သဘာ၀ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှု ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
သဘာ၀ဘေးစီမံခန့်ခွဲမှု လုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှု ဆိုင်ရာ ဆွေးနွေးပွဲကျင်းပ
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / July 30, 2019
နေပြည်တော် ဇူလိုင် ၃၀
သဘာ၀ဘေးအန္တရာယ် စီမံခန့်ခွဲမှု လုပ်ငန်းများတွင် နည်းပညာ အသုံးပြုမှုဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် ပိုင်းတွင် နေပြည်တော်ရှိ သင်္ဂဟဟိုတယ်၌ကျင်းပသည်။
အခမ်းအနားတွင် အမျိုးသား သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ယနေ့ ရာသီဥတု ပြောင်းလဲလာမှု အခြေအနေများနှင့်အတူ သဘာ၀ဘေးအန္တရာယ် ဖြစ်ပွားမှုပုံစံများ ပြောင်းလဲ လာခြင်းကြောင့် မြန်မာနိုင်ငံ အနေဖြင့်လည်း အခြား ကမ္ဘာ့နိုင်ငံများနည်းတူ ထိုအခြေအနေများကို ရင်ဆိုင် ကြုံတွေ့ နေရပါကြောင်း၊ မိမိတို့ အနေဖြင့် ပြောင်းလဲဖြစ်ပေါ်လာသည့် သဘာ၀ဘေးအန္တရာယ်များကို ထိခိုက် ဆုံးရှုံးမှု အနည်း ဆုံးဖြင့် ရင်ဆိုင်တုံ့ပြန်နိုင်ရေး စီမံခန့်ခွဲမှုပုံစံများကိုလည်း ပြောင်းလဲ ဆောင်ရွက်လာရကြောင်း၊ ထိုသို့ ဆောင်ရွက်ရာတွင် လူ့အသက် ဆုံးရှုံးမှုများ၊ ထိခိုက် ဒဏ်ရာရရှိမှုများ နည်းပါးစေရေး၊ ပစ္စည်း ဥစ္စာ ဆုံးရှုံးမှုများ လျော့နည်းစေရေး တို့ကို အဓိက ဦးတည် ဆောင်ရွက်နေ ပါကြောင်း၊ မြန်မာ နိုင်ငံအနေဖြင့် သဘာ၀ဘေး စီမံခန့်ခွဲမှု လုပ်ငန်းများကို ပိုမိုထိရောက်သော နည်းလမ်းများဖြင့် ဆောင်ရွက်လျက်ရှိရာတွင် ပုံမှန် လုပ်ငန်း စဉ်များအတိုင်း ဆောင်ရွက်သကဲ့သို့ နည်းပညာအသုံးပြု ဆောင်ရွက်ခြင်းသည်လည်း အရေးကြီးသည့် ကဏ္ဍ တစ်ရပ်ဖြစ်ကြောင်း။
ထိုကဲ့သို့ နည်းပညာအသုံးပြုကာ ပိုမိုတိကျသည့် အချက်အလက်များရရှိပြီး ဆောင်ရွက် နိုင်ခြင်းဖြင့် သဘာဝ ဘေးကြောင့် ထိခိုက်ဆုံးရှုံးမှု လျော့နည်းစေရေးတွင် များစွာအကျိုး ရှိပါကြောင်း၊ နည်းပညာအသုံးပြုနိုင်မှု အခြေ အနေကို ကြည့်ပါကလည်း နည်းပညာဆိုင်ရာ ပစ္စည်း ကိရိယာများအသုံးပြုနိုင်မှုနှင့် အဆိုပါပစ္စည်း ကိရိယာ များကို ကိုင်တွယ်သုံးစွဲနိုင်သည့် ကျွမ်းကျင်သူလူ့စွမ်းအားအရင်းအမြစ် လိုအပ်ချက်များ ရှိကြောင်း၊ မိမိတို့ ဝန်ကြီး ဌာန အနေဖြင့် လည်း နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ ပေါ်ထွက်လာရေး နည်းပညာ ဆိုင်ရာ အဖွဲ့ အစည်း များနှင့်ပူးပေါင်းကာ သင်တန်းများဖွင့်လှစ်ခြင်း၊ လက်တွေ့လေ့ကျင့်ခြင်းများလည်း ဆောင်ရွက် လျက်ရှိ ပါကြောင်း၊ မိမိတို့ဝန်ကြီးဌာနအနေဖြင့် ပိုမိုထိရောက်ကောင်းမွန်သည့် သဘာ၀ဘေးစီမံ ခန့်ခွဲမှု များဖြစ်စေရေး ကြိုးပမ်း ဆောင်ရွက်လျက် ရှိရာတွင် နည်းပညာပိုင်းဆိုင်ရာအဖွဲ့အစည်းများ၊ ကုမ္ပဏီကြီးများနှင့် ပူးပေါင်း ဆောင်ရွက် သွားရန်လည်း အမြဲတမ်း အဆင့်သင့်ရှိနေပါ ကြောင်း။
