နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံခရီးစဉ် နှင့်ပတ်သက်သည့် သတင်းထုတ်ပြန်ချက်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / June 08, 2019


၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ချက်သမ္မတနိုင်ငံ၊ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ်၏ ဖိတ်ကြားချက်အရ ချက်သမ္မတနိုင်ငံသို့ ၁-၆-၂၀၁၉ ရက်နေ့မှ ၄-၆-၂၀၁၉ ရက်နေ့အထိ တရားဝင်ခရီးစဉ် သွားရောက်ခဲ့ပြီးနောက် ဟန်ဂေရီနိုင်ငံသို့ ၄-၆-၂၀၁၉ ရက်နေ့မှ ၇-၆-၂၀၁၉ ရက်နေ့အထိ အလုပ်သဘောခရီးစဉ် သွားရောက်ခဲ့သည်။

ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်အားတွေ့ဆုံ

၂။ ၃-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်ရုံး၌ ကျင်းပပြုလုပ်သည့် ဂုဏ်ပြုကြိုဆိုပွဲ အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ်နှင့် နှစ်နိုင်ငံဆွေးနွေးပွဲကို ပြုလုပ်ခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာ-ချက် နှစ်နိုင်ငံအကြား သမိုင်းကြောင်း အစဉ်အလာအရ တည်ရှိခဲ့သည့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို အရှိန်အဟုန်မြှင့်တင် သွားနိုင်ရေး၊ နှစ်နိုင်ငံ ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေး၊ နှစ်နိုင်ငံ ပြည်သူများအကြား ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား တိုက်ရိုက်လေကြောင်း ပျံသန်းပြေးဆွဲနိုင်မည့် အလားအလာများ ရှာဖွေရေး၊ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းကဏ္ဍ မြှင့်တင်ရေး၊ ပညာရေး၊ ကျန်းမာရေးနှင့် ယဉ်ကျေးမှုကဏ္ဍတွင် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေး၊ နှစ်နိုင်ငံအဆင့်မြင့် ခေါင်းဆောင်များအကြား အပြန်အလှန်လည်ပတ်မှု မြှင့်တင်နိုင်ရေးတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်အား မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ရန်လည်း ဖိတ်ကြားခဲ့ရာ ချက်သမ္မတနိုင်ငံဝန်ကြီးချုပ်က ဖိတ်ကြားချက်ကို ဝမ်းမြောက်စွာ လက်ခံခဲ့သည်။

၃။ ဆွေးနွေးပွဲအပြီးတွင် ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်နှင့်အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပရာ့ဂ်မြို့ရှိ Hrzansky Palace ၌ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ်မှ တည်ခင်းဧည့်ခံသော နေ့လည်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

ချက်သမ္မတနိုင်ငံ သမ္မတနှင့်တွေ့ဆုံ

၄။ ၄-၆-၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ သမ္မတရုံးတွင် သမ္မတ မစ္စတာ မီလိုဇီးမင်းနှင့် တွေ့ဆုံခဲ့သည်။ ထို့သို့တွေ့ဆုံရာတွင် မြန်မာ-ချက်နှစ်နိုင်ငံအကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ မြန်မာနိုင်ငံနှင့် ချက်သမ္မတနိုင်ငံတို့၏ နိုင်ငံရေး၊ စီးပွားရေး ဖြစ်ပေါ်တိုးတက်မှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာအခြေအနေများ၊ မြန်မာအစိုးရမှ ကြိုးပမ်းဆောင်ရွက်နေသည့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

ချက်သမ္မတနိုင်ငံ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌမှ ညစာဖြင့် တည်ခင်းဧည့်ခံ

၅။ ညနေပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံလွှတ်တော်၌ အထက်လွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စတာ ဂျန် ဟော်နစ် မှ တည်ခင်းဧည့်ခံသော ညစာစားပွဲတက်ရောက်ခဲ့ပြီး နှစ်နိုင်ငံဆက်ဆံရေး၊ လွှတ်တော်ချင်း ထိတွေ့ဆက်ဆံမှု မြှင့်တင်ရေးကိစ္စများ ဆွေးနွေးခဲ့သည်။

ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသော အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်

၆။ ၄-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ၊ နိုင်ငံခြားရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောမတ်စ် ပက်ထရစ်ချက်ခ်မှ တည်ခင်းဧည့်ခံသော အလုပ်သဘော နံနက်စာစားပွဲသို့ တက်ရောက်ခဲ့သည်။ နံနက်စာစားပွဲတွင် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး၊ ကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့်ရေး၊ နှစ်နိုင်ငံအကြား ဖွဲ့စည်းထားသည့် ပူးပေါင်းဆောင်ရွက်ရေး ယန္တရားများမှတစ်ဆင့် နှစ်ဖက်ထိတွေ့ ဆက်ဆံမှု မြှင့်သွားရေး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကာလ ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများနှင့် ပတ်သက်၍ အမြင်ချင်းဖလှယ်ခဲ့ကြသည်။

ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌမှ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ

၇။ ၄-၆-၂၀၁၉ ရက်နေ့တွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ အောက်လွှတ်တော်ဥက္ကဋ္ဌ မစ္စတာ ရာဒက် ဗွန်ဒရာဆက် မှ တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

ဂုဏ်ပြုပန်းစည်းချခြင်း

၈။ ၃-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပရာ့ဂ်မြို့ရှိ ချက်သမ္မတနိုင်ငံ၊ သမ္မတဟောင်း H.E. Mr. Vaclav Havel ၏ ဂူဗိမာန်သို့ သွားရောက်၍ ဂုဏ်ပြုပန်းစည်းချခဲ့ပါသည်။

ချားလ်စ်တက္ကသိုလ်တွင် ဟောပြောပို့ချ

၉။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၃-၆-၂၀၁၉ ရက်နေ့တွင် ပရာ့ဂ်မြို့ရှိ ချားလ်စ်တက္ကသိုလ်တွင် ဒီမိုကရေစီစနစ်သို့ အသွင်ကူးပြောင်းရာတွင် ကြုံတွေ့ရသော စိန်ခေါ်မှုများ (Challenges of Transition) ခေါင်းစဉ်ဖြင့် ဟောပြောပို့ချခဲ့သည်။ ထိုသို့ ဟောပြောပို့ချရာတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မြန်မာနိုင်ငံ၏ ဒီမိုကရေစီလှုပ်ရှားမှုနှင့် နိုင်ငံတော်တည်ဆောက်ရေးလုပ်ငန်းများ၊ အသွင်ကူးပြောင်းရေးကာလတွင် ရင်ဆိုင် နေရသည့် စိန်ခေါ်မှုများနှင့်ပတ်သက်၍ နောက်ခံသမိုင်းဖြစ်စဉ်အကျဉ်းကို ထိုစဉ်က ချက်ကိုဆလိုဗေးကီးယားနိုင်ငံ၏ သွေးထွက်သံယိုမရှိ၊ သိမ်မွေ့စွာ ကူးပြောင်းခဲ့သည့် ကတ္တီပါတော်လှန်ရေးနှင့်နှိုင်းယှဉ်၍ ရှင်းလင်းပြောကြားခဲ့သည်။

