တောင်သူလယ်သမားများသို့ အသိပေးကြေညာခြင်း


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 13, 2019


စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန အနေဖြင့် စိုက်ပျိုးရေ ပေးဝေနိုင်ရေး ရည်ရွယ်တည်ဆောက်ထားသည့် ရေလှောင်တမံများတွင် ယခုနှစ်မိုးရာသီ၌ ရေဝင်ရောက်မှုနည်းပါးလျက်ရှိပြီး အထူးသဖြင့် စိုက်ပျိုးရေပေးဝေခြင်းအပြင် ရေအားလျှပ်စစ်ပါ တွဲဖက်ထုတ်လုပ်လျက်ရှိသော သဖန်းဆိပ်၊ ကင်းတား၊ ဆည်တော်ကြီး၊ မြို့ကြီး စသည့် ဘက်စုံ ရေလှောင် တမံကြီးများတွင် တမံအတွင်း ရေလှောင် ပမာဏများမှာ ယခင်နှစ်ကာလတူ ပမာဏများနှင့် နှိုင်းယှဉ်လျှင် များစွာလျော့နည်းလျက်ရှိပါသည်။ အဆိုပါ ရေလှောင်တမံကြီးများမှာ လက်ရှိတွင် မိုးစပါးစိုက်ပျိုးရေ ပေးဝေလျက်ရှိပြီး ဒေသတွင်း သောက်သုံးရေလည်း လိုအပ်သလို ပေးဝေရလျက်ရှိပါ သည်။

ဤကဲ့သို့ ရေလှောင်ပမာဏများ လျော့နည်းနေမှု အခြေအနေများအရ မိုးကောင်းသောက်ဧရိယာမဟုတ် သော ဒေသများတွင် မိုးစပါးစိုက်ပျိုး ရေပေးဝေရသည့် ရေလှောင်တမံများအနေဖြင့် နှစ်စဉ်လျာထားစိုက်ပျိုးသည့် မိုးစပါးစိုက်ဧကများအပေါ်တွင် စိုက်ပျိုးရေကို အထူးခြိုးခြံ ချွေတာပြီး အလေအလွင့်မရှိ အနည်းဆုံးပမာဏဖြင့် ပေးဝေနိုင်ရန်အတွက် စိုက်ခင်းအတွင်း ရေစီမံခန့်ခွဲမှု လုပ်ငန်းများကို ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ဝန်ထမ်းများအနေဖြင့် ဒေသဆိုင်ရာအုပ်ချုပ် ရေးအဖွဲ့အစည်းများ၊ ရေသောက်တောင်သူများနှင့် ပူးပေါင်း၍ စီမံဆောင်ရွက်ပေးလျက်ရှိပါသည်။

မိုးစပါးအောင်ရေအထိ စိုက်ပျိုးရေပေးဝေပြီးနောက် တွင် တမံအတွင်း ကျန်ရှိ သိုလှောင်ရေပမာဏအပေါ် မူတည်၍ ဒေသသောက်သုံးရေလိုအပ်ချက်ကို ဦးစားပေး လျာထားပြီးမှ နွေစပါးနှင့် အခြားသီးနှံ စိုက်ပျိုးရေပေးဝေ မည့်ဧကများကို လျာထား စီမံသွားရမည်ဖြစ်ပါသည်။

မိုးစပါး စိုက်ပျိုးရေပေးဝေနေရသည့် ရေလှောင်တမံ များတွင် ယခုလက်ရှိ ရေဝင်ရောက်မှု လျော့နည်းနေသည့် အခြေအနေအရ စိုက်ပျိုးရေ ရယူသုံးစွဲလျက်ရှိသော တောင်သူလယ်သမားများအနေဖြင့် ဆည်ရေကို အထူး ခြိုးခြံချွေတာပြီး အလေအလွင့်မရှိအောင် ရယူသုံးစွဲကြရန်၊ ရေသောက် တောင်သူအချင်းချင်း ညီညွတ်မျှတသည့် စိတ်ဓာတ်ဖြင့် ဌာနမှသတ်မှတ်ထားသည့် ရေလှည့်ဇယား များအတိုင်း လိုက်နာဆောင်ရွက်ကြရန်နှင့် စိုက်ပျိုးရေ အခက်အခဲများ ဖြစ်ပေါ်ပါက သက်ဆိုင်ရာဒေသရှိ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲ ရေးဦးစီး ဌာနမှ တာဝန်ခံဝန်ထမ်းများနှင့် ဆက်သွယ်ပြီး ညှိနှိုင်းစီမံ ဆောင်ရွက်ကြ ရန်ဖြစ်ပါသည်။

ယခုမိုးရာသီအကုန်၌ ရေလှောင်တမံများတွင် ရေဝင်ရောက်မှုနှင့် သိုလှောင်ထားနိုင်မှု အခြေအနေများ အပေါ် မူတည်၍ နွေစပါးနှင့် အခြားသီးနှံစိုက်ပျိုးရာသီတွင် ရေလိုအပ်ချက်နည်းသော သီးနှံပုံစံအတွဲကို ပြောင်းလဲ စိုက်ပျိုးရန်လိုအပ်လာပါက တောင်သူလယ်သမားများ အနေဖြင့် သက်ဆိုင်ရာမြို့နယ် စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ များနှင့် ကြိုတင်ညှိနှိုင်းဆွေးနွေး စီမံဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန