တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ကျင်းပ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / June 09, 2026
image_latest


နေပြည်တော် ဇွန် ၈

တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့ကို ယနေ့မွန်းလွဲ ၁ နာရီခွဲတွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်သူ့လွှတ်တော်အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ဦးစွာ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးခင်ရီက တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေးစတုတ္ထနေ့သို့ တက်ရောက်ခွင့်ရှိသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးရေ ၃၅၁ ဦး ရှိသည့်အနက် ယနေ့အစည်းအဝေးသို့ ၃၄၉ ဦး တက်ရောက်သဖြင့် တက်ရောက်မှုရာခိုင်နှုန်း ၉၉ ဒသမ ၄၃ ရှိသည့်အတွက် အစည်းအဝေးအထမြောက်ကြောင်းနှင့် စတင်ကျင်းပကြောင်း ကြေညာပြီး အစည်းအဝေးတက်ရောက်မှုအခြေအနေကို လွှတ်တော်၏ အတည်ပြုချက်ရယူ၍ မှတ်တမ်းတင်သည်။

ထို့နောက် ပုဗ္ဗသီရိမဲဆန္ဒနယ်မှ ဦးလှဆွေ၏ PUBLIC PRIVATE PART-NERSHIP(PPP) ဥပဒေအား ရေးဆွဲပြဋ္ဌာန်းနိုင်ရေးအစီအစဉ် ရှိ၊ မရှိကို သိလိုခြင်းမေးခွန်းနှင့်စပ်လျဉ်း၍ အမျိုးသားစီမံကိန်း၊ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးကျော်ထင်က နိုင်ငံတော်တွင် အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း၏ အရည်အသွေးနှင့် ယှဉ်ပြိုင်နိုင်စွမ်းကို မြှင့်တင်နိုင်ရန်အတွက် နိုင်ငံတော်သမ္မတရုံး၏ စီမံကိန်းဘဏ် (Project Bank) ဆိုင်ရာ ညွှန်ကြားချက်တွင် အစိုးရ- ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုကိစ္စရပ်များကို အခန်း ၄ မှ အခန်း ၁၀ အထိ ထည့်သွင်းဆောင်ရွက်ထားပါကြောင်း။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဗဟိုဌာန (PPP Center) ကလည်း အစိုးရက ဖိတ်ခေါ်ခြင်းမရှိဘဲ မိမိဆန္ဒအလျောက်တင်သွင်းသည့် စီမံကိန်းအဆိုပြုလွှာများ ယှဉ်ပြိုင်တင်ဒါခေါ်ယူမှုလုပ်ငန်းစဉ်ဆိုင်ရာ လုပ်ထုံးလုပ်နည်းကို အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး၏ ညွှန်ကြားချက်ထုတ်ပြန်ထားပါကြောင်း။

PPP နှင့် စပ်လျဉ်းပြီး အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ညွှန်ကြားချက် (Notification of PPP) ကို ရေးဆွဲပြီး ဥပဒေရေးရာဝန်ကြီးဌာနသို့ သဘောထားတင်ပြတောင်းခံထားပါကြောင်း။

လက်ရှိအချိန်တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ စာရင်းအရ အစိုးရ-ပုဂ္ဂလိကအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၃၆ ခု၊ ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၇၃၂၅ ဒသမ ၂၉၈ (ခုနစ်ထောင်သုံးရာနှစ်ဆယ့်ငါး ဒသမနှစ်ကိုးရှစ်) သန်း၊ မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇၅ ခု၊ ရင်းနှီးမြှုပ်နှံမှု ပမာဏကျပ် ၈ ဒသမ ၆၂၇ (ကျပ် ရှစ်ဒသမခြောက်နှစ်ခုနစ်) ထရီလီယံကျော်ရှိပါကြောင်း၊ အဆိုပါလုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ပြင် သီလဝါဆိပ်ကမ်းတွင် ကုမ္ပဏီ ၂၂ ခုမှ ပြည်ထောင်စုအစိုးရအဖွဲ့နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ခွင့်ပြုမိန့်ရယူပြီး သက်ဆိုင်ရာဥပဒေနှင့် လုပ်ငန်းလည်ပတ်ဆောင်ရွက်လျက်ရှိပါကြောင်း။

အာဆီယံနိုင်ငံများတွင်လည်း PPP Law ပြဋ္ဌာန်း၍ ဆောင်ရွက်သည့် နိုင်ငံလေးနိုင်ငံရှိပြီး မြန်မာနိုင်ငံအပါအဝင် ခုနစ်နိုင်ငံတွင် လမ်းညွှန်ချက်၊ စည်းမျဉ်း၊ ဒီကရီ၊ အက်ဥပဒေနှင့် PPP လက်စွဲတို့ဖြင့် လုပ်ငန်းဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရပါကြောင်း၊ သို့ဖြစ်၍ ဥပဒေသီးခြားမပြဋ္ဌာန်းဘဲ အခြားဆောင်ရွက်နိုင်သည့် နည်းလမ်းများဖြင့် PPP လုပ်ငန်းများ အကောင်အထည်ဖော်မှုကို အားကောင်းစွာ ဆောင်ရွက်လျက်ရှိပါကြောင်း။

အစိုးရ-ပုဂ္ဂလိက ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်းများကို အစိုးရဌာန၊ အဖွဲ့အစည်းများအနေဖြင့် ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များ၊ သက်ဆိုင်ရာဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်ဆောင်ရွက်နိုင်ပါကြောင်း ပြန်လည်ဖြေကြားသည်။

မိုင်းယန်းမဲဆန္ဒနယ်မှ ဦးစိုင်းဆမ်၏ မိုင်းယန်းမြို့အတွက် မဟာဓာတ်အား လိုင်းခွဲစက်ရုံကို လာမည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးနိုင်ခြင်းအစီအစဉ် ရှိ၊ မရှိနှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်ပေးမည်ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးကျော်က မိုင်းယန်းမြို့သည် မြို့ပေါ် ၁၁ ရပ်ကွက်တွင် အိမ်ထောင်စု ၁၃၈၂ စုနှင့် ကျေးရွာအုပ်စုနှစ်အုပ်စုတွင် အိမ်ထောင်စု ၉၁၁ စုရှိပြီး လက်ရှိတွင် မြို့ပေါ် ၁၁ ရပ်ကွက်ရှိ အိမ်ထောင်စု ၆၀၄ စုအား 300kVA Cater-pillar နှင့် 500kVA MTU ဒီဇယ်ဓာတ်အား ပေးစက်နှစ်လုံးတို့ဖြင့် တစ်ရက်လျှင် သုံးနာရီဓာတ်အားဖြန့်ဖြူးပေးလျက်ရှိပါကြောင်း။

မိုင်းယန်းမြို့အား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးမည်ဆိုပါက မိုင်းခတ် - မိုင်းယန်း ၆၆ကေဗွီ ဓာတ်အားလိုင်း ၂၂ မိုင်နှင့် ၆၆/၁၁ ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်သွားမည်ဆိုပါက ခန့်မှန်းကုန်ကျစရိတ် ငွေကျပ် ၁၀ ဒသမ ၁၀၅ ဘီလီယံခန့် ကုန်ကျမည်ဖြစ်ပြီး မိုင်းယန်းမြို့နှင့် ပတ်ဝန်းကျင်ကျေးရွာခုနစ်ရွာရှိ အိမ်ထောင်စုပေါင်း ၁၉၂၀ အား ဓာတ်အားဖြန့်ဖြူးပေးနိုင်မည်ဖြစ်ပါကြောင်း။

သို့ဖြစ်၍ မိုင်းယန်းမြို့အား နိုင်ငံတော်ဓာတ်အားစနစ်ဖြင့် ဓာတ်အားဖြန့်ဖြူးပေးနိုင်ရေးအတွက် မိုင်းခတ်-မိုင်းယန်း ၆၆ ကေဗွီ ဓာတ်အားလိုင်း ၂၂ မိုင်နှင့် ၆၆/၁၁ကေဗွီ၊ ၅ အမ်ဗွီအေ ဓာတ်အားခွဲရုံတစ်ရုံ တည်ဆောက်ခြင်းလုပ်ငန်းအား ၂၀၂၇-၂၀၂၈ ဘဏ္ဍာရေးနှစ်တွင် ဓာတ်အားလိုင်း မြေပြင်ကွင်းဆင်းတိုင်းတာခြင်းလုပ်ငန်း (Survey) အား စတင်လျာထားဆောင်ရွက်သွားမည်ဖြစ်ပြီး ၂၀၂၈-၂၀၂၉ ဘဏ္ဍာရေးနှစ်မှစတင်၍ ပြည်ထောင်စုရန်ပုံငွေခွင့်ပြုရရှိမှုအရ ဆက်လက်လျာထားဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တာချီလိတ်မဲဆန္ဒနယ်မှ ဦးကျော် ငြိမ်းအောင်၏ အစိုးရ၊ တာချီလိတ်မြို့ မီးလင်းရေးဦးဆောင်ကော်မတီနှင့် “ဝေ” မိသားစုကုမ္ပဏီလီမိတက်တို့အကြား မီတာခတစ်ယူနစ်ဈေးနှုန်းထားနှင့် မီတာဘောက်တစ်လုံးလျှင် ရောင်းချရမည့် ဈေးနှုန်းသတ်မှတ်ချက် သဘောတူစာချုပ် ရှိပါသလား၊ ရှိပါက သတ်မှတ်ထားသည့် ဈေးနှုန်းကိုသိရှိလိုကြောင်းနှင့် နိုင်ငံတော်မှ သတ်မှတ်ထားသည့် ဈေးနှုန်းများအတိုင်း ရောင်းချပေးခြင်းမရှိခဲ့ပါက မည်သို့ကြပ်မတ်အရေးယူဆောင်ရွက်သွားမည်ကို သိရှိလိုကြောင်း မေးခွန်းနှင့် စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဦးအေးကျော်က တာချီလိတ်မြို့နယ်တွင် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးခြင်းနှင့် စပ်လျဉ်း၍ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနသည် တာချီလိတ်မြို့နယ် မီးလင်းရေးကော်မတီအား ၂၀၀၂ ခုနှစ် အောက်တိုဘာလ ၃၀ ရက်မှစတင်၍ လုပ်ကိုင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ လုပ်ကိုင်ခွင့်ပြုခြင်းကိုလည်း နှစ်စဉ်တစ်နှစ်လျှင်တစ်ကြိမ် သက်တမ်းတိုး၍ ဆောင်ရွက်ခွင့်ပြုလျက်ရှိရာ ယခုသက်တမ်းခွင့်ပြုထားမှုမှာ ၂၀၂၆ခုနှစ် အောက်တိုဘာ ၃၀ ရက်အထိ ဖြစ်ပါကြောင်း။

တာချီလိတ်မြို့ မီးလင်းရေးကော်မတီသည် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ သဘောတူထောက်ခံချက်ဖြင့် တာချီလိတ်မြို့နေ မီးသုံးစွဲသူဦးရေ ၁၂၉၇၇ ဦးအား ဓာတ်အားပေးလျက်ရှိပြီး ကောက်ခံလျက်ရှိသည့် တစ်ယူနစ်ဓာတ်အားခနှုန်းထားများမှာ ဘာသာ/ သာသနာ ၅ ဒသမ ၀၀ ဘတ်၊ ဌာနဆိုင်ရာ ၅ ဒသမ ၈၀ ဘတ်၊ အများပြည်သူသုံး ၅ ဒသမ ၈၀ ဘတ်နှင့် ပါဝါမီတာ ၇ ဒသမ ၂၀ ဘတ်တို့ဖြစ်ပြီး မီတာဘောက်သတ်မှတ်ကြေးများမှာ အထွေထွေအိမ်သုံး ၈၀၀၀ ဘတ်နှင့် ပါဝါမီတာ/ စီတီမီတာ ၁၅၀၀ဝ ဘတ်တို့ဖြစ်ပါကြောင်း။

၂ဝ၂၆ ခုနှစ် မတ်လအထိ အထက်ဖော်ပြပါနှုန်းများဖြင့် ကောက်ခံခဲ့ပြီး ကမ္ဘာ့လောင်စာဆီနှုန်း တိုးမြင့်မှုများကြောင့် ဓာတ်အားသုံးစွဲသူများ၏ ဝန်ထုပ်ဝန်ပိုးလျော့ကျစေရန် ၂၀၂၆ ခုနှစ် ဧပြီ၊ မေ၊ ဇွန် ၃ လအတွက် တစ်ယူနစ်လျှင် ဝ ဒသမ ၁ ဘတ်နှုန်းလျှော့ချ၍ အိမ်သုံးတစ်ယူနစ်လျှင် ၅ ဒသမ ၇ ဘတ်နှုန်း၊ လုပ်ငန်းသုံးတစ်ယူနစ်လျှင် ၇ ဒသမ ၁ ဘတ်နှုန်းဖြင့် ပထမအကြိမ် လျှော့ချပြောင်းလဲကောက်ခံသွားမည်ဖြစ်ကြောင်း မီးလင်းရေးကော်မတီမှ မီးသုံးသူများသို့ အသိပေးဆောင်ရွက်လျက်ရှိပါကြောင်း။

သို့ဖြစ်၍ တာချီလိတ်မြို့ မီးလင်းရေးကော်မတီအနေဖြင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရောင်းချခွင့် စာချုပ်ပါအရ ဓာတ်အားခနှုန်းထားများကို ဓာတ်အားသုံးစွဲသူတို့နှင့် ညှိနှိုင်း၍ သက်ဆိုင်ရာ ဒေသအာဏာပိုင်များထံ တင်ပြအတည် ပြုချက်ရယူ၍ စည်းကြပ်ကောက်ခံခြင်းဖြစ်ပြီး တာချီလိတ်မြို့ မီးလင်းရေးကော်မတီနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူး ရေးလုပ်ငန်းတို့အကြား လျှပ်စစ်မီတာခတစ်ယူနစ်တွင် ဈေးနှုန်းထားမည်မျှရောင်းချရမည်၊ လျှပ်စစ်မီတာဘောက်တစ်လုံးလျှင် ဈေးနှုန်းထားမည်မျှ ရောင်းချရမည်ဆိုသည့် သတ်မှတ်ချက်နှုန်းထားများကို သဘောတူချုပ်ဆိုထားခြင်းမရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

အမရပူရမဲဆန္ဒနယ်မှ ဦးသိန်းထွန်းဦး၏ မန္တလေးငလျင်ဘေးဒဏ်သင့် မြို့နယ်များတွင် ထပ်တိုးစာရင်းများ ကောက်ယူခဲ့ခြင်း ရှိ၊ မရှိနှင့် ပြည်သူ့ကိုယ်စားလှယ်များ ပူးပေါင်းပါဝင်သည့် အဖွဲ့များဖွဲ့စည်း၍ ငလျင်ဘေးဒဏ်သင့်စာရင်းများကောက်ယူပြီး နိုင်ငံတော်က ကူညီထောက်ပံ့ခြင်းနှင့် ပြန်လည်ထူထောင်ခြင်းလုပ်ငန်းများကို ဖြည့်ဆည်း ဆောင်ရွက်ပေးရန်နှင့် ဆောင်ရွက်ပေးမည်ဆိုပါက မည်သည့်အချိန်တွင် ဆောင်ရွက်ပေးမည်တို့ကို သိရှိလိုခြင်းမေးခွန်းနှင့် စပ်လျဉ်း၍ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်တွင် မန္တလေးငလျင်ကြောင့် ပျက်စီးခဲ့သည့် တိုင်းဒေသကြီးနှင့် ပြည်နယ်ရှစ်ခုရှိ နေအိမ် ၅၁၄၀၂ လုံးပြုပြင်ရန် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီရန်ပုံငွေမှ ငွေကျပ် ၁၆၀၂ ဒသမ ၇၉၂ ဘီလီယံကို သုံးစွဲခွင့်ပြုပါရန် နိုင်ငံတော်အကြီးအကဲထံ တင်ပြခွင့်ပြုချက်ရယူကာ သက်ဆိုင်ရာ တိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များ၏ သဘာဝဘေးစီမံခန့်ခွဲမှု ရန်ပုံငွေစာရင်းသို့ လွှဲပြောင်းထောက်ပံ့ခဲ့ပါ‌ကြောင်း၊ ထို့ပြင် နေပြည်တော်အပါအဝင် တိုင်းဒေသကြီး ပြည်နယ်ငါးခုမှ သေဆုံးသူ ၃၆၄၀ အတွက် တစ်ဦးလျှင် ငွေကျပ် ၁၀ သိန်းနှုန်းဖြင့် စုစုပေါင်းငွေကျပ် ၃ ဒသမ ၆၄၀ ဘီလီယံနှင့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ရန်ပုံငွေမှ ဘေးသင့်နေအိမ်၊ ဘာသာရေးကျောင်းများနှင့် သေဆုံး/ဒဏ်ရာရရှိသူ မိသားစုဝင်များအတွက် စုစုပေါင်းငွေကျပ် ၇၅၁၂ ဒသမ ၄၉၆ သန်းကို ထောက်ပံ့ပေးခဲ့ပြီးဖြစ်ပါကြောင်း။