၁၀။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ တာဝန်ယူခဲ့ပြီးနောက် ဆက်ခံတာဝန်ယူဖြေရှင်းနေရသည့် ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ယင်းသို့ ပြောကြားရာ၌ ဖွံ့ဖြိုးတိုးတက်မှု အနည်းပါးဆုံးဒေသတစ်ခုဖြစ်သည့် ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ်က အသိုက်အဝန်း နှစ်ရပ်အကြား ပဋိပက္ခများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံတကာက အာရုံစိုက်လာကြကြောင်း၊ ပြဿနာ၏ အခြေခံ အရင်းအမြစ်ကို အလေးထားပြီး ဖြေရှင်းနိုင်ရေးအတွက် ရခိုင်ပြည်နယ် တည်ငြိမ် အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး အကောင်အထည်ဖော်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းဆောင်ရွက်ခဲ့ ကြောင်း၊ ယင်းဒေသတွင် ငြိမ်းချမ်းရေးနှင့် သဟဇာတဖြစ်မှုကို ထိခိုက်စေမည့် ကိစ္စရပ်များအား အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းနိုင်ရန် ဒေါက်တာကိုဖီအာနန် ခေါင်းဆောင်သည့် ကော်မရှင်ထံ မှလည်း အကြံပြုချက် တောင်းခံခဲ့ကြောင်း၊ ၂၀၁၆ ခုနှစ် အောက်တိုဘာလတွင် ARSA အကြမ်းဖက်အဖွဲ့အစည်းမှ နယ်စပ်ဒေသရှိ ရဲစခန်းများအား ဝင်ရောက်တိုက်ခိုက်မှုနှင့် တပ်မတော်၏ ပြန်လည်တုံ့ပြန်မှုများမှ ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲဖြစ်ရပ်များကြောင့် ရခိုင်ပြည်နယ်သည် မြန်မာနိုင်ငံနှင့်ပတ်သက်၍ နိုင်ငံတကာ၏ အာရုံစိုက်ရာ မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ကိစ္စရပ်ဖြစ်လာခဲ့ကြောင်း ထည့်သွင်း ပြောကြားခဲ့သည်။

၁၁။ ဒီမိုကရေစီအသွင်ကူးပြောင်ရေး၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့် ရခိုင်အရေးကိစ္စတို့မှာ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်၏ အစိတ်အပိုင်းများဖြစ်၍ နိုင်ငံတကာက အာရုံစိုက်မှု ရရှိနေကြကြောင်း၊ သို့ရာတွင် အသွင်ကူးပြောင်းမှုမှ မြန်မာပြည်သူများ ရရှိလိုသည့် ရာစုနှစ်ဝက်ကျော်ကြာ မျှော်လင့်ချက်များနှင့် လိုအင်ဆန္ဒများကိုမူ အလေးထားမှု စိတ်ဝင်စားမှု အလွန်နည်းပါးကြကြောင်း၊ ပြည်သူများ၏ အဓိကလိုအပ်ချက်များမှာ ရေရရှိရေး၊ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်ရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်ရေး၊ ကောင်းမွန်သည့် ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုရရှိရေးတို့ဖြစ်ကြောင်း၊ ယင်းအခြေခံလိုအပ်ချက်များမှာ နိုင်ငံတကာမှ စိတ်ဝင်စားမှုမရှိသည့် သာမန်ကိစ္စရပ်များသာဖြစ်သော်လည်း မြန်မာနိုင်ငံအတွက်မူ အရေးကြီးသည့် ကိစ္စရပ်များဖြစ်ကြောင်း ထောက်ပြခဲ့ပြီး၊ ပြည်သူပြည်သားများ၏ အဆိုပါအဓိကလိုအပ်ချက်များ၊ မျှော်လင့်ချက်များအား ဖြည့်ဆည်းပေးရာ၌ တိုးတက်မှုများကို ရှင်းလင်းဖော်ပြကာ လွန်ခဲ့သည့် (၃) နှစ်တာကာလအတွင်း မြန်မာနိုင်ငံ၏ အသွင်ကူးပြောင်းမှု အခြေအနေကို အကဲဖြတ်သုံးသပ် ပြောကြားခဲ့သည်။

၁၂။ ဟောပြောပို့ချမှုအပြီးတွင် ချားလ်စ်တက္ကသိုလ် ပါမောက္ခချုပ်မှ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်အား တက္ကသိုလ်၏ သမိုင်းဝင်ဆုတံဆိပ် (Historical Medal of Charles University) အား ချီးမြှင့်ပေးအပ်ခဲ့သည်။ အဆိုပါဆုတံဆိပ်မှ စာပေသင်ကြားပို့ချမှုတွင် ထူးချွန်သူများ၊ သိပ္ပံပညာ ထူးချွန်သူများ၊ ချက်သမ္မတနိုင်ငံနှင့် ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရန် ကြိုးပမ်းအားထုတ်သူများကို ချီးမြှင့်လေ့ရှိကြောင်း သိရှိရသည်။

