တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် 2019 Novel Coronavirus (2019-nCoV)ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍နောက်ဆုံးရသတင်းများအား တင်ပြခြင်း (၂၂-၁-၂၀၂၀)

တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် 2019 Novel Coronavirus (2019-nCoV)ကြောင့်ဖြစ်ပွားသော အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍နောက်ဆုံးရသတင်းများအား တင်ပြခြင်း (၂၂-၁-၂၀၂၀)


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / January 23, 2020


၁။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနအနေဖြင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV)ကြောင့်ဖြစ်ပွားသည့် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနများ၊ လေဆိပ်၊ ရေဆိပ်နှင့် နယ်စပ်ဝင်/ထွက်ပေါက်များ၊ အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့်ထိစပ်နေသော နယ်စပ် ဝင်/ ထွက်ပေါက်များတွင် အဖျားရောဂါနှင့် တုပ်ကွေး ဆန်သောရောဂါ လက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင်ရွက်ခြင်း လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပါသည်။

၂။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ (၂၁-၁-၂၀၂၀) ရက်စွဲဖြင့် ထုတ်ပြန်ချက်အရ (၂၀-၁-၂၀၂၀) ရက်နေ့အထိ တရုတ်ပြည်သူ့ သမ္မတ နိုင်ငံတွင် 2019 Novel Coronavirus (2019-nCoV) ဓာတ်ခွဲ အတည်ပြုလူနာ (၂၇၈) ဦးရှိကြောင်းသိရှိရပြီး Hubei Province တွင် (၂၅၈) ဦး၊ Guangdong Province တွင် (၁၄) ဦး၊ Beijing Municipality တွင် (၅) ဦး၊ Shanghai Municipality တွင် (၁) ဦးတို့ဖြစ်ကြောင်း သိရှိရပါသည်။ ဓာတ်ခွဲအတည်ပြု ရောဂါပိုးတွေ့ရှိရသူများအနက် (၅၁) ဦးမှာရောဂါပြင်းထန်လျက်ရှိပြီး (၁၂) ဦးမှာ စိုးရိမ်ရသည့်အခြေအနေတွင် ရှိကြောင်း သိရှိရပါ သည်။

၃။ တရုတ်ပြည်သူ့သမ္မတနိုင်ငံပြင်ပတွင် (၂၂-၁-၂၀၂၀) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြုလူနာတွေ့ရှိရမှုအဖြစ် ထိုင်းနိုင်ငံတွင် (၂) ဦး၊ ဂျပန်နိုင်ငံတွင် (၁) ဦး၊ တောင်ကိုရီးယားနိုင်ငံတွင် (၁) ဦးနှင့် အမေရိကန်ပြည်ထောင်စုတွင် (၁) ဦး ရှိကြောင်း သိရှိရပါသည်။

၄။ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဝူဟန်မြို့တွင် (၂၂-၁-၂၀၂၀) ရက်နေ့အထိ ဓါတ်ခွဲအတည်ပြု သေဆုံးလူနာ (၆) ဦးရှိကြောင်း သိရှိရပြီး သေဆုံးသူများမှာ အသက်အရွယ်ကြီးရင့်သူများနှင့် နာတာရှည် ရောဂါအခံရှိသူများဖြစ်ကြောင်း သိရှိရပါသည်။

၅။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှလည်း တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိသော 2019 Novel Coronavirus (2019-nCoV) ရောဂါပိုးနှင့်ပတ်သက်၍ အပြည်ပြည်ဆိုင်ရာကျန်းမာရေးပြဋ္ဌာန်းချက် (၂၀၀၅) နှင့်အညီ (၂၂-၁-၂၀၂၀) ရက်နေ့တွင် အရေးပေါ် အစည်းအဝေးတစ်ရပ် ကျင်းပရန်စီစဉ်လျက် ရှိပြီး ၎င်းအစည်းအဝေးတွင် ယခုရောဂါဖြစ်ပွားမှုဖြစ်စဉ်အား ပြည်သူ့ကျန်းမာရေး အရေးပေါ် အခြေအနေ (Public Health Emergency of International Concern – PHEIC) ကြေညာရန် သင့်၊ မသင့်နှင့် ရောဂါကာကွယ်ထိန်းချုပ်ရေး နည်းလမ်းများနှင့်ပတ်သက်၍ ဆွေးနွေးကြမည်ဖြစ်ကြောင်း သိရှိရပါသည်။

၆။ လက်ရှိဖြစ်ပွားနေသော 2019 Novel Coronavirus (2019-nCoV) သည် ယခင်ဖြစ်ပွားခဲ့သော ဆားစ်ရောဂါ (SARS) နှင့် မားစ်ရောဂါ (MERS) တို့ကို ဖြစ်ပွားစေခဲ့သော Virus ပိုးများနှင့် မျိုးနွယ်အုပ်စုတူသော ရောဂါပိုးအမျိုးအစားဖြစ်သော်လည်း လက်ရှိဖြစ်ပွားနေသော အခြေအနေသည် လူမှတစ်ဆင့်လူသို့ ကူးစက်နိုင်ခြင်းရှိ/မရှိနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေး အဖွဲ့မှ “Limited Human to Human transmission” ဟု ပဏာမထုတ်ပြန်ထားပြီး Novel Coronavirus (နိုဗယ် ကိုရိုနာဗိုင်းရပ်စ်) ရောဂါပိုးကူးစက်မခံရအောင် ကာကွယ်နိုင်မည့် နည်းလမ်းများအနေဖြင့်-

- ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ နှာချေခြင်းစသည့် အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ခံစားနေရသော သူများနှင့် အနီးကပ်နေထိုင်ခြင်းမှ ရှောင်ကြဉ်ခြင်း၊

- လူထူထပ်သောနေရာများကို သွားလာခြင်းမှရှောင်ကြဉ်ခြင်း၊

- နှာချေ၊ ချောင်းဆိုးသည့်အခါ နှာခေါင်းနှင့်ပါးစပ်လုံခြုံအောင် ဖုံးအုပ်ထားသောအဝတ်နှင့်နှာခေါင်းစည်း အသုံးပြုခြင်း၊

- တိရစ္ဆာန်များနှင့် အကာအကွယ်မရှိဘဲ တိုက်ရိုက်ထိတွေ့ခြင်းမှရှောင်ကြဉ်ခြင်း၊

-လူနာနှင့်ထိတွေ့သောအရာဝတ္ထုများအား အသုံးပြုကိုင်တွယ်ပြီးတိုင်းနှင့် လူနာနှင့်တိုက်ရိုက်ထိတွေ့ပြီးသည့်အခါတိုင်း စနစ်တကျလက်ဆေးခြင်း၊

- ကျန်းမာရေးဝန်ထမ်းများအနေဖြင့် လူနာအား ထိတွေ့ကိုင်တွယ်ရသည့်အချိန်တိုင်း မိမိကိုယ်ကို ရောဂါပိုးကူးစက်ခံရခြင်း မရှိစေရန် Infection Prevention and Control အား အထူးဂရုပြု လိုက်နာခြင်း၊

- အပြည်ပြည်ဆိုင်ရာလေဆိပ်များသို့ လေကြောင်းခရီးမှတစ်ဆင့် ဝင်ရောက်လာသောပြည်တွင်း/ ပြည်ပခရီးသွားများအနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော အပြည်ပြည်ဆိုင်ရာ ခရီးသွားများအတွက် ကျန်းမာရေးဆိုင်ရာ အကြံပေးချက်(Travel Advice) ကို လိုက်နာခြင်းတို့ဖြင့် ကာကွယ်နိုင်ပါသည်။

၇။ 2015 Novel Coronavirus (2019-nCoV) ရောဂါဖြစ်ပွားမှုနှင့်ပတ်သက်၍ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ တရားဝင် Website (https://www. mohs.gov. mm/) နှင့် Myanmar CDC Facebook Page (https://web.facebook.com/ Myanmar CDC) တို့ မှတစ်ဆင့် သွားမည်ဖြစ်ပြီး ပြည်သူများအနေဖြင့်လည်း ထုတ်ပြန်သော ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက် များကိုလည်း စနစ်တကျ လိုက်နာဆောင်ရွက်ကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန

HOT NEWS
January 4,