ဂျပန်- မြန်မာ ယဉ်ကျေးမှုပွဲတော်မှ ရရှိငွေများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းမည်

ဂျပန်- မြန်မာ ယဉ်ကျေးမှုပွဲတော်မှ ရရှိငွေများအား ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းမည်


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / January 26, 2021
image_latest


ရန်ကုန်    ဇန်နဝါရီ   ၂၅


ဂျပန်- မြန်မာ နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုအဖြစ်  ရန်ကုန်မြို့၌ နှစ်စဉ်ကျင်းပမြဲဖြစ်သော ဂျပန်- မြန်မာ ယဉ်ကျေးမှု ပွဲတော်ကို   လာမည့်  ဖေဖော်ဝါရီလ ဒုတိယပတ် တွင် ကျင်းပမည်ဖြစ်ရာ အဆိုပါပွဲမှ ရရှိငွေများကို မြန်မာနိုင်ငံ  ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရေးအတွက် လှူဒါန်းသွားမည်ဖြစ်ကြောင်း  ဂျပန်- မြန်မာ  ပွဲတော် ကျင်းပရေး ကော်မတီမှ သိရသည်။


မြန်မာနိုင်ငံ၌ ၂၀၁၄ ခုနှစ်မှစတင်ကာ နှစ်စဉ်ကျင်းပ ခဲ့သော ဂျပန်- မြန်မာပွဲတော်ကြီးကို လာမည့် ဖေဖော်ဝါရီ ၁၄ ရက်(တနင်္ဂနွေနေ့) ညနေ ၆ နာရီတွင် ‘အခက်အခဲများကို အတူကျော်ဖြတ်ကြပါစို့ ’ ဟူသော ခေါင်းစဉ်ဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလကြီးအတွင်း     အပြန်အလှန်    ဖေးမအားပေးမှုဖြင့် ဂျပန်- မြန်မာ နာမည်ကြီးအနုပညာရှင်များ ပါဝင် သီဆို ဖျော်ဖြေ တင်ဆက်သွားမည် ဖြစ်သည်။


အဆိုပါပွဲတော်သည်  မြန်မာနှင့်  ဂျပန်   ပေါင်းကူး ဆက်သွယ်ပေးသည့် အထူးခြားဆုံး ယဉ်ကျေးမှုဖလှယ်ပွဲ ကြီးဖြစ်ကာ နှစ်နိုင်ငံ ပရိသတ်အားပေးမှု  အများဆုံးရရှိ နေသော  ပွဲတော်ကြီးလည်းဖြစ်၍   ပွဲတော်၏အထူး တိုက်ရိုက်ထုတ်လွှင့်မှု အစီအစဉ်များကို MNTV ရုပ်သံလိုင်း နှင့် ဂျပန်- မြန်မာပွဲတော် Facebook Page တို့မှ   မြန်မာ နိုင်ငံတစ်ဝန်းရှိ  မိဘပြည်သူများနှင့် မြန်မာကိုချစ်မြတ်နိုး သော ဂျပန်ပရိသတ်တို့အတွက် ထုတ်လွှင့်တင်ဆက်သွား မည် ဖြစ်သည်။      

      
အဆိုပါ ဂျပန်- မြန်မာ ချစ်ကြည်ရင်းနှီးမှုအဖြစ် ကျင်းပသော နှစ်နိုင်ငံယဉ်ကျေးမှုပွဲတော်ကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ဆေးဝယ်ယူရရှိရေး ရန်ပုံငွေအဖြစ် Charity Program ကို  ထည့်သွင်းထားကာ ယင်း   Program  မှ   နှစ်နိုင်ငံ   ပါဝင်သီဆိုမည့် အနုပညာရှင်များက  တိုက်ရိုက်နှိုးဆော်သွားမည် ဖြစ်၍  ပရိသတ်များကလည်း  ပါဝင်လှူဒါန်းသွားနိုင် မည်ဖြစ်သည်။


ဂျပန် -  မြန်မာ  ယဉ်ကျေးမှုပွဲတော်ကြီးကို ယခုနှစ်တွင် ရန်ကုန်မြို့၌  (၇)ကြိမ်မြောက်  ကျင်းပမည်ဖြစ်ကာ    နှစ်နိုင်ငံမှ    ပါဝင်သီဆိုကြမည့် အနုပညာရှင်များမှာ  Hirahara  Ayaka ၊  Morisaki Win ၊  စိုင်းစိုင်းခမ်းလှိုင်၊  နီနီခင်ဇော်၊  X – Boxin နှင့် မေလသံစဉ်တို့က     ပါဝင်သီဆိုဖျော်ဖြေကြမည် ဖြစ်ကြောင်း သိရသည်။ (၆)ကြိမ်မြောက် ဂျပန်- မြန်မာပွဲတော်ကြီးကို  ဖေဖော်ဝါရီ ၉  ရက်တွင်   ရန်ကုန်မြို့     သင်္ဃန်းကျွန်းမြို့နယ်ရှိ     သုဝဏ္ဏ အီးဗင်းပတ်စ်၌  စည်းကားသိုက်မြိုက်စွာ   ကျင်းပနိုင်ခဲ့သော်လည်း    ယခုနှစ်တွင်     ကိုဗစ်-၁၉ ကပ်ရောဂါအခြေအနေကြောင့်ရုပ်သံလိုင်းများမှ ပြည်တွင်း၊ ပြည်ပသို့ ထုတ်လွှင့်တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ 

 
မောင်စိန်လွင်(မြန်မာ့အလင်း)

HOT NEWS
January 4,