ချက်-မြန်မာစီးပွားရေးဖိုရမ်သို့ တက်ရောက်

၁၃။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပပြုလုပ်သော ချက်-မြန်မာစီးပွားရေးဖိုရမ်သို့ တက်ရောက်၍ မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါဖိုရမ်သို့ ချက်သမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ အန်ဒရီးဘားဘီးစ်၊ ချက်သမ္မတနိုင်ငံ ဒုတိယဝန်ကြီးချုပ်နှင့် စက်မှုနှင့် ကုန်သွယ်ရေးဝန်ကြီး မစ္စတာ ကာရယ် ဟတ်လီစက်၊ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောမတ်စ် ပက်ထရစ် ချက်ခ်၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းတို့မှ မိန့်ခွန်းများ ပြောကြားခဲ့ကြပြီး၊ မြန်မာနိုင်ငံ ကုန်သည်ကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်မှ ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းနှင့် စီးပွားရေးလုပ်ငန်းရှင်များ၊ ချက်သမ္မတနိုင်ငံ ကုန်သည်ကြီးများအသင်းဥက္ကဋ္ဌ မစ္စတာ ဂျာရိုစ်လတ် ဟာနက်နှင့် လုပ်ငန်းရှင်များ ပါဝင်တက်ရောက်ခဲ့သည်။

၁၄။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ အဖွင့်မိန့်ခွန်းပြောကြားခဲ့ရာတွင် ၁၉၆၀ ပြည့်နှစ်ကာလများတွင် မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် ချက်သမ္မတနိုင်ငံ၏ အကြီးမားဆုံး ကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံ ဖြစ်ခဲ့ပါကြောင်း၊ ယနေ့ကာလတွင် နှစ်နိုင်ငံအကြား ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ (၂၄) သန်းခန့် ရှိပါကြောင်း၊ နှစ်နိုင်ငံအကြား စီးပွားရေးနှင့် ကုန်သွယ်မှု တိုးချဲ့ဆောင်ရွက်နိုင်မည့် အလားအလာများစွာ ရှိနေပါကြောင်း၊ ပရာ့ဂ်မြို့တွင် မြန်မာနိုင်ငံသံရုံး ပြန်လည်ဖွင့်လှစ်နိုင်ခြင်းကြောင့် နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးမြှင့်သွားနိုင်တော့မည် ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံသည် အရှေ့တောင်အာရှဒေသတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့အကြား ပထဝီအနေအထား အရ အချက်အခြာကျသော နေရာတွင် တည်ရှိကြောင်း၊ လူဦးရေ (၅၄) သန်းရှိသည့် မြန်မာနိုင်ငံ၏ ပြည်တွင်းဈေးကွက်သည် ဖွံ့ဖြိုးတိုးတက်လျက်ရှိပြီး နိုင်ငံတကာဈေးကွက်နှင့် ပေါင်းစည်း ပူးပေါင်းဆောင်ရွက်ပါက အကျိုးအမြတ် ရရှိနိုင်မည်ဖြစ်ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ စီးပွားရေးတိုးတက်မှုသည် ဖွံ့ဖြိုးတိုးတက်မှုအရှိန် မြင့်မားနေသော အရှေ့တောင်အာရှတွင်ပင် အမြင့်ဆုံးအဖြစ် (၆.၈) ရာခိုင်နှုန်းရှိမည်ဟု ခန့်မှန်းထားရှိပါကြောင်း၊ မိမိတို့အစိုးရလက်ထက်တွင် ဘတ်ဂျက်လိုငွေပြမှုနှင့် ငွေကြေးဖောင်းပွမှုကို လျှော့ချ၍ ကုန်သွယ်မှုပမာဏကို နှစ်စဉ် (၂၀) ရာခိုင်နှုန်း မြှင့်တင်နိုင်ခဲ့ပါကြောင်း၊ မိုဘိုင်းဖုန်းအခြေခံသော ဘဏ္ဍာရေးဝန်ဆောင်မှု ကဏ္ဍသည်လည်း တစ်လလျှင် (၃၀) ရာခိုင်နှုန်းတိုးမြှင့်ခဲ့ပြီး စမတ်ဖုန်းသုံးစွဲမှု ကျယ်ပြန့်နှုန်းသည် ကမ္ဘာတွင် အမြင့်ဆုံးဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံ၏ သီလဝါအပါအဝင် အထူးစီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံသူများကို ဝင်ငွေခွန် (၇) နှစ် ကင်းလွတ်ခွင့်ပြုခြင်း အပါအဝင် အခြား အထူးအခွင့်အရေးများ ပေးထားပါကြောင်း၊ လွန်ခဲ့သည့် ရက်သတ္တပတ်အတွင်း တိုယိုတာ မော်တော်ကားကုမ္ပဏီမှ မြန်မာနိုင်ငံတွင် မော်တော်ကားစက်ရုံ တည်ထောင်ရန် ကြေညာခဲ့ခြင်းသည် မြန်မာနိုင်ငံအပေါ် ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှု တဖြည်းဖြည်း မြင့်မားလာခြင်းကို ထင်ဟပ်နေပါကြောင်း၊ မြန်မာနိုင်ငံတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်ကို ချမှတ်၍ ဆင်းရဲမွဲတေမှု လျှော့ချသွားရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း၊ စိန်ခေါ်မှုများ ရှိနေသေးသော်လည်း ၂၀၁၁ ခုနှစ်မှ စတင်ခဲ့သော ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၏ ရလဒ်သည် သိသာထင်ရှားပါကြောင်း၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံခြင်းသည် မြန်မာ-ချက် နှစ်နိုင်ငံအကြား ရှိပြီးသား ခိုင်မာသည့် ချစ်ကြည်ရင်းနှီးမှုအတွက် အခြေခံအစိတ်အပိုင်းများဖြစ်ကြောင်း ပြောကြားခဲ့သည်။

