နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / May 23, 2024
image_latest


နေပြည်တော် မေ ၂၃

မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ညီလာခံခန်းမ၌ကျင်းပရာ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုအဖွဲ့ဝင်များဖြစ်ကြသည့် ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ သီလဝါ၊ ကျောက်ဖြူနှင့် ထားဝယ်အထူးစီးပွားရေးဇုန်တို့မှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပြီး ရန်ကုန်တိုင်း‌ဒေသကြီးဝန်ကြီးချုပ်၊ တနင်္သာရီတိုင်း ဒေသကြီးဝန်ကြီးချုပ်နှင့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်တို့က ဗီဒီယိုကွန်ဖရင့်စနစ်ဖြင့် တက်ရောက်ကြသည်။

ဦးစွာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က အမှာစကား ပြောကြားရာတွင် ယနေ့အစည်းအဝေးသည် ဗဟိုအဖွဲ့အတွက် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေးဖြစ်ပြီး ပြီးခဲ့သည့်နှစ်များ၏ လုပ်ငန်းဆောင်ရွက်ချက်များကိုလည်း သုံးသပ်သွားရန်လိုကြောင်း၊ မြန်မာ့အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မြန်မာအထူးစီးပွားရေးဇုန်ဥပဒေ(၂၀၁၄)နှင့် နည်းဥပဒေများ အပေါ်အခြေခံပြီး ဆောင်ရွက်ရခြင်းဖြစ်သည့်အတွက် လုပ်ငန်းစဉ်များအားလုံးကို ဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ သွေဖယ်မှုမရှိအောင် ဂရုပြုဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ အစည်းအဝေးများကျင်းပမှုကို ဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ကျင်းပခြင်းဖြစ်သည့်အတွက် ရှုထောင့်ပေါင်းစုံမှ တက်ရောက်လာကြသည့် အဖွဲ့ဝင်အားလုံးကလည်း လိုအပ်ချက်များ၊ ဖြည့်စွက်ချက်များကို တတ်နိုင်သမျှ ပါဝင်ဆွေးနွေးပေးကြရန် ပြောကြားလိုကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် စီးပွားရေးဦးတည်ချက်များချမှတ်ပြီး ဆောင်ရွက်ရာတွင် အထူးစီးပွားရေးဇုန်အသီးသီး၏ ရည်မှန်းချက်နှင့် အကောင်အထည်ဖော်မှုများကလည်း နိုင်ငံတော်က ချမှတ်ထားသည့် ဦးတည်ချက်များနှင့် လိုက်လျောညီထွေဖြစ်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်ရေးတွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုတိုးတက်များပြားခြင်းသည် အဓိကအရေးပါသည့်အချက် နှစ်ချက်အဖြစ် ပါဝင်ပါကြောင်း၊ ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်၍ နိုင်ငံတော်ဝန်ကြီးချုပ်က မကြာခဏ တိုက်တွန်းမှာကြားလျက်ရှိသည့် ကုန်ထုတ်လုပ်မှုအပိုင်းနှင့် ပို့ကုန်တိုးမြှင့် ထုတ်လုပ်တင်ပို့နိုင်ရေးကိစ္စတို့တွင် အထူးစီးပွားရေးဇုန်များ၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အသီးသီးရှိ စက်မှုဇုန်များနှင့် MSME လုပ်ငန်းများအပါအဝင် ကုန်ထုတ်လုပ်နိုင်သည့် နယ်ပယ်ပေါင်းစုံတို့က အရည်အသွေးမြှင့် ပို့ကုန်တိုးတက်ထုတ်လုပ်တင်ပို့နိုင်အောင် တစ်ဖက်တစ်လမ်းမှ ဆောင်ရွက်သလို ဇုန်များအလိုက်လည်း ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်ဖွံ့ဖြိုးအောင် ကြိုးပမ်းအကောင်အထည်ဖော်ကြရမည်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုအပိုင်း၌ အောင်မြင်ပြီး သီလဝါစီးပွားရေးဇုန်နှင့် လုပ်ငန်းစတင်ဆောင်ရွက်နေပြီဖြစ်သည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်များ ပိုမိုရင်းနှီးမြှုပ်နှံလာအောင် စည်းရုံးဆွဲဆောင် ကြရမည်ဖြစ်ကြောင်း၊ အလားတူ ထားဝယ်စီးပွားရေးဇုန်နှင့် ပတ်သက်၍လည်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားကြသည့် Developer များကို နည်းမျိုးစုံဖြင့် ဖိတ်ခေါ်လျက် ရင်းနှီးမြှုပ်နှံမှု အခွင့်အရေး ရရှိရေးသက်ဆိုင်ရာ ဒေသအာဏာပိုင်များ၊ အထူးစီးပွားရေးဇုန်အလိုက် စီမံခန့်ခွဲမှုကြီးကြပ်ရေးကော်မတီများက ကြိုးပမ်းဆောင်ရွက်ကြရန်လိုကြောင်း။

