ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား

ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှု ကော်မတီ အစည်းအဝေးသို့ တက်ရောက်အမှာစကားပြောကြား


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 20, 2021
image_latest


နေပြည်တော် ဇန်နဝါရီ ၂၀

မြန်မာနိုင်ငံတွင် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေးကို ယနေ့မွန်းလွဲ ၂ နာရီတွင် နေပြည်တော်ရှိ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြန်မာနိုင်ငံတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၊ ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူ တက်ရောက် အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာ မျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဦးဟန်ဇော်၊ ပြည်ထောင်စု ရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်များ၊ ညွှန်ကြားရေး မှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေးတွင် ဒုတိယသမ္မတက ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နှစ်နိုင်ငံ သားစနစ်ကို ခွင့်ပြုထားခြင်း မရှိသည့် အတွက် မြန်မာနိုင်ငံ၌ လာရောက်ရင်းနှီး မြှုပ်နှံလိုသူ များနှင့် ကျွမ်းကျင်ပညာရှင်များ၊ ကျွမ်းကျင်ပညာရှင် မဟုတ်သော်လည်း အမျိုးသား ရင်ကြားစေ့ရေး လုပ်ငန်းစဉ်ပါ နိုင်ငံ၏အကျိုးကို ဖော်ဆောင်လိုသည့် မြန်မာနိုင်ငံ သားဟောင်းများနှင့် ဆက်စပ် နိုင်ငံခြားသားများ၊ ၎င်းတို့၏မှီခိုသူ မိသားစုဝင်များ၊ တစ်ဖက်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူထားခြင်းကို စွန့်လွှတ်စရာမလိုဘဲ မြန်မာနိုင်ငံ၏ ပြုပြင် ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အရှိန်အဟုန်ဖြင့် ပါဝင်ဆောင်ရွက်နိုင်မည့်အပြင် နိုင်ငံတော်၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်း ဖြစ်ပါကြောင်း။

ပြည်ထောင်စုအစိုးရအဖွဲ့ အတည်ပြုချက်အရ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ဆိုင်ရာ နည်း ဥပဒေများကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဌာနက အမိန့်ကြော်ငြာစာအမှတ် (၁/၂၀၁၄) ဖြင့် ထုတ်ပြန် ခဲ့ပါကြောင်း၊ ပြည်ထောင်စုအစိုးရအဖွဲ့ အနေဖြင့် စီမံခန့်ခွဲမှုကော်မတီ၊ ဗဟိုကော်မတီနှင့် လုပ်ငန်းကော်မတီတို့ကို ဖွဲ့စည်း ခဲ့ပါကြောင်း။

အစိုးရသစ်လက်ထက် နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် စီမံခန့်ခွဲမှုကော်မတီကိုလည်းကောင်း၊ နိုင်ငံခြားသား အမြဲနေထိုင် ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ ကိုလည်းကောင်း၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်ပြုခြင်းဆိုင်ရာ အကောင်အထည်ဖော်ရေး လုပ်ငန်းကော်မတီကိုလည်းကောင်း အသစ်ပြင်ဆင် ဖွဲ့စည်းခဲ့ပါကြောင်း၊ “နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ” ထုတ်ပြန်ခဲ့သည့်အတွက် ထူးခြားမှုအနေဖြင့် ပြည်ပရှိ မြန်မာသံရုံး၊ ကောင်စစ်ဝန်ချုပ်ရုံးနှင့် အဖွဲ့ရုံးများတွင်လည်း နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် လျှောက်ထားနိုင်မှုကို အဓိက ပြင်ဆင် ဖြည့်စွက်ခဲ့ပါကြောင်း။

မိမိတို့အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက် အထိ လျှောက်ထားသူ (၄၃၄) ဦး၊ ၂၀၁၅ ခုနှစ်မှ လျှောက်ထားသူ အပါအဝင် ခွင့်ပြုသူ (၄၄၄) ဦး၊ ငြင်းပယ်ခဲ့သူ (၄) ဦး၊ စိစစ်ဆဲ (၁) ဦးရှိပါကြောင်း၊ အကြောင်း အမျိုးမျိုးကြောင့် လူတွေ့ လာရောက် စစ်ဆေးခံရန် (၁၀) ဦးကျန်ရှိပါကြောင်း။