ပရာ့ဂ်မြို့၊ မြန်မာနိုင်ငံသံရုံးဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၁၅။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ပရာ့ဂ်မြို့၊ မြန်မာသံရုံး ပြန်လည်ဖွင့်လှစ်သည့် အခမ်းအနားသို့ တက်ရောက်ခဲ့သည်။ သံရုံးဖွင့်ပွဲသို့ ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောမတ်စ် ပက်ထရစ်ချက်ခ်၊ ပရာ့ဂ်မြို့အခြေစိုက် အာဆီယံသံရုံးများမှ သံအမတ်ကြီးများ၊ သံရုံးအကြီးအကဲများ၊ ချက်နိုင်ငံရောက် မြန်မာမိသားစုများ၊ ပညာတော်သင်များလည်း ပါဝင်တက်ရောက်ခဲ့ကြသည်။ အခမ်းအနားတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မစ္စတာ သောမတ်စ် ပက်ထရစ်ချက်ခ်နှင့်အတူ သံရုံးကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး အဖွင့်မိန့်ခွန်းများ အသီးသီး ပြောကြားခဲ့ကြသည်။ ချက်သမ္မတနိုင်ငံသံရုံးကို ၂၀၁၄ ခုနှစ်တွင် ရန်ကုန်မြို့၌ ပြန်လည်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ခရီးစဉ်အတွင်း မြန်မာနိုင်ငံသံရုံးကို ပရာ့ဂ်မြို့၌ ပြန်လည်ဖွင့်လှစ်နိုင်မှု သည် နှစ်နိုင်ငံဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပိုမိုတိုးတက်ခိုင်မာစေမည့် သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါသည်။

မြန်မာ့အလှ ဓာတ်ပုံပြပွဲအခမ်းအနားသို့ တက်ရောက်

၁၆။ ၄-၆-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ချက်သမ္မတနိုင်ငံ အမျိုးသားပြတိုက်တွင် ပြုလုပ်သော “The Beauty of Myanmar” ဓာတ်ပုံပြပွဲ အခမ်းအနားသို့ တက်ရောက်၍ အဖွင့်မိန့်ခွန်းပြောကြားခဲ့သည်။ အဆိုပါဓာတ်ပုံပြပွဲကို မြန်မာနိုင်ငံ၏ ရိုးရာဓလေ့ထုံးစံများ၊ တိုင်းရင်းသားလူမျိုးစု များ၏ ရိုးရာယဉ်ကျေးမှုများ၊ သာယာလှပသည့် သဘာဝရှုခင်းများ စသည်တို့ကို ချက်နိုင်ငံပြည်သူများ ပိုမိုသိရှိလာစေရန် ရည်ရွယ်ချက်ဖြင့် ချက်နိုင်ငံ အမျိုးသားပြတိုက်ဝင်းအတွင်း ၂၀၁၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှ သြဂုတ်လ ၁၆ ရက်နေ့အထိ ခင်းကျင်း ပြသသွားမည် ဖြစ်သည်။