မိမိတို့နိုင်ငံရှိ အထူးစီးပွားရေးဇုန် ၃ ခုအနက် သီလဝါအထူးစီးပွားရေးဇုန်မှာ အောင်မြင်မှုရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော်ခန့်ရှိသည်ဆိုသော်လည်း အိမ်နီးချင်းနိုင်ငံများ၊ အရှေ့တောင်အာရှနိုင်ငံများ၊ အာရှနိုင်ငံများနှင့်နှိုင်းယှဉ်ပါက ရင်းနှီးမြှုပ်နှံမှုပမာဏနည်းနေသေး၍ ရောက်ရှိသည့် အခြေအနေအပေါ် ကျေနပ်မနေဘဲ ရင်းနှီးမြှုပ်နှံမှု ပိုမိုတိုးတက်အောင် နည်းလမ်းပေါင်းစုံဖြင့် စဉ်ဆက်မပြတ် ဆောင်ရွက်ကြရမည်ဖြစ်သကဲ့သို့ရှိပြီး ရင်းနှီးမြှုပ်နှံမှုများကို မဆုံးရှုံးအောင်လည်း မိမိတို့ဝန်ထမ်းများ၏ လုပ်ပိုင်ခွင့်အပေါ် အာဏာအလွဲသုံးမှု၊ တရားမဝင်ကုန်သွယ်မှု၊ ငွေကြေးအလွဲသုံးမှုနှင့် စီမံခန့်ခွဲမှုချို့ယွင်းအားနည်းမှုတို့ မဖြစ်ပေါ်စေရေး တာဝန်ရှိသူ အဆင့်ဆင့်မှ မျက်ခြေမပြတ် ကြပ်မတ်စီမံဆောင်ရွက်နေကြရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမည့် ကျောက်ဖြူအထူးစီးပွားရေးဇုန်၊ ထားဝယ်အထူးစီးပွားရေးဇုန်၊ လက်ရှိအောင်မြင်စွာဆောင် ရွက်နေသည့် သီလဝါအထူးစီးပွားရေးဇုန်တို့ကို ယခုထက်တိုးတက်အောင်မြင်အောင် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများ၊ ဗဟိုကော်မတီတွင်ပါဝင်သည့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဆက်လက်ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်တွင် Free Zone နှင့် Promotion Zone ရှိကြောင်း၊ Free Zone တွင် နိုင်ငံခြားသုံးငွေနှင့်စပ်လျဉ်း၍ အခက်အခဲမရှိသော်လည်း Promotion Zone တွင် ကုန်ကြမ်း၊ ချေးငွေများနှင့်စပ်လျဉ်း၍ အချို့အခက်အခဲများအား သက်ဆိုင်ရာလုပ်ငန်းအဖွဲ့ဥက္ကဋ္ဌနှင့် နိုင်ငံခြားသုံးငွေကြီးကြပ်မှုကော်မတီတို့က အတတ်နိုင်ဆုံး အဆင်ပြေအောင် ဆောင်ရွက်ပေးလျက်ရှိသည်ကိုလည်း အသိအမှတ်ပြုပါကြောင်း။

အလားတူကျောက်ဖြူအထူးစီးပွားရေးဇုန်ရှိ အဓိကဆောင်ရွက်ရမည့် မြေလျော်ကြေးကိစ္စနှင့် စပ်လျဉ်း၍ ဆောင်ရွက်ရမည့် မူဝါဒရရှိပြီးဖြစ်ကြောင်း၊ ထို့ကြောင့် ဆောင်ရွက်ရမည့်လုပ်ငန်းများကို အမြန်ဆုံးပြီးပြတ်အောင် ဆက်လက်ဆောင်ရွက်သွားကြရန် တိုက်တွန်းလိုကြောင်း။

ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် စပ်လျဉ်း၍ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအတွင်း ညှိုနှိုင်းဆွေးနွေးမှု အောင်မြင်ခဲ့ပြီး Long Stop Date သက်တမ်း ၁၈ လ သက်တမ်း ထပ်မံတိုးမြှင့်ရာ ယခုအခါ ၄ လကျော် ၅ လ ရှိပြီးဖြစ်ကြောင်း၊ ကျန်ရှိနေသည့် ကာလအတွင်း မိမိတို့အပိုင်းမှ ပြီးပြတ်ရမည့်ကိစ္စ၊ နောက်ပိုင်းမှလုပ်ဆောင်ပေးရမည့်ကိစ္စများကိုလည်း ဥပဒေနှင့်အညီ ပြီးပြတ်အောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ တစ်ဖက်ကလည်း ဆောင်ရွက်ရမည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာ ကုမ္ပဏီ၊ အဖွဲ့အစည်းများကလည်း ၎င်းတို့၏ လုပ်ငန်းအစီအမံများပါအတိုင်း ဆောင်ရွက်ရေးကိုလည်း ဆောင်ရွက်သွားရန်လိုကြောင်း၊ အရေးကြီးသည်မှာ Long Stop Date ၁၈ လတာ ကာလအတွင်း နှစ်ဦးနှစ်ဖက်ဆောင်ရွက်ရန်ကိစ္စများကို ပြီးပြတ်အောင် ဆောင်ရွက်ကြရန်လိုကြောင်း။

ဆက်လက်ဆောင်ရွက်ရမည့် အထူးစီးပွားရေးဇုန်များကိုလည်း မလိုလားအပ်သည့် လုပ်ငန်းကြန့်ကြာမှု၊ ကိုင်တွယ်မှုများနှင့်ပတ်သက်၍ အခက်အခဲမရှိအောင်နှင့် လုပ်ငန်းအဆင်ပြေချောမွေ့အောင် လုပ်ငန်းပိုင်း၊ နည်းဥပဒေနှင့် ဥပဒေအရပါ သေချာနားလည်အောင် ရှင်းလင်းပြသပြီး စည်းရုံးဆောင်ရွက်သွား ကြရန်လိုကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို နိုင်ငံခြားမှ တင်သွင်းမှုများရှိကြောင်း၊ ယင်းကိစ္စနှင့်ပတ်သက်၍ ကုမ္ပဏီများနှင့် ညှိနှိုင်းဆောင် ရွက်ပေးနေသည်ကို တွေ့ရကြောင်း၊ အခက်အခဲသတ်မှတ်ချက်အနည်းဆုံးဖြစ်အောင် ဆက်လက်စီမံဆောင်ရွက်ပေးကြရန်လိုကြောင်း၊ သီလဝါအထူးစီးပွားရေးဇုန်မှ လိုအပ်သည့် ကုန်ကြမ်းများကို မိမိတို့နိုင်ငံတွင်ရှိနေသည့် MSME လုပ်ငန်းများမှ ပြည်တွင်း အရည်အသွေးမြင့် ကုန်ကြမ်းများ မှာယူနိုင်သည့်အဆင့်အထိ ရည်မှန်းချက်ထား ဆောင်ရွက်ရန်လိုအပ်ပြီး တစ်ဖက်ကလည်း အထူးစီးပွားရေးဇုန်တွင်ရှိနေသည့် စီမံခန့်ခွဲမှုကော်မတီများက ညှိနှိုင်းစီမံဆောင် ရွက်ပေးရန်လိုကြောင်း၊ MSME လုပ်ငန်းရှင်များ၊ အေဂျင်စီများကို သက်ဆိုင်ရာဝန်ကြီးချုပ်များက တွန်းအားပေးပြီး ဒေသတွင်းထုတ်ကုန်များကို အရည်အသွေးမြင့်သည့် ကုန်ကြမ်းအဖြစ် အထူးစီးပွားရေးဇုန်များနှင့် ချိတ်ဆက်ပြီး ပေးသွင်းနိုင်ရေးအထူးစီးပွားရေးဇုန်တစ်ခုလုံးအတွက် လိုအပ်သည့် ကုန်ကြမ်းအားလုံးကို ပြည်ပသွင်းကုန် အစားထိုးထောက်ပံ့ပေးနိုင်သည်အထိ ရည်မှန်းချက်ထား ဆောင်ရွက်သွားကြရန် ပြောလိုကြောင်း။

