နေပြည်တော်တွင် စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန စတင်တည်ဆောက်

နေပြည်တော်တွင် စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန စတင်တည်ဆောက်


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 20, 2021
image_latest


နေပြည်တော် ဇန်နဝါရီ ၂၀

စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန အဆောက်အဦပန္နက်တင် အခမ်းအနားကို ယနေ့နံနက် ၉ နာရီခွဲက နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ညစျေးအနီးရှိ သတ်မှတ်မြေနေရာတွင် ကိုဗစ်-၁၉ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ၊ ဒုတိယဝန်ကြီး ဦးလှကျော်၊ နေပြည်တော်ကောင်စီဝင် ဦးအေးမောင်စိန်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးမောင်မောင်ဆွေ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ၊ ကိုရီးယားအ ပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး အေဂျင်စီ (KOICA) မှ ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo နှင့် အဖွဲ့ဝင်များ၊ အမြဲတမ်း အတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ စျေးကွက်ဗဟိုဌာန အဆောက်အဦ ပန္နက်တင် အခမ်းအနားကို ဆောင်ရွက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာအောင်သူ က မြန်မာနိုင်ငံ စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးရေးလုပ်ငန်းစဉ်တွင် စိုက်ပျိုးသီးနှံ ထုတ်လုပ်ရေးကဏ္ဍသည် အဓိက အရေးပါလျက်ရှိပြီး နေ့စဉ်စားသုံးမှုအတွက် အစားအစာ ဘေးအန္တရာယ် ကင်းရှင်းရေး၊ အရည်အသွေး‌ ကောင်းမွန်ပြီး အာဟာရ တန်ဖိုးမြင့်မားရေး၊ ပြည်တွင်းဖူလုံစွာ စားသုံးနိုင်ရေးနှင့် နိုင်ငံခြား စျေးကွက်သို့ အဆင့်အတန်းမီ တင်ပို့နိုင်ရေးတို့အတွက် များစွာအရေးပါလျက်ရှိကြောင်း၊ စိုက်ပျိုး ထုတ်ကုန်များ လေလွင့်ဆုံးရှုံးမှု များပြားနေခြင်းကို လျှော့ချနိုင်ရေးအတွက် နည်းပညာဆိုင်ရာ ပြုပြင်ပြောင်းလဲရန်  လိုအပ်လာသည့်နည်းတူ မြန်မာနိုင်ငံ စိုက်ပျိုးရေးဆိုင်ရာ စျေးကွက်စနစ် တိုးတက်လာစေရေး၊ တောင်သူအိမ်ထောင်စုများ လူမှုစီးပွားဘဝတိုး တက်ရေးတို့အတွက် ယခုကဲ့သို့ စိုက်ပျိုးရေးဆိုင်ရာ စျေးကွက်ဌာနနှင့် ထုတ်ကုန် ပြုပြင်ရေးဌာန တည်ဆောက် အကောင်အထည်ဖော် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ယင်းအတွက် ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းစေမည်ဖြစ်ပြီး အစိုးရ၊ ပုဂ္ဂလိက၊ ထုတ်လုပ်သူတို့ ပူး‌ပေါင်းဆောင်ရွက်ခြင်း ဖြစ်သည့်အတွက် နိုင်ငံတကာစျေးကွက်နှင့် ယှဉ်ပြိုင်နိုင်မည့် အခွင့်အလမ်းများနှင့် ဒေသနေ တောင်သူလယ်သမားများ၏ အကျိုးစီးပွားကို များစွာ အထောက်အကူ ဖြစ်စေရန် မျှော်မှန်း ပါကြောင်း ပြောကြားသည်။

ထို့နောက် မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး မစ္စတာ လီဆန်းဟွာ က ဂုဏ်ပြုအမှာစကား ပြောကြားပြီး မြန်မာနိုင်ငံဆိုင်ရာ KOICA ဌာနေကိုယ်စားလှယ် Ms. Lee Youn Soo က ကျေးဇူးတင်စကား ပြောကြားသည်။

ယင်းနောက် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်း က စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ စျေးကွက်ဗဟိုဌာန အကောင်အထည် ဖော် ဆောင်ရွက်ရခြင်းနှင့်စပ်လျဉ်း၍ လုပ်ငန်း ဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန တည်ထောင်ခြင်း စီမံကိန်းကို ကိုရီးယားအပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့ ပူးပေါင်း၍ ကိုရီးယားနိုင်ငံ၏ အကူအညီ အမေရိကန် ဒေါ်လာ (၈ ဒသမ ၃၇) သန်းဖြင့် ၂၀၁၈ ခုနှစ်မှ စတင်ဆောင်ရွက်ခဲ့သည်။ အဆိုပါစီမံကိန်းကို စိုက်ပျိုး ထုတ်လုပ်သူနှင့် စားသုံးသူ နှစ်ဦးနှစ်ဘက် အကျိုးစီးပွား ပိုမိုတိုးတက်လာစေရန် ရည်ရွယ်၍ ပြည်ထောင်စုနယ်မြေ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် စိုက်ပျိုးရေး ထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာနကို လည်းကောင်း၊ ရှမ်းပြည်နယ်၊ ဟဲဟိုးမြို့နယ်တွင် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန်ပြုပြင်ရေးဌာန ကိုလည်းကောင်း တည်ဆောက်သွားမည် ဖြစ်သည်။