၁၇။ ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ချက်သမ္မတ နိုင်ငံမှ ဟန်ဂေရီနိုင်ငံသို့ လေကြောင်းခရီးဖြင့် ထွက်ခွာခဲ့သည်။

ဟန်ဂေရီနိုင်ငံဝန်ကြီးချုပ်နှင့် တွေ့ဆုံ

၁၈။ ၅-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဘူဒါပတ်စ်မြို့ရှိ ဟန်ဂေရီဝန်ကြီးချုပ်ရုံးတွင် ဝန်ကြီးချုပ် မစ္စတာ ဗစ်တာ အိုဗန်နှင့် တွေ့ဆုံခဲ့သည်။ ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးကိစ္စရပ်များ၊ ဟန်ဂေရီနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဒီမိုကရေစီအသွင်ကူးပြောင်းမှု အခြေအနေများ၊ ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေး အခြေအနေများ၊ ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု ရရှိပြီး ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြန်မာအစိုးရမ ှဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံမြို့တော်များတွင် သံရုံးများ အပြန်အလှန် ဖွင့်လှစ်သွားနိုင်ရေးကိစ္စရပ်များ နှစ်ဖက်အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့သည်။

ဟန်ဂေရီနိုင်ငံ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးနှင့်တွေ့ဆုံ

၁၉။ ဟန်ဂေရီဝန်ကြီးချုပ်နှင့် တွေ့ဆုံခဲ့ပြီးနောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးဌာန၌ နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီး မစ္စတာ ပီတာ ဆာဇ်ဂျာတိုနှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။ ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့အကြား ဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်သွားရန်အတွက် လုပ်ငန်းစဉ်များကို အရှိန်အဟုန် မြှင့်တင် ဆောင်ရွက်သွားရေး၊ ဟန်ဂေရီနိုင်ငံမှ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းများအတွက် အထောက်အကူပြုနိုင်ရန် Tied Aid Credit ချေးငွေပေးအပ်ရေး၊ နှစ်နိုင်ငံအကြား ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုကဏ္ဍတွင်သာမက စိုက်ပျိုးရေး၊ ရေရရှိရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး၊ အာဆီယံဒေသတွင်းနှင့် နိုင်ငံတကာမျက်နှာစာတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှု တိုးမြှင့်သွားရေး၊ မြန်မာနိုင်ငံ၏ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဟန်ဂေရီနိုင်ငံမှ မြန်မာနိုင်ငံသို့ ပညာတော်သင်ဆုများ တိုးမြှင့်ပေးအပ်သွားရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံ နှင့် အီးယူအကြား ဆက်ဆံရေး၊ ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကာလတွင် ကြုံတွေ့နေရသည့် စိန်ခေါ်မှုများအပေါ် ဆွေးနွေးခဲ့ကြသည်။ ရခိုင်ပြည်နယ် အရေးကိစ္စအပါအဝင် အမျိုးသားပြန်လည် သင့်မြတ်ရေး ကြိုးပမ်းအားထုတ်မှုများတွင် ဟန်ဂေရီနိုင်ငံမှ အပြုသဘော ကူညီပံ့ပိုးပေးမှုနှင့် နားလည်မှု ပြသခြင်းတို့အတွက် မြန်မာဘက်မှ ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံခြားရေးနှင့် ကုန်သွယ်ရေးဝန်ကြီးမှ တည်ခင်းဧည့်ခံသော အလုပ်သဘော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့သည်။

