နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့ အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း

နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေး တို့ အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးနှင့် စပ်လျဉ်း၍ မီဒီယာများနှင့် တွေ့ဆုံရှင်းလင်း


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 03, 2020
image_latest


နေပြည်တော် ဩဂုတ် ၂

အစိုးရနှင့် NCA-S EAO အလုပ်အဖွဲ့ ညှိနှိုင်းအစည်းအဝေးကို နေပြည်တော်ရှိ အမျိုးသား ပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန(NRPC) ၌ ဩဂုတ် ၁ ရက်နှင့် ယနေ့တွင် ကျင်းပရာ ယနေ့ညနေပိုင်းက အစည်းအဝေး အောင်မြင်စွာ ကျင်းပပြီးစီးသွားသည်။

အစည်းအဝေးအပြီးတွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနှင့် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေးတို့က မီဒီယာများနှင့် တွေ့ဆုံပြီး အစည်းအဝေးနှင့် စပ်လျဉ်း၍ ရှင်းလင်း ပြောကြား ကာ ၎င်းတို့၏ မေးမြန်းချက်များအား ပြန်လည်ဖြေကြားခဲ့သည်။

ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “ဒီနေ့ အစည်းအဝေးကတော့ မနေ့က အစည်းအဝေးရဲ့ အဆက်ဖြစ်ပါတယ်။ အစိုးရနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အလုပ်အဖွဲ့ကြားမှာ အဓိက ဆွေးနွေးတာကတော့ (၈) ကြိမ်မြောက် JICM ဆုံးဖြတ်ချက် အမှတ် (၁)၊ NCA အခန်း (၃) အခန်း (၄) မှာပါတဲ့ အချက်တွေနဲ့ ပတ်သက်ပြီးတော့ အစိုးရနဲ့ EAO အဖွဲ့တွေကြားမှာ Bilateral ဆွေးနွေးသွားမယ်။ ဒီဆွေးနွေးမှုတွေနဲ့အပြိုင် JMC ဆွေးနွေးမှုတွေကိုလည်း ကျင်းပသွားမယ်ဆိုတဲ့ Parallel Process ဖြစ်ပါတယ်။ ဒီဆုံးဖြတ်ချက်အတိုင်း JICM အစည်းအဝေးပြီးတဲ့ နောက်မှာ UPDJC အစည်းအဝေးကိုကျင်းပခဲ့ပြီးနောက် JMC-U အစည်းအဝေး ကျင်းပနိုင်ခဲ့ပါတယ်။

အောင်မြင်စွာပြီးဆုံး

ကျွန်တော်တို့ အခက်အခဲဖြစ်နေတာကတော့ JMC-S အစည်းအဝေးတွေ ကျင်းပဖို့ အခက်အခဲ ဖြစ်နေပါတယ်။ ဒါနဲ့ပတ်သက်ပြီး နဂိုက ဆွေးနွေးခဲ့တဲ့ နှစ်ဖက်အလုပ်အဖွဲ့တွေရဲ့ ကြားမှာ အကျေအလည်ပြန်ပြီး ဆွေးနွေးဖို့ရှိတဲ့အတွက် ဆက်လက်ဆွေးနွေးခြင်းဖြစ်ပါတယ်။ ဒီနေ့ အောင်မြင်စွာ ပြီးဆုံးခဲ့ပါတယ်။ ဖြစ်ပေါ်နေတဲ့ စိုးရိမ်မှုတွေ ၊ အဆင်မပြေမှုတွေ ၊ အခက်အခဲတွေကို နှစ်ဖက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးပြီး သဘောတူညီချက်ရယူနိုင်တဲ့အတွက် အောင်မြင်တဲ့ အစည်းအဝေး ဖြစ်ကြောင်းကို ပဏာမအနေနဲ့ ပြောကြားလိုပါတယ်” ဟု ပြောကြားသည်။

ထို့နောက် NCA-S EAO ကိုယ်စားလှယ် နိုင်အောင်မငေး က “ကျွန်တော်တို့ အလုပ်အဖွဲ့တွေက JMC-S ကို ဘယ်လိုဆက်ပြီး ဆွေးနွေးကြမလဲ၊ နောက်ပြီးတော့ Parallel ကို ဘယ်လိုလုပ်သွားကြမလဲ ဆိုတာကို သဘောတူညီခဲ့တယ်။ နှစ်ဖက် JMC-S အစည်းအဝေး ကို ၂၀၂၀ ပြည့်နှစ် စက်တင်ဘာလ နောက်ဆုံးပတ်မှာ ကျင်းပသွားဖို့ သဘောတူထားပါတယ်။ ဩဂုတ်လ ၄ ရက်၊ ၅ ရက်နေ့မှာ ကျင်းပမယ့်အလုပ်အဖွဲ့အစည်းအဝေးမှာ အပြီးသတ် ဆက်ပြီး ဆွေးနွေးသွား မယ်။ ဆွေးနွေးပြီးရင် သက်ဆိုင်ရာ EAO ခေါင်းဆောင်တွေကို ဆက်ပြီး တင်ပြကြမယ်။ JICM အကြိုအစည်းအဝေး အပြီးသတ်ကို ဩဂုတ်လ ၁၀ ရက် နဲ့ ၁၁ ရက်နေ့မှာပြုလုပ်ပြီး JICM အစည်းအဝေးကို ၁၃ ရက်နေ့မှာ ပြုလုပ်ဖို့ လျာထားပါတယ်။ သက်ဆိုင်ရာ UPDJC အစည်းအဝေးကို ဩဂုတ်လ ၁၇ ရက် နေ့မှာ ကျင်းပနိုင်မယ်လို့ မျှော်မှန်းထားပြီး UPDJC အစည်းအဝေးကို ဩဂုတ်လ ၁၉ ၊ ၂၀၊ ၂၁ ရက်နေ့မှာ ကျင်းပသွားမှာဖြစ်ပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေကို တင်ပြမယ်။ တင်ပြပြီးရင် JICM အစည်းအဝေးမှာ ဆုံးဖြတ်ချက်ချသွားမှာ ဖြစ်ပါတယ်”ဟု ပြောသည်။

ကြေညာချက်ထုတ်

ယင်းနောက် သတင်းမီဒီယာများ၏ မေးမြန်းမှုများနှင့် စပ်လျဉ်း၍ ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက “အဓိက Parallel Process ၊ အထူးသဖြင့် NCA ဖြစ်ပေါ်လာတဲ့ Mechanism ရှိတယ်။ UPDJC ရှိတယ်။ တစ်ဖက်မှာ JMC-U, JMC-S ရှိတယ်။ ဘာကြောင့်လဲဆိုတော့ ၂၀၁၈ နိုဝင်ဘာလမှာ RCSS အဖွဲ့ကနေပြီး Statement ထုတ်တာရှိပါတယ်။ JMC အစည်းအဝေးတွေ ပါဝင်ခြင်းကနေ ရပ်ဆိုင်းထားတယ်ဆိုပြီး ကြေညာချက်ထုတ်ပါတယ်။ ၂၀၁၈ နိုဝင်ဘာလထဲမှာပဲ KNU က Statement ထုတ်ပါတယ်။ NCA အစည်းအဝေးတွေ ပါဝင်ခြင်းကနေ ရပ်ဆိုင်းထားတယ်ဆိုပြီးတော့ ကြေညာချက် ထုတ်ပါတယ်။ ဆိုလိုတာက ဒီငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ မပါဝင်တော့ဘူးဆိုတဲ့သဘောဖြစ် သွားတော့ ကျွန်တော်တို့က JICM ကိုပြန်သွားတယ်။ တရားဝင်လမ်းကြောင်း ကနေ သွားမလား၊ အပေါ်လမ်းကြောင်းကနေ သွားမလားဆိုတာ ဖြစ်သွားတယ်။

“ကျွန်တော်တို့ကြားမှာ အဓိက ပြဿနာက နိုင်ငံရေးပြဿနာဖြစ်လာတယ်။ ဒီနိုင်ငံရေးပြဿနာကို ဖြေရှင်းဖို့ နိုင်ငံရေးအရ ဆုံးဖြတ်ပိုင်ခွင့်ရှိတဲ့ ထိပ်သီးခေါင်းဆောင်ပိုင်းက အကျေအလည် ဆွေးနွေးရမယ်ဆိုတဲ့ ယူဆချက်နဲ့ အပေါ်ကနေ ပြန်ဆင်းလာတယ်။ (၈) ကြိမ်မြောက် JICM အစည်းအဝေးကို ဇန်နဝါရီလ ၈ ရက် ဒီမှာပဲ ကျင်းပခဲ့ပါတယ်။ ဆုံးဖြတ်ချက် ၈ ချက်ရလိုက်ပါတယ်။ ရရှိတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ Parallel ဆုံးဖြတ်ချက်တွေရှိတယ်။ ဆုံးဖြတ်ချက် ချထားပေမယ့် Parallel တရားဝင်အစည်းအဝေးတွေကိုလည်း ကျင်းပသွားမယ်။ Bilateral ကိုလည်းသွားမယ်။ ဒါကြောင့် Parallel Process လို့ခေါ်ပါတယ်။

သို့သော် JMC-U လုပ်ပြီးသွားတော့ JMC-S က ခေါ်ဖို့ အခက်အခဲတွေ ဖြစ်လာတယ်။ ဒီအလုပ်အဖွဲ့တွေကြားမှာ ပြီးခဲ့တဲ့ (၈) ကြိမ်မြောက် JICM အစည်းအဝေး ဆုံးဖြတ်ချက်တွေကို ကျွန်တော်တို့တွေ ဆွေးနွေးညှိနှိုင်းခဲ့ကြတယ်။ ဒီအလုပ် အဖွဲ့တွေပဲ ပြန်ပြီးတော့ ဆွေးနွေးညှိနှိုင်းရတဲ့ သဘောပြန်ဖြစ်သွားတယ်။ တစ်ဖက်ကလည်း အစည်းအဝေး ပုံမှန်သွားနေမယ်။ တစ်ဖက်ကလည်း တစ်ဖွဲ့ ချင်း ညှိနှိုင်းတာတွေလည်း သွားနေမယ်။ အထူးသဖြင့် NCA အခန်း (၃)နဲ့ အခန်း (၄) ကို ဘာကြောင့်ပြန်လုပ်ရလဲဆိုတော့ NCA အခန်း (၃) မှာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ကိစ္စများလည်းပါတယ်။ နှစ်ဖက်တပ်များအကြား ရက်ပေါင်း ၆၀ အတွင်း ကာလ သတ်မှတ်ချက်နဲ့ လုပ်ဆောင်ရတဲ့ အလုပ်တွေရှိတယ်။ အကြောင်းကြောင်းကြောင့် မလုပ်နိုင်ခဲ့တဲ့ ကိစ္စရပ်တွေလည်း ရှိတယ်။

ပြန်လည်ဆွေးနွေးမယ့် အပိုင်းတွေရှိ

“အထူးသဖြင့် အောက်ခြေမှာ တိုက်ပွဲတွေဖြစ်ပွားတဲ့အခါ ထိတွေ့မှုတွေ ဖြစ်ပါတယ်။ ထိုသို့ဖြစ်ပွားမှု များသည် NCA အခန်း(၃)ပါ အချက်များတွင် ပါရှိသည့် ဥပမာ နယ်မြေများ သတ်မှတ်ခြင်း၊ တိုက်ပွဲများမဖြစ်အောင် မည်သို့ရှောင်ရှားရမည်၊ ‌နောက်တစ်ချက်အနေနဲ့ တစ်ဖွဲ့နဲ့တစ်ဖွဲ့ကို ပဋိပက္ခဖြစ်နေတဲ့ ဒေသတွေမှာ စစ်ရှိန်လျော့ကျအောင် ဘယ်လိုညှိမလဲ၊ တစ်ဖက်နဲ့တစ်ဖက် အဲဒီလိုဒေသတွေကျရင် တစ်ဖက်ခေါင်းဆောင်တွေ၊ အောက်ခြေတပ်မှူး များအကြား ဆက်သွယ်မှုတွေ ဘယ်လိုလုပ်ဆောင်ရမလဲဆိုတာတွေကို ညှိပါ တယ်။ ဒီအချက်တွေအပေါ် မူတည်ပြီး ညှိရမယ့် Code of Conduct (COC)တွေ ရေးဆွဲထားတာတွေရှိတယ်။ လက်တွေ့မှာ တချို့အရာတွေကို အကောင် အထည် မဖော်နိုင်ဘဲ ပြဿနာတွေ ဆက်ဖြစ်နေတယ်။ ပြန်လည်ဆွေးနွေးမယ့် အပိုင်းတွေရှိတယ်။ တစ်ဖက်မှာလည်း NCA ကြောင့်ဖြစ်လာတဲ့ Mechanism တွေက အသက်ဝင်နေပြီ။ ဒါတွေကလည်း လုပ်ဖို့ရှိတယ်။ အထူးသဖြင့် Statement တွေထုတ်ပြီး ရပ်ဆိုင်းထားတာတွေကို ပြန်စဖို့ လိုပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ဆွေးနွေးတာဖြစ်ပါတယ်။

“KNU က Statement ထုတ်ထားပြီးပြီ။ ကျွန်တော်တို့က JICM အစည်း အဝေးတွေကို ပြန်စဖို့ လုပ်ထားပြီးပြီ။ သို့သော် အောက်ခြေက အကောင်အထည် ဖော်မယ့် အပိုင်းမှာ နည်းနည်းလေး လွဲနေတာကြောင့် အခုတော့ပြန်ညှိတဲ့ သဘောပါ။ ကျွန်တော်တို့က JMC-S အစည်းအဝေးတွေ ဘယ်လိုသွားမလဲဆိုတဲ့ အချိန်ဇယားနဲ့ သဘောတူညီချက်ရပါတယ်။ ဒီအချက်တွေက အောင်အောင် မြင်မြင် ညှိနှိုင်းနိုင်တဲ့ အနေအထားတွေဖြစ်ပါတယ်။ JICM ဆုံးဖြတ်ချက် ၈ ခု ရှိပါတယ်။ နံပတ်(၁)က Parallel Process ဖြစ်ပါတယ်။ ဒီအချက်တွေက ဘာတွေလဲဆိုတော့ ပြည်ထောင်စုသဘောတူစာချုပ် အစိတ်အပိုင်း(၃)ဖြစ်ပါ တယ်” ဟု ပြောသည်။

ထို့ပြင် ဦးဇော်ဌေးက ယခုလာမည့် ညီလာခံတွင် ချုပ်ဆိုမည့် သဘောတူညီ ချက်နှင့်ပတ်သက်ပြီး မည်သို့သွားမည်ကို ချုပ်ဆိုခြင်းဖြစ်ပါကြောင်း၊ အထူးသဖြင့် NCA အကောင်အထည်ဖော်မည့် မူဘောင်သဘောတူညီချက်များကို ညှိနှိုင်းရမည်ဖြစ်ပါကြောင်း၊ နံပါတ် (၂)က ၂၀၂၀ အလွန် အဆင့်လိုက် လုပ်ငန်းစဉ် အကောင်အထည်ဖော်မှုများကို ညှိနှိုင်းသွားမည်ဖြစ်ပါကြောင်း၊ နံပါတ်(၃)က ပြည်ထောင်စုသဘောတူစာချုပ်ကို မည်သည့်ပုံစံဖြင့် ချုပ်ဆိုသွားမည်ဟု ပါရှိပါကြောင်း၊ ထို့နောက် လက်မှတ်မရေးထိုးရသေးသည့် အဖွဲ့များ ပါဝင်နိုင် ရေးကို ကြိုးပမ်းသွားမည်ဟု ပါရှိပါကြောင်း။

နောက်တစ်ချက်မှာ Double NCA ဖွင့်ဆိုချက်များနှင့် ပတ်သက်ပြီး နှစ်ဖက်သဘောတူ လက်ခံသည့် ဘုံနားလည်မှုရရှိအောင် မည်သို့ဆောင်ရွက်သွား မည်ကို ပါရှိပါကြောင်း၊ စတုတ္ထအကြိမ် ကျင်းပမည့် ညီလာခံကို မိမိတို့အနေဖြင့် ၂၀၂၀ ပြည့်နှစ် နှစ်ဆန်းပိုင်း ပထမလေးလတာကာလအတွင်း ကျင်းပရန် သဘောတူညီခဲ့ပါကြောင်း၊ သို့သော် ဇန်နဝါရီ၊ ဖေဖော်ဝါရီနှင့် မတ်လထဲတွင် အရှိန်အဟုန်ကောင်း နေသည့် ကိုဗစ်-၁၉ ကမ္ဘာ့ကပ်ရောဂါ ဖြစ်ပွားနေသည့် အတွက် ဆွေးနွေးမှုများ လျော့နည်းခဲ့ပါကြောင်း၊ သို့သော် ကြားကာလတွင် Online ဖြင့် ဆက်လက်ဆွေးနွေးခဲ့ပါကြောင်း၊ အဆိုပါ Online ဆွေးနွေးမှုများမှ တစ်ဆင့် ရရှိလာသည့် သဘောတူညီချက်များသည်လည်း ယခုဆွေးနွေးပွဲတွင် တစ်ဆက်တည်း ပါဝင်ပါကြောင်း၊ ညီလာခံကျင်းပမည့် ဆုံးဖြတ်ချက်များလည်း ပါရှိပါကြောင်း။

များစွာအရေးကြီး

နိုင်ငံရေးအရ စာချုပ် မည်သို့ချုပ်ဆိုမည်ကိုလည်း ပါရှိသည့်အတွက် ယနေ့အစည်းအဝေးသည် အရေးကြီးပါကြောင်း၊ ယနေ့အစည်းအဝေး အဆင် မပြေခဲ့ပါက မိမိတို့ နှစ်ဖက်စလုံး အခက်အခဲများစွာ တွေ့နိုင်ပါကြောင်း၊ ထို့ကြောင့် အစိုးရနှင့် EAOs နှစ်ဖက်စလုံးကလည်း ၎င်းတို့သက်ဆိုင်ရာ အပိုင်း အလိုက် အကျေအလည် အချိန်ယူညှိနှိုင်းပြီး အစုအဖွဲ့အလိုက် ဆွေးနွေးမှုများ ဆောင်ရွက်ခဲ့ပါကြောင်း၊ ယင်းသို့ဆွေးနွေးပြီး နှစ်ဖွဲ့တွေ့ဆုံ၍ညှိနှိုင်းသည့်အခါတွင် အဆင်ပြေအောင်မြင်ခဲ့ပါကြောင်း၊ ညီလာခံကျင်းပနိုင်ရေးသည် များစွာ အရေးကြီးပါကြောင်း။

RCSS နှင့် တပ်မတော်၊ KNU နှင့် တပ်မတော် တွေ့ဆုံသွားမည်ဖြစ်ပါကြောင်း၊ ထိုသို့ တွေ့ဆုံရာ၌ KNU အနေဖြင့် နယ်မြေပိုင်းခြားပြီး တွေ့ဆုံသွားမည် ဖြစ်ပါကြောင်း၊ RCSS အနေဖြင့် တစ်ဖွဲ့တည်း တွေ့ဆုံမည်ဖြစ်ပါကြောင်း၊ အဆိုပါတွေ့ဆုံမှုများမှတစ်ဆင့် နယ်မြေသတ်မှတ်ခြင်းနှင့် တပ်ပိုင်းဆိုင်ရာ လှုပ်ရှားမှုများ မည်သို့လုပ်ဆောင်ရမည်ကို သဘောတူညီမှု ရရှိပါက ယင်း သဘောတူညီချက်ကို JMC က စောင့်ကြည့်ရမည်ဖြစ်ပါကြောင်း၊ အကယ်၍ အောက်ခြေတွင် အငြင်းပွားမှုများ ဖြစ်ပေါ်လာပါက နှစ်ဖက်သဘောတူညီချက် များနှင့်အညီ JMC က ညှိနှိုင်းဖြေရှင်းပေးမည်ဖြစ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ဦးဇော်ဌေးက “NRPC သို့ ကိုဗစ်-၁၉ ကာလအတွင်း အခက်အခဲများ ကြုံတွေ့ နေရသည်ဟု တင်ပြလာသည့် အဖွဲ့ ရှစ်ဖွဲ့ရှိပါတယ်။ ယင်း ရှစ်ဖွဲ့မှာ KNU နဲ့ RCSS တို့မပါပါဘူး။ အဖွဲ့ ၈ ဖွဲ့အနေဖြင့် ကိုဗစ်ကာလ အတွင်း အစိုးရအနေနဲ့ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေနဲ့ လမ်းဘေး ဈေးသည်တွေကို ချေးငွေထုတ်ပေးတာတွေ၊ လယ်သမားတွေကို စိုက်ပျိုးစရိတ် ထုတ်ချေး ပေးတာတွေရှိပါတယ်။ သို့သော် ဒီလိုထောက်ပံ့ပေးမှုတွေက EAO တွေအနေနဲ့ အကျုံးမဝင်ခဲ့ပါဘူး။ ထို့ကြောင့် EAO တွေ မပါတဲ့အတွက် EAO မိသားစုတွေက ဒီကာလမှာ ကျန်တဲ့လူတွေနည်းတူ အသက်မွေးဝမ်းကျောင်းတွေ မလုပ်နိုင်ပါဘူးဟု တင်ပြလာပါတယ်။ ဒီလိုတင်ပြလာတဲ့အတွက် NRPC အနေနဲ့ အဖွဲ့တွေဆီကနေ တပ်ဖွဲ့ဝင်တွေ၊ မိသားစုဝင်တွေ အရေအတွက်၊ ကလေး၊ လူကြီးစသဖြင့် စာရင်းတောင်းပါတယ်။ အဖွဲ့တွေက တင်ပြလာတဲ့စာရင်းတွေ အပေါ်မှာ မူတည်ပြီး အဖွဲ့ကြီး၊ အဖွဲ့လတ်၊ အဖွဲ့ငယ်၊ အဖွဲ့သေးဆိုပြီး လေးမျိုး ခွဲပြီးတော့ သူ့အင်အားနဲ့သင့်လျော်တဲ့ ထောက်ပံ့ငွေကို ကိုဗစ်-၁၉ ကာလမှာ အခက်အခဲဖြစ်နေတဲ့ မိသားစုဝင်တွေ၊ တပ်ဖွဲ့ဝင်တွေ စားနပ်ရိက္ခာအတွက် အဆင်ပြေအောင် ထောက်ပံ့တယ်။ နောက် ဆန်အိတ်တွေပေးဖို့စဉ်းစားတယ်။ ဒီအဖွဲ့တွေဆီကို အရောက်ပေးပို့ဖို့ အခက်အခဲရှိတဲ့အတွက် ဒေသန္တရပေါက်ဈေးနဲ့ ဝယ်ယူနိုင်အောင် အဖွဲ့အလိုက်ခွဲပြီး ထောက်ပံ့ပေးခဲ့ပါတယ်” ဟု ပြောသည်။

သတင်း - မျိုးမြင့်၊ ဟန်လင်းနိုင်

ဓာတ်ပုံ - ကိုထိန်

HOT NEWS
January 4,