ယင်းစီမံကိန်းပြီးစီးပါက ထုတ်လုပ်သူတောင်သူများအတွက် စိုက်ပျိုးထွက်ကုန်များ၏ ဈေးကွက် သတင်းအချက်အလက်များကို ရရှိစေခြင်းဖြင့် ဈေးကွက်တည်ငြိမ်မှု အခြေအနေများကို ဖန်တီးပေးနိုင်မည်ဖြစ်ကာ အဆင့်မြင့် ရိတ်သိမ်းချိန်လွန်နည်းပညာများ၊ ထုတ်ကုန် စံချိန်စံညွှန်းများ၊ အစားအစာ ဘေးကင်းလုံခြုံမှု စစ်ဆေးခြင်းများ ဆောင်ရွက်နိုင်ခြင်းဖြင့် စားသုံးသူများအနေဖြင့် လည်း အရည်အသွေးကောင်း၍ ဘေးကင်းလုံခြုံသော စိုက်ပျိုးရေး ထွက်ကုန်များကို လက်လမ်းမီ ရရှိနိုင်မည်ဖြစ်သည်။

အဓိကစိုက်ပျိုးရေး ထုတ်လုပ်သည့်နေရာများတွင် ထုတ်ကုန်များ တန်ဖိုးမြှင့်တင်ခြင်းဖြင့် ကနဦး စိုက်ပျိုးထုတ်လုပ်သူ အဆင့်မှာပင် စိုက်ပျိုးရေးထွက်ကုန် ဈေးကွက်ကို တိုးတက်လာစေရန် ရည်ရွယ်၍ ယခုတည်ဆောက်မည့် နေပြည်တော် စိုက်ပျိုးရေးထွက်ကုန်ဆိုင်ရာ ဈေးကွက်ဗဟိုဌာန နှင့် ဟဲဟိုးမြို့တွင် ဆောင်ရွက်မည့် စိုက်ပျိုးရေးဆိုင်ရာ ထုတ်ကုန် ပြုပြင်ရေး ဌာန (Agricultural Product Processing Center - APPC) များကို အကောင်အထည်ဖော် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊  အဆိုပါဌာနများ က စိုက်ပျိုးရေးထုတ်ကုန်များ အုပ်စုခွဲခြင်း၊  ထုပ်ပိုးခြင်း၊ အဆင့်အတန်းခွဲခြားခြင်း၊ စံသတ်မှတ်ခြင်း၊ ကုန်အမှတ် တံဆိပ်သတ်မှတ်ခြင်း၊ အအေးခန်း သိုလှောင်ခြင်းနှင့် ထုတ်ကုန် ပြုပြင်သည့် လုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ထို့အပြင် တောင်သူအဖွဲ့အစည်း များ ပိုမိုအားကောင်းလာစေခြင်းဖြင့် တောင်သူလယ်သမားများ ကိုယ်တိုင် သီးနှံဈေးနှုန်း ညှိနှိုင်း နိုင်ကြမည် ဖြစ်ကြောင်း၊ ယင်းလုပ်ငန်းများ စနစ်တကျဖြင့် အရှိန်အဟုန်ကောင်းစွာ အောင်မြင် လာစေရန် စိုက်ပျိုးရေးဦးစီးဌာန၊ သမဝါယမဦးစီးဌာနနှင့် စည်ပင်သာယာ စျေးများဌာနတို့ ပူးပေါင်း၍ နည်းပညာ၊ အရင်းအနှီး၊ စျေးကွက် ပေါင်းစပ်ချိတ်ဆက် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းထံမှ သိရသည်။

ဈေးကွက်ဌာနများမှတစ်ဆင့် ဈေးကွက်သတင်း အချက်အလက်ပံ့ပိုးခြင်း၊ ထုတ်လုပ်သူ တောင်သူ အဖွဲ့အစည်းများ၊ အသင်းအဖွဲ့များ ပိုမိုအားကောင်းလာစေခြင်း၊ ထုတ်ကုန်များ စံချိန်စံညွှန်းနှင့် ပြည့်မီလာစေခြင်း၊ အသိအမှတ်ပြုလက်မှတ် ထုတ်ပေးနိုင်ခြင်းတို့အပြင် အအေးခန်း သိုလှောင်နိုင်ခြင်းကဲ့သို့ အခြေခံအဆောက်အဦဆိုင်ရာ လုပ်ငန်းများ ပိုမိုအားဖြည့်ပေး နိုင်ခြင်း တို့ကြောင့် ပိုမိုယုံကြည်စိတ်ချရသော စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်နိုင်သည့် စနစ်များ ဖွံ့ဖြိုးလာစေပြီး စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ အကောင်အထည်ဖော် ဆောင်ရွက်နေသည့် စိုက်ပျိုးရေးဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာ (ADS) ၏ မျှော်မှန်းရလဒ်များ ရရှိနိုင်ရန်အတွက်ကိုလည်း ဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,