ကာတာနိုင်ငံ ဒိုဟာမြို့၌ကျင်းပသည့် တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်
ကာတာနိုင်ငံ ဒိုဟာမြို့၌ကျင်းပသည့် တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေးသို့ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ ပါဝင်တက်ရောက်
ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / October 04, 2024

ဒိုဟာ အောက်တိုဘာ ၃
ကာတာနိုင်ငံ၏ ဖိတ်ကြားချက်အရ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့တွင် ကာတာနိုင်ငံဒိုဟာမြို့၌ ကျင်းပပြုလုပ်သည့် တတိယအကြိမ်မြောက် အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ၏ ထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်သည်။
နိုင်ငံအလိုက် မိန့်ခွန်းများပြောကြား
ဒိုဟာမြို့ရှိ ရစ်ကာလ်တန် ဟိုတယ်၌ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အေစီဒီထိပ်သီး အစည်းအဝေးသို့ အဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံအကြီးအကဲ/ အစိုးရအဖွဲ့အကြီးအကဲများ၊ နိုင်ငံခြား ရေးဝန်ကြီးများနှင့် ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့ကြသည်။ အစည်းအဝေး၌ အေစီဒီအဖွဲ့ဝင် နိုင်ငံများက အေစီဒီထိပ်သီး အစည်းအဝေးအား အိမ်ရှင်အဖြစ် လက်ခံကျင်းပသည့် ကာတာနိုင်ငံက သတ်မှတ်ထားသည့် ဘာသာရပ်ခေါင်းစဉ်ဖြစ်သည့် “အားကစားရေးရာ သံတမန်ဆက်ဆံရေး” အပေါ် ကြိုဆိုခဲ့ကြကာ ကိုယ်စားလှယ်အဖွဲ့အသီးသီးက သက်ဆိုင်ရာနိုင်ငံအလိုက် မိန့်ခွန်းများ ပါဝင်ပြောကြားသည်။
တတိယအကြိမ်မြောက် အေစီဒီထိပ်သီးအစည်းအဝေး၌ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေသည် ယနေ့နံနက်ပိုင်းတွင် မိန့်ခွန်းတစ်ရပ် ပါဝင်ပြောကြားသည်။
ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက အေစီဒီလက်ရှိဥက္ကဋ္ဌ အီရန်နိုင်ငံ၏ခေါင်းဆောင်မှုကို အသိအမှတ်ပြုပါကြောင်းနှင့် ထို့ပြင် ၂၀၂၅ ခုနှစ် အေစီဒီဥက္ကဋ္ဌသစ်အဖြစ် လွှဲပြောင်းတာဝန်ယူဆောင်ရွက်မည့် ထိုင်းနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုများကို ကြိုဆိုပါကြောင်းနှင့် မြန်မာနိုင်ငံအနေဖြင့် ထိုင်းနိုင်ငံအား အပြည့်အဝ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တတိယအကြိမ်မြောက် အေစီဒီထိပ်သီး အစည်းအဝေးအတွင်း ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များသည် အေစီဒီပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်ဆိုင်ရာကိစ္စရပ်များ၊ ဒေသတွင်းနှင့် ကမ္ဘာ့ရေးရာကိစ္စရပ်များအပေါ် ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ်ဆွေးနွေးခဲ့ကြပြီး အဖွဲ့ဝင်နိုင်ငံများသည် ၎င်းတို့၏သက်ဆိုင်ရာနိုင်ငံအလိုက်ဖြစ်ပေါ် တိုးတက်မှုများကိုလည်း ထည့်သွင်း ဆွေးနွေးပြောကြားခဲ့ကြသည်။
အစည်းအဝေး၌ အဖွဲ့ဝင်နိုင်ငံများက အေစီဒီအတွင်းရေးမှူးချုပ်အဖြစ် မကြာသေးမီက ခန့်အပ်ခဲ့သည့် ကူဝိတ်နိုင်ငံမှသံအမတ်ကြီး Nasser Raden Thamer Al-Mutairi နှင့် ဒုတိယအတွင်းရေးမှူးချုပ်အဖြစ် ခန့်အပ်ခဲ့သည့် အီရန်နိုင်ငံမှ သံအမတ်ကြီး Mohammed Taghi Hosseini တို့အား ဝမ်းမြောက်ဂုဏ်ယူကြောင်း ထည့်သွင်းပြောကြားခဲ့ကြသည်။ ထို့ပြင် အစည်းအဝေးရလဒ်အဖြစ် “ဒိုဟာကြေညာချက်” ကို အဖွဲ့ဝင်နိုင်ငံများအားလုံး၏ တူညီဆန္ဒဖြင့် ထုတ်ပြန်နိုင်ခဲ့သည်။
ရှင်းလင်းပြောကြား
ဒုတိယဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီးသည် အစည်းအဝေးအတွင်း နိုင်ငံတော်အစိုးရ၏ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီဖော်ဆောင်ရေးနှင့် အထွေထွေရွေးကောက်ပွဲ ကျင်းပရေးအတွက် ကြိုးပမ်းဆောင်ရွက်နေမှုများနှင့် မြန်မာနိုင်ငံ၏ လက်ရှိဖြစ်ပေါ်တိုးတက်မှု အခြေအနေများကို အေစီဒီအဖွဲ့ဝင်နိုင်ငံများမှ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင်များအား ရှင်းလင်းပြောကြားခဲ့သည်။
