ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ သီဟရာဇာအလိုတော်ပြည့် စေတီတော်မြတ်ကြီးထီးတော်တင် မင်္ဂလာအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော် မြောင်းမြမြို့၊ မြစိမ်းရောင်တောင်တော် သာသနာ့နယ်မြေ သီဟရာဇာအလိုတော်ပြည့် စေတီတော်မြတ်ကြီးထီးတော်တင် မင်္ဂလာအခမ်းအနားတက်ရောက်
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့/ ပုသိမ် / May 26, 2026
ပုသိမ် မေ ၂၄
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့၊ ကညင်ချောင်းကျေးရွာ မြစိမ်းရောင် တောင်တော် သာသနာ့နယ်မြေရှိ သီဟရာဇာအလိုတော်ပြည့် စေတီတော်မြတ်ကြီး ထီးတော်တင် မင်္ဂလာအခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါစေတီတော် မြတ်ကြီးတွင် ကျင်းပခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအေးကျော်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် ၎င်းတို့၏ဇနီးများ၊ ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများတက်ရောက် ဖူးမြော်ကြည်ညို ခဲ့ကြသည်။
ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ထီးတော်ဘုံအဆင့်ဆင့်နှင့် ဆတ်သွားဖူး၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်အား ပန်းရထားဖြင့် ပင့်ဆောင်ဆက်ကပ် လှူဒါန်း၍ ထီးတော်တင်ခဲ့ကြပြီး ကြွရောက်တော်မူလာကြသော ဆရာတော်သံဃာတော် အရှင်သူမြတ်များက ဗုဒ္ဓါဘိသေက အနေကဇာတင် ပူဇော်ခဲ့ကြပါသည်။ ထို့နောက် မြစိမ်းရောင်တောင်တော်ရှိ သာသနာ့နယ်မြေတွင် အလှူရှင်များနှင့် စုပေါင်း၍ ငါးနှစ်တာကာလအတွင်း ဆောင်ရွက်နိုင်ခဲ့သည့် ဘက်စုံသာသနာပြုလုပ်ငန်း များအား ကမ္ပည်းရေးထိုးမော်ကွန်းတင် ကျောက်စာတိုင် ဖွင့်လှစ်ခြင်းအခမ်းအနားကို ဆက်လက်ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကမ္ပည်းမော်ကွန်းတင် ကျောက်စာ တိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးပြီး တာဝန်ရှိသူများနှင့်အတူ အမွှေးနံ့သာရည်များ ပက်ဖျန်းပေးကာ စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။
ဆက်လက်၍ မြောင်းမြမြို့နယ်၊ ကညင်ချောင်းကျေးရွာအုပ်စု၊ မြစိမ်းရောင် တောင်တော်ရှိ ပေ(၁၀၀-၂ဝဝ) သာသနာ့ဗိမာန်တော်ကြီးတွင် သီဟရာဇာ အလိုတော်ပြည့် စေတီတော်မြတ်ကြီး ထီးတော်တင်ရေစက်ချပွဲ၊ မြစိမ်းရောင်ဆရာတော် ဘုရားကြီး၏ (၁၀၃)နှစ်မြောက်အထိမ်းအမှတ်အလှူတော်ပွဲ၊ ပေတစ်ရာ၊ ပေနှစ်ရာ သာသနာ့ ဗိမာန်တော် အမိုးမျက်နှာကြက်လှူဒါန်းမှုအား အလှူရေစက်ချပွဲ၊ သုဓမ္မာဇရပ် ဆောက်လုပ်ပြီးစီးမှု ရေစက်ချပွဲ၊ အလှူရှင်မိသားစုများ၏ မတည်အလှူငွေများ ပေးအပ်လှူဒါန်းပွဲ၊ မြစိမ်းရောင်သာသနာ့နယ်မြေ မ,တည်အလှူရှင်များ၏ ထပ်ဆင့် ဂုဏ်ပြုခြင်းမင်္ဂလာအခမ်းအနားများကို ကျင်းပရာ အခမ်းအနားသို့ ကြွရောက်တော် မူလာကြသည့် ဆရာတော်ကြီးများနှင့် ဧည့်ပရိသတ်များက “နမောတဿ” သုံးကြိမ် ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့ဝင် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ)အလယ်တောရ ဆရာတော် ဘဒ္ဒန္တ ပညာသီဟထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ခဲ့ကြကာ တိုင်းဒေသကြီးဝန်ကြီးချုပ်က သာသနာရေး ဆိုင်ရာကိစ္စရပ်များ တင်ပြလျှောက်ထားခဲ့ပါသည်။
ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် ဇနီးများ၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီးနောက် မြစိမ်းရောင်သာသနာ့နယ်မြေအတွက် အလှူငွေများ ပေးအပ်လှူဒါန်းရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး မြစိမ်းရောင် သာသနာ့နယ်မြေအကျိုးတော်ဆောင်က ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ပါသည်။ဆက်လက်၍ နိုင်ငံတော်မှချီးမြှင့်သည့် အမြင့်ဆုံးသာသနာနုဂ္ဂဟဘွဲ့ရရှိသော မတည်အလှူရှင်ကြီးများအား တိုင်းဒေသကြီးဝန်ကြီးချုပ်က ထပ်ဆင့်ဂုဏ်ပြုပေးအပ်ခဲ့ပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဝင် (အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ) အလယ်တောရဆရာတော် ဘဒ္ဒန္တပညာသီဟထံမှ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဧည့်ပရိသတ်များက အနုမောဒနာတရားများနာကြား၍ လှူဒါန်းခဲ့သော ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကာ “ “ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု” သုံးကြိမ် ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ပြီး ဆရာတော် သံဃာတော် အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရှိရပါသည်။
၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
Posted on Jan 31, 2025၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲတွင် စိစစ်တွေ့ရှိရသည့် “မဲမသမာမှုနှင့် တရားမဲ့ပြုကျင့်မှုများ”ကို Website နှင့် Mobile Application တို့တွင် လေ့လာဖတ်ရှုနိုင်ပြီ
CrowdStrike Falcon Update နှင့်ပတ်သက်သည့် သတိပေးကြေညာချက်
Posted on Jul 19, 2024