မန္တလေးငလျင်ကြီးလှုပ်ခတ်ခဲ့စဉ်က အကြောင်းအမျိုးမျိုးကြောင့် ကျန်ရှိသည့် နေအိမ်ပျက်စီးမှု စာရင်းများအား ကောက်ယူရန် ညွှန်ကြားချက်ရရှိပါက သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ် အစိုးရအဖွဲ့များအနေဖြင့် စနစ်တကျပြန်လည်စိစစ်ကာ ပြည်သူ့ကိုယ်စားလှယ်များနှင့် ပူးပေါင်း၍ စာရင်းကောက်ယူခြင်း၊ နေအိမ်အမျိုးအစားအလိုက် လုံးဝပျက်စီးခြင်း၊ တစ်စိတ်တစ်ပိုင်း ပျက်စီးမှုအခြေအနေများ ခွဲခြားပြုစုခြင်းဆိုင်ရာအလိုက် ဆောင်ရွက်ပေးနိုင်မှု အခြေအနေဖော်ထုတ်ခြင်း၊ ငလျင်လှုပ်ခတ်မှုကာလ တစ်နှစ်ကျော်ကြာမြင့်ပြီဖြစ်၍ ယခင်က ကောက်ယူထောက်ပံ့ပြီးသော စာရင်းများနှင့် ပြန်လည်နှိုင်းယှဉ်ချိန်ညှိခြင်း၊ သတ်မှတ်ချက်များနှင့်အညီ ကောက်ယူပြီး စာရင်းများကို တိုင်းဒေသကြီး/ ပြည်နယ်အစိုးရအဖွဲ့များမှ စိစစ်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီသို့ ထပ်တိုးစာရင်းများ ထောက်ပံ့နိုင်ရေး တင်ပြဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြန်လည်ဖြေကြားသည်။

တွံတေးမဲဆန္ဒနယ်မှ ဦးဝင်းမြင့်၏ တွံတေးမြို့နယ်ရှိ ပယ်ဖျက်ရန် ကျန်ရှိနေသော စားကျက်မြေ ၂၆၈၁ ဧကအား စားကျက်မြေအဖြစ်မှ ပယ်ဖျက်ပေးနိုင်ခြင်းအစီအစဉ် ရှိ၊ မရှိအား သိရှိလိုခြင်း မေးခွန်းနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီး ဗိုလ်ချုပ်မင်းသူက တွံတေးခရိုင် တွံတေးမြို့နယ်အတွင်း ကျေးရွာအုပ်စု ၁၀ အုပ်စု၌ စုစုပေါင်းစားကျက်မြေဧရိယာ ၃၇၃၂ ဧက ရှိပါကြောင်း၊ ယင်းအနက် ဧရိယာ ၁၀၅၀ ဒသမ ၈၁ ဧကမှာ စားကျက်မြေပယ်ဖျက်ခွင့်ပြုပြီးဖြစ်သဖြင့် လက်ရှိတွင် စားကျက်မြေဧရိယာ ၂၆၈၁ ဒသမ ၁၉ ဧက ကျန်ရှိနေသေးပါကြောင်း၊ အဆိုပါကျန်ရှိနေသော စားကျက်မြေများပေါ်တွင် ဒေသခံပြည်သူများက လူနေအိမ်များ၊ မိုးစပါးနှင့် ရာသီသီးနှံစိုက်ပျိုးခြင်း၊ ငါးကန်၊ ဆေးခန်း၊ ဆန်စက်/ရေခဲစက်၊ လမ်း၊ မြစ်/ချောင်း၊ ရွာမြေ၊ ပလပ်မြေ၊ သုသာန်မြေ၊ သာသနာ့မြေနှင့် ဘောလုံးကွင်းများအဖြစ် မြေပြင်တွင် ကျူးလွန်အသုံးပြုထားသည်ကို စိစစ်တွေ့ရှိရပါကြောင်း။