မွန်းလွဲပိုင်းတွင် အိမ်ရှင်ကာတာနိုင်ငံအကြီးအကဲ ရှိတ်တမင်း (မ်) ဘင် ဟမတ်အယ်တာနီက တတိယအကြိမ်မြောက် အေစီဒီထိပ်သီးအစည်းအဝေးသို့ ပါဝင်တက်ရောက်လာကြသည့် ကိုယ်စားလှယ်အဖွဲ့များကို ဒိုဟာမြို့ရှိ ရစ်ကာလ်တန်ဟိုတယ်၌ ဂုဏ်ပြုနေ့လယ်စာစားပွဲဖြင့် တည်ခင်းဧည့်ခံခဲ့သည်။
အာရှပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ ဆွေးနွေးပွဲအဖွဲ့ (အေစီဒီ) ကို ၂၀၀၂ ခုနှစ်၊ ဇွန်လက ထိုင်းနိုင်ငံ၊ ချာအမ်းမြို့၌ စတင်ဖွဲ့စည်းထူထောင်ခဲ့သည်။ လက်ရှိတွင် အေစီဒီ၌ ဒေသတွင်းအုပ်စုကြီး (၅) ခုဖြစ်သည့် အရှေ့တောင်အာရှအုပ်စု၊ တောင်အာရှအုပ်စု၊ အနောက်အာရှအုပ်စု၊ ဗဟိုအာရှအုပ်စုနှင့် အရှေ့အာရှအုပ်စုတို့ကို အသီးသီးကိုယ်စားပြုသည့် အဖွဲ့ဝင်နိုင်ငံ (၃၅) နိုင်ငံ ပါဝင်သည်။ မြန်မာနိုင်ငံသည် အေစီဒီစတင်ထူထောင်ရာတွင် ပါဝင်ခဲ့သည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။
ယေဘုယျအားဖြင့် အာရှနိုင်ငံများအကြား အပြန်အလှန် အမှီသဟဲပြုရေးကို မြှင့်တင်သွားရန်နှင့် အာရှတိုက်မှ အာရှအသိုက်အဝန်းအဖြစ်သို့ ပြောင်းလဲရန်ရည်ရွယ်လျက် အေစီဒီကို ဖွဲ့စည်းထားခြင်းဖြစ်သည်။ အေစီဒီအတွင်းရေးမှူးရုံးကို ကူဝိတ်မြို့၌ ၂၀၁၃ ခုနှစ် အောက်တိုဘာလတွင် စတင်ဖွင့်လှစ်ခဲ့သည်။
လက်ရှိတွင် အေစီဒီအဖွဲ့ဝင်နိုင်ငံများအကြား “ကုလသမဂ္ဂ၏ ၂၀၃၀ ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အစီအစဉ်” နှင့်ကိုက်ညီသည့် အဓိကမဏ္ဍိုင်ကြီး (၆) ခု၌ ဦးစားပေးပူးပေါင်း ဆောင်ရွက်သွားရန် သဘောတူညီထားသည်။ အဆိုပါ အဓိကမဏ္ဍိုင်ကြီး (၆) ခုမှာ (က) ပေါင်းစည်း ဆက်နွှယ်မှု၊ (ခ) သိပ္ပံ၊ နည်းပညာနှင့် တီထွင်ဆန်းသစ်မှု၊ (ဂ) ပညာရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ (ဃ) စားနပ်ရိက္ခာ၊ စွမ်းအင်နှင့် ရေဖူလုံရေး၊ (င) ယဉ်ကျေးမှုနှင့် ခရီးသွားလုပ်ငန်း၊ (စ) အားလုံးပါဝင်ရေးနှင့် ရေရှည်စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးတို့ဖြစ်သည်။
ကာတာနိုင်ငံ၌ကျင်းပခဲ့သည့် တတိယအကြိမ်မြောက် အေစီဒီထိပ်သီးအစည်းအဝေးသို့ အေစီဒီ အဖွဲ့ဝင်နိုင်ငံ (၃၂) နိုင်ငံမှ ကိုယ်စားလှယ်များ ပါဝင်တက်ရောက်ခဲ့သည်။
သတင်းစဉ်

သတင်းစာများ - ၃၁၇၁ ခု

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၂ ရက်၊ မေ ၂၃ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၁ ရက်၊ မေ ၂၂ ရက်၊ ကြာသပတေးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၁၀ ရက်၊ မေ ၂၁ ရက်၊ ဗုဒ္ဓဟူးနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၉ ရက်၊ မေ ၂၀ ရက်၊ အင်္ဂါနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၈ ရက်၊ မေ ၁၉ ရက်၊ တနင်္လာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၇ ရက်၊ မေ ၁၈ ရက်၊ တနင်္ဂနွေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၆ ရက်၊ မေ ၁၇ ရက်၊ စနေနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၅ ရက်၊ မေ ၁၆ ရက်၊ သောကြာနေ့။

၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၄ ရက်၊ မေ ၁၅ ရက်၊ ကြာသပတေးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 15, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download
၁၃၈၇ ခုနှစ်၊ ကဆုန်လပြည့်ကျော် ၃ ရက်၊ မေ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။
ထုတ်ဝေသူ: မြန်မာ့အလင်း/ May 13, 2025
ထုတ်ဝေသည့်နေ့ : 2025
စာမျက်နှာ: 32 Pages
ဘာသာစကား: မြန်မာ
Download