National University of Public Service တွင် ဟောပြောပို့ချ

၂၀။ ၆-၆-၂၀၁၉ ရက်နေ့ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံ National University of Public Service ၌ မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်များ၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုး တိုးတက်ရေး ကြိုးပမ်းဆောင်ရွက်မှု အခြေအနေများ၊ ပညာရေး ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်များ၊ မြန်မာ-ဟန်ဂေရီနှစ်နိုင်ငံ ပညာရေးပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များနှင့် ပြည်သူအချင်းချင်း ထိတွေ့ဆက်ဆံမှု တိုးမြှင့်ရေး ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဟောပြောပိုချခဲ့ပြီး မေးမြန်းချက်များကို ဖြေကြားခဲ့သည်။

၂၁။ ဟန်ဂေရီလွှတ်တော်ဒုတိယဥက္ကဋ္ဌနှင့် တွေ့ဆုံ

၂၁။ မွန်းလွဲပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံ လွှတ်တော်သို့ သွားရောက်၍ ဟန်ဂေရီလွှတ်တော် ဒုတိယဥက္ကဋ္ဌ မစ္စစ် မာတာ မက်ရိုင်းနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုသို့ တွေ့ဆုံရာတွင် မြန်မာနှင့် ဟန်ဂေရီနှစ်နိုင်ငံအကြား ဒီမိုကရေစီအသွင်ကူးပြောင်းမှုတွင် တူညီစွာ ကြုံတွေ့ခဲ့ရသည့် အတွေ့အကြုံများအား အပြန်အလှန် အမြင်ချင်းဖလှယ်ခဲ့ကြပြီး၊ နှစ်နိုင်ငံ လွှတ်တော် အချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးနှင့် လွှတ်တော်များ၏ စွမ်းရည်မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်များကို ဆွေးနွေးခဲ့သည်။

ဟန်ဂေရီလွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီ ဥက္ကဋ္ဌမှ နေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံ

၂၂။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီလွှတ်တော် နိုင်ငံခြားဆက်ဆံရေး ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ဇာအော့ နီမတ်မှ လွှတ်တော်တွင် တည်ခင်းဧည့်ခံသော နေ့လယ်စာစားပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းမှု တိုးတက်မှု အခြေအနေများနှင့်ပတ်သက်၍ အမြင်ချင်းဖလှယ် ခဲ့ကြသည်။

မြန်မာ-ဟန်ဂေရီနှစ်နိုင်ငံ စီးပွားရေးဖိုရမ်ဖွင့်ပွဲသို့ တက်ရောက်

၂၃။ ၆-၆-၂၀၁၉ ရက်နေ့ နေ့လယ်ပိုင်းတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် မြန်မာ-ဟန်ဂေရီနှစ်နိုင်ငံ စီးပွားရေးဖိုရမ်သို့ တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းစီးပွားရေးဖိုရမ်တွင် မြန်မာနိုင်ငံ ရင်နှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းမှလည်း မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို ရှင်းလင်းခဲ့ပြီး၊ မြန်မာ-ဟန်ဂေရီ စီးပွားရေးလုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြသည်။

ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံရုံးဝန်ထမ်းများနှင့် မြန်မာပညာတော်သင်များအား တွေ့ဆုံ

၂၄။ ခရီးစဉ်အတွင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ဟန်ဂေရီနိုင်ငံဆိုင်ရာ မြန်မာသံရုံးမှ သံအမတ်ကြီး ဦးမျိုးအေးနှင့် သံရုံးဝန်ထမ်းများ၊ ဟန်ဂေရီနိုင်ငံရောက် မြန်မာပညာတော်သင်များအား တွေ့ဆုံခဲ့သည်။

မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိ

၂၅။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် ၈-၆-၂၀၁၉ ရက်နေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ပြန်လည်ရောက်ရှိသည်။ ချက်သမ္မတနိုင်ငံနှင့် ဟန်ဂေရီနိုင်ငံတို့သို့ သွားရောက်ခဲ့သော ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့်အတူ ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်း၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်နှင့် တာဝန်ရှိပုဂ္ဂိုလ်များ လိုက်ပါသွားခဲ့ကြသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေ ပြည် တော်

ရက်စွဲ၊ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၈ ရက်

​​​​​​​

​​​​​​​