများ၏ ရုံးလုပ်ငန်းများကို နေအိမ်မှသာဆောင်ရွက်ကြရန် သတ်မှတ်ကြေညာ
Posted on Mar 22, 2026၁။ အရှေ့အလယ်ပိုင်းပဋိပက္ခကြောင့် ဖြစ်ပေါ်လာနိုင်သည့် စက်သုံးဆီရှားပါးမှုကို ကြိုတင်ကာကွယ်ရန်ရည်ရွယ်၍ စုံ ၊ မ ယာဉ်သုံးစွဲသည့်စနစ်နှင့် စက်သုံးဆီဝယ်ယူသည့်စနစ်တို့ကို သတ်မှတ်ကြေညာခဲ့ပြီးဖြစ်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခဲ့သည့်နည်းတူ နိုင်ငံတော်အစိုးရအနေဖြင့်လည်း စက်သုံးဆီတင်သွင်းရရှိရေးကို နည်းလမ်းမျိုးစုံဖြင့် အတတ်နိုင်ဆုံး ကြိုးပမ်းဆောင်ရွက်လျက်ရှိပါသည်။ လက်ရှိတွင် လုံလောက်သော စက်သုံးဆီအရန်ရှိသော်လည်း အနာဂတ်တွင်ဖြစ်လာနိုင်သော စွမ်းအင်ဆိုင်ရာ စိန်ခေါ်မှုများအတွက် ကြိုတင်ပြင်ဆင်သည့်အနေဖြင့် စက်သုံးဆီသုံးစွဲမှုကို ချွေတာလျှော့ချရန်ရည်ရွယ်ကာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများသည် သက်ဆိုင်ရာရုံးဌာနများသို့သွားရောက်ခြင်းမပြုဘဲ မိမိနေထိုင်ရာ နေအိမ်၊ အဆောင်များတွင်သာ ရုံးလုပ်ငန်းဆောင်ရွက်ခြင်းအား ၂၀၂၆ ခုနှစ်၊ မတ်လ ၂၅ ရက်နေ့မှစတင်ပြီး အပတ်စဉ် ဗုဒ္ဒဟူးနေ့တိုင်းဆောင်ရွက်သွားကြရန် သတ်မှတ်ကြေညာလိုက်ပါသည်။ ထိုသို့ သတ်မှတ်ကြေညာခြင်းသည် စက်သုံးဆီချွေတာရန်ဖြစ်သည့်အားလျော်စွာ အစိုးရရုံးဌာနများမှ အရာထမ်း၊ အမှုထမ်းများအနေဖြင့် အဆိုပါရက်တွင် တာဝန်မှအပ ခရီးသွားလာမှုမပြုရန်နှင့် ယာဉ်သုံးစွဲမှုမပြုကြရန်ဖြစ်ပါသည်။
