ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်

ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော ကျေးရွာချင်းဆက်ကွန်ကရစ်လမ်းသစ်ဖွင့်လှစ်


ကရင်ပြည်နယ်အစိုးရအဖွဲ့/ ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး / August 04, 2020


ဘားအံ ဩဂုတ် ၂

 မြို့ပြနှင့်ကျေးလက် ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘဏ္ဍာနှစ်အလိုက်ရန်ပုံငွေများ ခွဲဝေချထားပေးပြီး ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ကရင်ပြည်နယ်အစိုးရအဖွဲ့မှ ဆောင်ရွက်ပေးလျက်ရှိရာ ဩဂုတ်လ (၂) ရက်နေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့်ဆောင်ရွက်သော ဘားအံမြို့နယ် အောက်ကော့ရင်း- ကျောက်စရစ်ကုန်း-အညောကုန်း-ကမားကျေးရွာချင်းဆက် ကွန်ကရစ်လမ်းသစ်(၂)မိုင်ဖွင့်ပွဲကို ကျင်းပခဲ့သည်။

  အဆိုပါ ကွန်ကရစ်လမ်းသစ်ကို ကမားကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဥုဣန္ဒက၊ ကရင်ပြည်နယ်အစိုးရအဖွဲ့၊ စီမံကိန်း၊ဘဏ္ဍာရေးနှင့်စည်ပင်သာယာရေးဝန်ကြီးဦးသန်းနိုင်၊ သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ သစ်တော/သတ္တုနှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးစောပြည်သာ၊ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်နန်းသန်းသန်းလွင်နှင့် အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးစောသန်းထွဋ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး လမ်းသစ်အားကြည့်ရှုစစ်ဆေးခဲ့ကြသည်။

 ရှေးယခင်က ထိုလမ်းသည် လမ်းတာဘောင်များနိမ့်ကျပြီးကျဉ်းသည့်အတွက် မိုးရာသီတွင်သွားလာရခက်ခဲခဲ့ရာ “ပညာရေးကိစ္စဘဲဖြစ်ဖြစ်၊ ကျန်းမာရေးကိစ္စဘဲဖြစ်ဖြစ် လမ်းပန်း ဆက်သွယ်ရေး မကောင်းခဲ့တဲ့အတွက် ကျွန်မတို့အရမ်းအခက်အခဲဖြစ်ခဲ့ပါတယ်၊ အခုကျမတို့အတွက် သွားလာရလွယ်ကူအောင် ပေ (၁၀၀) တံတားနဲ့ ကွန်ကရစ်လမ်းသစ်ကို ဆောင်ရွက် ပေးခဲ့တယ်၊ ပြီးတော့ ကျမတို့ကျေးရွာသူ/သားတွေ နေထိုင်စိုက်ပျိုးလုပ်ကိုင်နိုင်ဖို့ မြေကွက်မရှိတာကို မြေကွက်တွေချပေးခဲ့တယ်၊ ကျေးလက်ဆေးပေးခန်းကိုလည်း ချထားပေးခဲ့တယ်၊ ပြီးတော့လျှပ်စစ်မီးလည်းရှိပါပြီ၊ ကျမတို့မမျှော်လင့်ခဲ့ဖူးတဲ့အိမ်မက် တစ်ခါမှမမက်ခဲ့ဖူးတဲ့အရာတွေကို ကျွန်မတို့ရရှိခဲ့ပါတယ်၊ အခုလိုဆောင်ရွက်ပေးခဲ့တဲ့ သူတွေကို ကျမတို့ကျေးရွာ အုပ်စုက ကျေးရွာသူ/သားတွေကိုယ်စား ကျမတကယ်ကျေးဇူးတင် ဝမ်းမြှောက်မိပါတယ်” ဟု ကမားကျေးရွာတွင်နေထိုင်သော ဒေါ်သင်းရီကပြောသည်။

 ယခုဖွင့်လှစ်သည့်လမ်းသည် အောက်ကော့ရင်း-ကျောက်စရစ်ကုန်း-အညောကုန်း-ကမား-ပန်းကုန်း-အလဝံကုန်း -ရသေ့ပျံကျေးရွာချင်းဆက်( ၁၂ မိုင် ၁ ဖါလုံ ) လမ်းပိုင်းထဲတွင်ပါဝင်ပြီး (၂၀၁၇-၂၀၁၈)တွင် ကမားနှင့်အညောကုန်းကိုဆက်သွယ်သည့် ပေ (၁၀၀) ရှိ သံကူကွန်ကရစ်တံတားတစ်စင်းကိုလည်ကောင်း၊ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ကရင်ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေ ကျပ် (၄၁၇ ဒသမ ၁၆ သန်း) ဖြင့် အကျယ် (၁၄) ပေ၊ ထု (၆) လက္မရှိ ကွန်ကရစ်လမ်းအရှည် (၂) မိုင်ကိုလည်ကောင်း၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာနှစ်တွင် ကျပ် (၈၃၃ ဒသမ ၄၀၂ သန်း) ဖြင့် ကမားဘက်ခြမ်းကွန်ကရစ်လမ်း အရှည် (၂) မိုင်နှင့် ရသေ့ပျံဘက်ခြမ်း (၁) မိုင်ကိုလည်ကောင်း၊ အစိုးရအဖွဲ့ဖြည့်စွက်ရန်ပုံငွေကျပ် (၈၆ ဒသမ ၂၆၂ သန်း) ဖြင့် ကမားမှပန်းကုန်းဘက်ခြမ်းသို့ မြေသားလမ်းချဲ့ခြင်းနှင့်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းတို့ကို ဆောင်ရွက်ပေးခဲ့ကာ (၂၀၂၀-၂၀၂၁) ဘဏ္ဍာနှစ်တွင် ကမားမှပန်းကုန်းဘက်သို့ ကွန်ကရစ် လမ်းအရှည် (၂) မိုင်၊ ရသေ့ပျံမှပန်းကုန်းဘက်သို့ ကွန်ကရစ်လမ်းအရှည် (၁ မိုင် ၄ ဖာလုံ)တို့ကို ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဘားအံမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ သတင်းရရှိသည်။

HOT NEWS
January 4,