မြေပြင်တွင် ကျူးလွန်အသုံးပြုထားမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့က စိစစ်၍ အများပြည်သူအကျိုးအတွက် မဖြစ်မနေအသုံးပြုရန်လိုအပ်ပါက နိုင်ငံတော်သမ္မတရုံးသို့တင်ပြ၍ ခွင့်ပြုချက်ရယူကာ စားကျက်မြေပယ်ဖျက်ခွင့်ရရှိရေး ပြည်ထဲရေးဝန်ကြီးဌာနသို့ လျှောက်ထားရမည်ဖြစ်ပါကြောင်း၊ ပယ်ဖျက်ခွင့်ရရှိပါက မြေပြင်အသုံးချမှုအပေါ်မူတည်၍ ဌာနဆိုင်ရာမြေ၊ လယ်ယာစိုက်ပျိုးရေးမြေ သို့မဟုတ် ကျေးရွာမြေအဖြစ် မြေစာရင်းဦးစီးဌာနမှ မြေအမျိုးအစားပြောင်းလဲမှတ်သားပြီး ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါကြောင်း၊ ရန်ကုန်တိုင်းဒေသကြီးအတွင်း စားကျက်မြေအဖြစ်တည်ရှိမှုမှာ ၉၉၂၂၁ ဒသမ ၂၈ ဧကရှိပြီး ၎င်းအနက်မှ ၄၄၃၈၀ ဒသမ ၀၄ ဧကအား ပယ်ဖျက်ပေးခဲ့ပြီးဖြစ်ကာ ကျန်ရှိသော ၅၄၈၄၁ ဒသမ ၂၄ ဧကအား ဆက်လက်ထိန်းသိမ်းစောင့်ရှောက်လျက်ရှိပါကြောင်း။

ထို့ပြင် နေပြည်တော် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ကျွဲ၊ နွား၊ တိရစ္ဆာန်များအတွက် သတ်မှတ်ထားသော စားကျက်မြေများ လျော့နည်းမှုမရှိစေရေး ထိန်းသိမ်းရမည်ဖြစ်သော်လည်း နိုင်ငံတော်စီမံကိန်းနှင့် အများပြည်သူအကျိုးအတွက် ဆောင်ရွက်ရန်လိုအပ်လာပါက ပြဋ္ဌာန်းထားသည့် ဥပဒေများနှင့်အညီ စားကျက်မြေပယ်ဖျက်ရေးကို ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာ နေပြည်တော်၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တို့၏ စိစစ်တင်ပြမှုအပေါ် နိုင်ငံတော်သမ္မတရုံးမှ မူအားဖြင့်ခွင့်ပြုပါက ပြည်ထဲရေးဝန်ကြီးဌာနမှ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း ပြန်လည်ဖြေကြားသည်။

ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ကျန်းမာရေးနှင့် အားကစားဆိုင်ရာကော်မတီဖွဲ့စည်းမှုနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေး တို့နှင့်စပ်လျဉ်းသည့် ရှင်းလင်းတင်ပြချက်များကို လွှတ်တော်၏ အတည်ပြုချက်ရယူရာ လွှတ်တော်ကသဘောတူသည့်အတွက် ကော်မတီဥက္ကဋ္ဌအဖြစ် လားရှိုးမဲဆန္ဒနယ်မှ ဒေါက်တာမျိုးထွန်း၊ အတွင်းရေးမှူးအဖြစ် မှော်ဘီမဲဆန္ဒနယ်မှ ဒေါက်တာနေလင်းအပါအဝင် အဖွဲ့ဝင် ၁၅ ဦးဖြင့် တာဝန်ပေးအပ်ဖွဲ့စည်းကြောင်းနှင့် ကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်းနှင့် ကော်မတီအစည်းအဝေးတို့ကို လွှတ်တော်က အတည်ပြုကြောင်း ကြေညာသည်။

ဆက်လက်၍ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီဖွဲ့စည်းရေးနှင့် စပ်လျဉ်း၍ လွှတ်တော်သို့တင်ပြပြီး ဒုတိယဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီ၏ တာဝန်၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်၊ သက်တမ်း၊ ကော်မတီအစည်းအဝေးများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက နယ်စပ်ဒေသ၊ တိုင်းရင်းသားရေးရာနှင့် ငြိမ်းချမ်းရေးကော်မတီကို အဖွဲ့ဝင် ၁၅ ဦးဖြင့် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်းနှင့် ကော်မတီဥက္ကဋ္ဌအဖြစ် မကွေးမဲဆန္ဒနယ်မှ ဦးစိုးတင့်နိုင်နှင့် အတွင်းရေးမှူးအဖြစ် မင်းလှမဲဆန္ဒနယ်မှ ဦးရဲထွဋ်အောင်တို့ကို တာဝန်ပေးအပ်ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း လွှတ်တော်သို့ တင်ပြသည်။

ယင်းနောက် တတိယအကြိမ် ပြည်သူ့လွှတ်တော် ဒုတိယပုံမှန်အစည်းအဝေး စတုတ္ထနေ့ရပ်နားလိုက်ပြီး အစည်းအဝေးပဉ္စမနေ့ကို ဇွန် ၁၀ ရက်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်