တောင်နဝင်း(ပင်မ)တမံ မျက်နှာပြင်ကျိုးပေါက်မှုဖြစ်စဉ်နှင့်ပတ်သက်၍ ကြိုတင်ပြင်ဆင် မှုများဆောင်ရွက်ရာတွင် မိမိတို့ဝန်ကြီးဌာနအနေဖြင့် မြန်မာနိုင်ငံလေကြောင်းနှင့် အာကာသ ပညာတက္ကသိုလ်(မိတ္ထီလာ)၊ ASIA AIR SURVEY MYANMAR Co. Ltd. တို့နှင့်ပူးပေါင်းပြီး ဆောင်ရွက်ခဲ့ကြောင်း၊ “ထိရောက်သော ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း အစီအစဉ်များ ချမှတ်ဆောင်ရွက်ခြင်းဖြင့် ဘေးအန္တရာယ်များကို ကြံ့ကြံ့ခံရင်ဆိုင် တုံ့ပြန် နိုင်စွမ်းရှိသော လူ့အသိုက်အဝန်း ဖြစ်ပေါ်စေရေးနှင့် ဘေးဒဏ်ခံစားရသော ပြည်သူများအတွက် ပိုမို ကောင်းမွန် သည့် လူနေမှုဘဝရရှိစေရေး”ဆိုသည့် မူဝါဒနဲ့အညီ ပြည်သူများအပါအဝင် အားလုံးနှင့်အတူ ပူးပေါင်းဆောင်ရွက်လျက် ရှိပါကြောင်း၊ ယခု ဂျပန်နိုင်ငံ၏ သဘာ၀ဘေးစီမံခန့်ခွဲမှုလုပ်ငန်း များတွင် နည်းပညာ အသုံးပြုမှု အခြေအနေများကို လာရောက်မျှဝေခြင်းအားဖြင့်လည်း မြန်မာနိုင်ငံ ၏ သဘာ၀ဘေး စီမံခန့်ခွဲမှု လုပ်ငန်းများအတွက် များစွာအကျိုးရှိပါကြောင်း ပြောကြားသည်။
ထို့နောက် Asia Air Survey Co.,Ltd မှ Managing Director, Mr.MAYA Manabu က ဘေးအန္တရာယ်ဆိုင်ရာ လုပ်ငန်း ဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးတင်ပြသည်။
ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ၌ သဘာ၀ဘေးစီမံခန့်ခွဲမှုဆိုင်ရာ ဖွဲ့စည်းဆောင်ရွက်မှုများ၊ သဘာ၀ဘေး လျော့ပါး ရေး ဆိုင်ရာဆောင်ရွက်ချက်များ၊ အရေးပေါ်အခြေအနေစီမံခန့်ခွဲမှုဗဟိုဌာန (EOC)၏ လုပ်ငန်း ဆောင်ရွက် ချက်များ၊ ဂျပန်နိုင်ငံ၌ မြေပြိုမှုများ၊ ငလျင်ဘေး အန္တရာယ် များနှင့် အခြား သဘာဝဘေး အန္တရာယ် ဖြစ်ပွား မှုများတွင် နည်းပညာအသုံးပြုဆောင်ရွက်မှု အခြေအနေများ၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု လုပ်ငန်း များတွင် မောင်းသူမဲ့လေယာဉ်များ ပေါင်းစပ်ထည့်သွင်းအသုံးချနိုင်မှုနှင့် စပ်လျဉ်း၍ ဌာနဆိုင်ရာများမှ တာဝန် ရှိသူများ၊ နည်းပညာ ဆိုင်ရာ ပညာရှင်များ၊ ပြည်တွင်း/ပြည်ပအရပ် ဖက်လူမှုအဖွဲ့အစည်းများမှ တာဝန် ရှိသူများ က မျှဝေ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)
မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီ ကြေညာချက်အမှတ် ၃ / ၂၀၂၆
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
Posted on Apr 10, 2026ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌများ ခန့်အပ်တာဝန်ပေးခြင်း