၂၀၂၄ ခုနှစ်၊ မတ်လစာရင်းအရ MSME လုပ်ငန်းမှထွက်ရှိသည့် ကုန်ပစ္စည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ပေးနိုင်မှုတွင် မြန်မာကျပ်ငွေ ၂ ဒသမ ၁ ဘီလီယံကျော် ရရှိခဲ့သည်ကို တွေ့ရကြောင်း၊ ယခုထက်ပို၍ အရည်းအသွေးကောင်းမွန်သည့် ပို့ကုန်အစားထိုး သွင်းကုန်ပစ္စည်းများ ချိတ်ဆက်ဆောင်ရွက်ပေးနိုင်ရန်အတွက် စီမံခန့်ခွဲမှုကော်မတီအဖွဲ့နှင့် လုပ်ငန်းကော်မတီအဖွဲ့များ၊ MSME လုပ်ငန်းအဖွဲ့များကပါ လက်တွဲညီညီ ကြိုးစားသွားရမည် ဖြစ်ကြောင်း။

သီလဝါအထူးစီးပွားရေးဇုန်အနေဖြင့် ၂၀၂၄ ခုနှစ်၊ မတ်လအတွင်း အကောက်ခွန်ရရှိမှုမှာ ငွေကျပ် ၃၆၁ ဒသမ ၉၉၀ သန်းကျော်၊ ကုန်သွယ်လုပ်ငန်းခွန် ဝင်ငွေမှာ ငွေကျပ် ၄ ဒသမ ၆ ဘီလီယံ၊ ကြိုတင်ဝင်ငွေခွန် ငွေကျပ် ၇၆၀ ဒသမ ၆၈၀ သန်း ရှိသည်ကို တင်ပြလာသည့် စာရင်းများအရ သိရှိရကြောင်း၊ မတ်လအတွင်း ပို့ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၃၄၉ သန်းဖြစ်ပြီး သွင်းကုန် ပမာဏမှာ အမေရိ ကန်ဒေါ်လာ ၅၂ ဒသမ၂၇၈ သန်း ဖြစ်ကြောင်း၊ ပို့ကုန်တန်ဖိုးနှင့် သွင်းကုန်တန်ဖိုး ကွာခြားချက်များအား လျော့ချနိုင်ရန် Promotion Zoneတွင်ရှိသည့် ကုမ္ပဏီများကို ပြည်ပသို့ ကုန်ပစ္စည်းတင်ပို့မှုများ ပိုမိုဆောင်ရွက်နိုင်စေရန် သက်ဆိုင်ရာ လုပ်ငန်းအဖွဲ့များနှင့် စီမံခန့်ခွဲမှုကော်မတီက ဆောင်ရွက်ပေးကြရန် တိုက်တွန်းပြော ကြားလိုကြောင်း။

သီလဝါအထူးစီးပွားရေးဇုန်တွင်ရှိသည့် ကုမ္ပဏီများအနေဖြင့် ၎င်းတို့ကိုယ်ပိုင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်သုံးစွဲမှုနှင့် ပတ်သက်၍ အားပေးရမည် ဖြစ်ကြောင်း၊ ဇုန်များတွင် Solar စနစ်ဖြင့် လျှပ်စစ်ဓာတ်အားသုံးစွဲနိုင်ပါက အခြားလိုအပ်သည့် ပြည်နယ်နှင့်တိုင်းဒေသကြီးများတွင် လျှပ်စစ်ဓာတ်အားကို ယခုထက်ပို၍ အချိန်တိုးမြှင့်ဖြန့်ဖြူးပေးနိုင်မည် ဖြစ်ကြောင်း။

ထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ ဂျပန်၊ ထိုင်း၊ မြန်မာ စုပေါင်းဖွဲ့စည်းထားသည့် ငွေကြေးစုစည်းထောက်ပံ့မှုဆိုင်ရာ လုပ်ငန်းအဖွဲ့ SPV (Special Purpose Vehicle) နှင့် ပတ်သက်၍ ဆွေးနွေးညှိနှိုင်းပြီး လုပ်သင့်လုပ်ထိုက်သည်များကို ဆောင်ရွက်သွားကြရန် လိုကြောင်း၊ အလားတူထားဝယ်အထူးစီးပွားရေးဇုန်နှင့် ပတ်သက်၍ မကြာမီဆောင်ရွက်မည့် MOI (Memorandum Of Interest) လက်မှတ်ရေးထိုးမည့်ကိစ္စတွင် ပါဝင်သင့်ပါဝင်ထိုက်သည့် အချက်များကို မိမိတို့နိုင်ငံရှိ ဥပဒေပညာရှင်များ၊ လုပ်ထုံးလုပ်နည်း ကျွမ်းကျင်သူများဖြင့် သေသေချာချာစိစစ်၍ ပြဌာန်းချက်များနှင့်အညီ နှစ်ဦးနှစ်ဖက် Win Win Situation ဖြစ်အောင် ပြင်ဆင်ဆွေးနွေးထားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် လုပ်ငန်းများဆောင်ရွက်သည့်နေရာတွင် ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် မျှော်တွေးပြီး အလေးထား ညှိနှိုင်းဆောင်ရွက်ကြရမည် ဖြစ်ကြောင်းနှင့် ယနေ့အစည်းအဝေးတွင် အထူးစီးပွားရေးဇုန်များ ဆောင်ရွက်ပြီးစီးမှုများ၊ ဆက်လက်ဆောင်ရွက်သွားရမည့် အစီအမံများကို တင်ပြပေးရန်နှင့် တက်ရောက်လာကြသူများက လိုအပ်သည့်အကြံပြုချက်များကို ဆွေးနွေးတင်ပြ ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဝန်ကြီး ဦးမင်းမင်းက မြန်မာအထူး စီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့(၁/၂၀၂၄)ကြိမ်မြောက် အစည်းအဝေးဆုံးဖြတ်ချက်များအပေါ် ဆောင်ရွက်ထားမှု အခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ အတွင်းရေးမှူး(၁) နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၌ဥက္ကဋ္ဌရုံးဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးနှင့် အတွင်းရေးမှူး (၂) စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်အုံတို့က မြန်မာအထူးစီးပွားရေးဇုန်များအောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည့် အခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာ ဗဟိုလုပ်ငန်းအဖွဲ့အတွင်းရေးမှူးနှင့် သီလဝါအထူးစီးပွားရေးဇုန်၊ ကျောက်ဖြူအထူးစီးပွားရေးဇုန်နှင့် ထားဝယ်အထူးစီးပွားရေးဇုန်များမှ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌများက မြန်မာအထူးစီးပွား ရေးဇုန်ဆိုင်ရာဗဟို အဖွဲ့အစည်းအဝေးသို့တင်ပြသည့် အမှာစာများကို ဖတ်ကြားတင်ပြကြပြီး အတည်ပြုချက်ရယူကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့် အစည်းအဝေးသို့ တက်ရောက်လာ ကြသူများက အကြံပြုချက်များနှင့် အထူးစီးပွားရေးဇုန်များအလိုက် လုပ်ငန်းဆောင်ရွက်နေမှုဆိုင်ရာ ကိစ္စများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍများအလိုက် ဆွေးနွေးတင်ပြကြသည်။

ယင်းနောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် ပထမအကြိမ်အစည်းအဝေး ဆုံးဖြတ်ချက်မူကြမ်းကို ဖတ်ကြားတင်ပြ အတည်ပြုချက်ရယူသည်။ 

ထို့နောက် မြန်မာအထူးစီးပွားရေးဇုန်ဆိုင်ရာဗဟိုအဖွဲ့ဥက္ကဋ္ဌ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ်က ရှင်းလင်းဆွေးနွေး တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အစည်းအဝေးကို ရုတ်သိမ်းလိုက်သည်။

သတင်းစာများ

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၇ ရက်၊ ဇူလိုင် ၂၇ ရက်၊ စနေနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 27, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၆ ရက်၊ ဇူလိုင် ၂၆ ရက်၊ သောကြာနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 26, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

၁၃၈၆ ခုနှစ်၊ ဝါဆိုလပြည့်ကျော် ၅ ရက်၊ ဇူလိုင် ၂၅ ရက်၊ ကြာသပတေးနေ့။


ထုတ်ဝေသူ: မြန်မာ့အလင်း/ July 25, 2024

ထုတ်ဝေသည့်နေ့ : 2024

စာမျက်နှာ: 32 pages

ဘာသာစကား: မြန်မာ

Download

ဗီဒီယိုများ

Myanmar National Portal 5th Year Anniversary

ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန / Posted on September 27, 2023

ကြေငြာချက်များ