မိမိတို့အစိုးရလက်ထက် ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ဆောင်ရွက်မှုမှရရှိသည့် နိုင်ငံခြားရငွေမှာ ကနဦး လျှောက်ထားခြင်းမှ အမေရိကန်ဒေါ်လာ (၁၅၀,၀၀၀)၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့် စနစ် လက်မှတ်နှင့် ကတ်ပြားထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ (၂၃၇,၅၀၀)၊ နှစ်စဉ် သက်တမ်း ပြန်လည် အတည်ပြုခြင်းမှ အမေရိကန်ဒေါ်လာ (၁,၀၃၈,၆၀၀) ၊ စုစုပေါင်း အမေရိကန်ဒေါ်လာ (၁,၄၂၆,၁၀၀) ကို နိုင်ငံတော် အတွက် တစ်ဖက်တစ်လမ်းမှ ရှာဖွေပေးနိုင်ခဲ့ပါကြောင်း။

အကောင်အထည်ဖော်ရေး ဗဟိုကော်မတီက စိစစ်ခွင့်ပြုပြီးသူ စုစုပေါင်း ယနေ့အထိ (၆၁၇) ဦးရှိပါကြောင်း၊ ဗဟိုကော်မတီက စိစစ်ထားသည့်မိသားစုအပါအဝင် ဦးရေ (၇၀) ကို  ကိုဗစ်-၁၉ ရောဂါ ကင်းစင်ချိန်တွင် လူတွေ့စစ်ဆေးခံယူရန် ခေါ်ယူပြီး စိစစ်ဆောင်ရွက် ပြီးစီးမှုကို လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးကော်မတီသို့ တင်ပြကာ ခွင့်ပြုချက် ရရှိပါက ပြည်ထောင်စုအစိုးရအဖွဲ့ရုံးသို့ ဆက်လက်တင်ပြသွားမည် ဖြစ်ပါကြောင်း၊ ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက် ရရှိပါက လျှောက်ထားသူများအား နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လက်မှတ်နှင့် ကတ်ပြားများကို ဆက်လက်ထုတ်ပေးသွားရန် စီစဉ်ထားရှိပြီး ဖြစ်ပါကြောင်း။

ယခုအစည်းအဝေးသို့ တက်ရောက်လာကြသည့်  ကော်မတီဝင်များအနေဖြင့် နိုင်ငံခြား သားအမြဲနေထိုင်ခွင့်စနစ်နှင့် ပတ်သက်၍ ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးကြရန် တိုက်တွန်း လိုပါကြောင်း ပြောကြားသည်။

ထို့နောက် စီမံခန့်ခွဲမှုကော်မတီ အတွင်းရေးမှူး အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က နိုင်ငံခြားသား အမြဲနေထိုင် ခွင့်စနစ် စတင်ဆောင်ရွက်ခဲ့မှုနှင့် ကော်မတီအဆင့်ဆင့် ဖွဲ့စည်းဆောင်ရွက်မှု အခြေအနေ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်လျှောက်ထားမှု၊ ခွင့်ပြုလက်မှတ်နှင့် ကတ်ပြားထုတ်ပေးမှု အခြေ အနေများ၊ နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် နည်းဥပဒေများအရ ကိုက်ညီမှုမရှိ၍ ငြင်းပယ်မှုနှင့် စိစစ်ဆဲအခြေအနေများနှင့် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ် ဆောင်ရွက်ထားရှိမှုအခြေအနေ တို့ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီး၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးချမ်းအေးနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးသန်းအောင်ကျော် တို့က နိုင်ငံခြားသားများ အမြဲနေထိုင်ခွင့် လျှောက်ထား လာမှုများအပေါ် စိစစ်ဆောင်ရွက်မှု အခြေအနေများ၊ ပြည်ပကျွမ်းကျင်ပညာရှင်များ ပိုမိုလာရောက်ခြင်းဖြင့် နိုင်ငံ ဖွံ့ဖြိုးရေး အတွက် ရေရှည်အထောက်အကူဖြစ်နိုင်မည့် အခြေအနေများ၊ နိုင်ငံပိုင်လုပ်ငန်းများနှင့် ပုဂ္ဂလိက လုပ်ငန်းများ၌ ပြည်ပနိုင်ငံများမှ ရင်းနှီးမြှုပ်နှံသူများ ပိုမိုပါဝင်ဆောင်ရွက်နိုင်မည့် အခြေ အနေများ၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့် ဆိုင်ရာနည်းဥပဒေများနှင့် ပြင်ဆင်သည့်နည်းဥပဒေများ ပြဌာန်းဆောင်ရွက်နိုင်ခဲ့မှု အခြေအနေ၊ ပြည်ပရောက်မြန်မာနိုင်ငံသားဟောင်းမိသားစုများ ပိုမို ပေါင်းစည်းခွင့်ရပြီး ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ ထူထောင်မည့်လုပ်ငန်းစဉ်အား အထောက်အကူပြု နိုင်မှုအခြေအနေများကို အကြံပြုဆွေးနွေးကြရာ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ က သုံးသပ် ဖြည့်စွက်ဆွေးနွေး သည်။

ထို့နောက် စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ က အကြံပြုဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ပေါင်းစပ်ညှိနှိုင်းပေးပြီး နိဂုံးချုပ်အမှာစကားပြောကြားရာတွင် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်နှင့် ပတ်သက်၍ ခေတ်စနစ်နှင့်လျော်ညီစွာ ဆောင်ရွက် နိုင်ရေး ဖြည့်စွက် အကြံပြုချက်များ တင်ပြလာသဖြင့် ဝမ်းမြောက်မိပါကြောင်း၊ နိုင်ငံခြားသားအမြဲ နေထိုင်ခွင့် ဆိုင်ရာ နည်းဥပဒေ များကို ပြင်ဆင်ပြဋ္ဌာန်းလိုက်သည့်အတွက် နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်စနစ် လျှောက်ထားမှုကို စိတ်ဝင်စားမှု များပြားလာပြီး လျှောက်ထားသူ များလာသည့်အတွက် ဥပဒေပါပြဌာန်းချက်များနှင့်အညီ ဆက်လက်ဆောင်ရွက် ခွင့်ပြုပေးသွားမည် ဖြစ်ပါကြောင်း။

နိုင်ငံတော်အကြီးအကဲများ၏ လမ်းညွှန်ချက်အရ မြန်မာနိုင်ငံသားများ မည်သည့်နိုင်ငံသို့ ရောက်ရှိနေသည်ဖြစ်စေ၊ မည်သည့် နိုင်ငံသို့ သွားရောက်နေသည်ဖြစ်စေ မြန်မာနိုင်ငံသို့ ပြန်လာ မည်ဆိုပါက အချိန်မရွေး ကြိုဆိုလက်ခံလျက်ရှိပြီး နိုင်ငံခြားသား အမြဲနေထိုင်ခွင့် လျှောက်ထား လိုလျှင်လည်းကောင်း၊ မြန်မာနိုင်ငံသားအဖြစ် အပြီးတိုင် ပြန်လာလိုလျှင် လည်းကောင်း ဥပဒေအရ ငြိစွန်းခြင်းမရှိပါက ပြန်လည်လက်ခံ ဆောင်ရွက်ပေးနေသည်ကို မျက်မြင်ကိုယ်တွေ့ပင် ဖြစ်ပါကြောင်း။

ကိုဗစ်-၁၉ ရောဂါဖြစ်ပေါ်နေသည့် ကာလများအတွင်း ကမ္ဘာတစ်ဝန်းတွင် အကြောင်း အမျိုးမျိုးကြောင့် ဒုက္ခရောက်ရှိနေကြသည့် နိုင်ငံသားများကို စနစ်တကျစိစစ် လက်ခံပေးနေခြင်း၊ ယခင်ကပြည်ပတွင် ရောက်ရှိနေကြသည့် အမည်မည်းစာရင်း ရေးသွင်း ထားခြင်း ခံရသူများကိုလည်း ဥပဒေလုပ်ထုံးလုပ်နည်းနှင့်အညီ စိစစ်ပြီး အမည်မည်းစာရင်းမှ ပယ်ဖျက်ခြင်းများ ဆောင်ရွက် ပေးခဲ့ပါကြောင်း။

မိမိတို့မြန်မာနိုင်ငံသည် မိမိနိုင်ငံသား ဟုတ်မှန်လျှင် အယုတ်အလတ်အမြတ်မရွေး လက်ခံပါကြောင်း၊ မိမိနိုင်ငံသား ဟုတ်/မဟုတ် ကိုသာ ဥပဒေအရ စိစစ်လက်ခံနေခြင်းကို ကမ္ဘာသိအောင် မိမိတို့အစိုးရက အလုပ်ဖြင့် သက်သေပြလျက်ရှိပါကြောင်း၊ ကိုဗစ်-၁၉  ကာလတွင် မြန်မာနိုင်ငံ၏ရပ်တည်ချက်ကို ကွဲကွဲပြားပြားဖြစ်အောင် ထုတ်ဖော်ပြသ နိုင်ခဲ့ပါကြောင်း။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့် လျှောက်ထားလာမှုများနှင့် ပတ်သက်၍ ကော်မတီအဆင့်ဆင့်က အင်တိုက်အားတိုက် စီမံဆောင်ရွက်ခဲ့မှုကြောင့် နိုင်ငံတော်အတွက် နိုင်ငံခြားရငွေဖော် ဆောင်ပေးခဲ့ခြင်း၊ မြန်မာနိုင်ငံသားများအတွက် အကျိုးရှိမည့် အသိပညာရှင်၊ အတတ်ပညာရှင်များ ပိုမိုရရှိလာခြင်းနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုများပြားလာခြင်း အကျိုး ကျေးဇူးများ ရရှိခဲ့သည့်အတွက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါကြောင်း ပြောကြားသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,