ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောစိုက်ခင်းများ၊ ခဲသတ္တုသန့်စင်နေမှုနှင့် ဆင်စခန်းအား ကြည့်ရှုစစ်ဆေး

ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်း သစ်တောစိုက်ခင်းများ၊ ခဲသတ္တုသန့်စင်နေမှုနှင့် ဆင်စခန်းအား ကြည့်ရှုစစ်ဆေး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 02, 2020
image_latest


နေပြည်တော် ဩဂုတ် ၂

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးအုန်းဝင်းသည် ဩဂုတ်လ ၁ ရက် နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (တောင်ပိုင်း)၊ တောင်ကြီးမြို့၊ ထီသိမ်ရေလှောင်ကန်ဘေးတွင် ဝန်ကြီးဌာနအောက်ရှိ ပြည်နယ်/ခရိုင်/ မြို့နယ် တာဝန်ခံများနှင့် အတူ သစ်ပင်စိုက်ပျိုးကြသည်။ ၎င်းနောက် တောင်ကြီး မြို့နယ်၊ သစ်တောဦးစီးဌာန၊ ဦးစီးအရာရှိက ထီသိမ်ရေလှောင်ကန်၏ ရေဝေရေလဲ ဧရိယာဖြစ်သည့် ထီသိမ်ကန်ကြိုးဝိုင်းအတွင်း မြေအသုံးချမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ကြိုးဝိုင်း၊ ကြိုးပြင်ကာကွယ်တော နယ်နိမိတ်ကို ဌာနဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဘုတ်တိုင်များ စနစ်တကျ စိုက်ထူ ဆောင်ရွက်ရန်၊ ကြိုးဝိုင်း/ကြိုးပြင် ကာကွယ်တောများအတွင်း ကျူးကျော်မှုမရှိ စေရေးအတွက် ကွင်းဆင်းစစ်ဆေး၍ အချိန်နှင့် တစ်ပြေးညီ တင်ပြဆောင်ရွက်ရန်နှင့် ရေအရည်အသွေးကို လစဉ် ပုံမှန် စစ်ဆေးတင်ပြရန်တို့ကို မှာကြားသည်။ အဆိုပါ ထီသိမ်ရေလှောင်ကန်သည် ၁၉၆၇ ခုနှစ်တွင် တည်ဆောက်ပြီးစီးခဲ့ပြီး၊ တောင်ကြီး မြို့နယ်အတွင်းရှိ သစ်တော၊ ပြည်တော်သာ၊ ရတနာသီရိ၊ မင်္ဂလာဦး၊ စပ်စံထွန်းဆေးရုံ၊ ရေအေးကွင်း၊ ကန်ပေါက်ရုံးဝင်းစသည့် ရပ်ကွက်များသို့ အိမ်သွယ် ရေတိုင်များမှ ရေဖြန့်ဝေပေးလျက်ရှိသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် တောင်ကြီးမြို့၊ အေးသာယာ Green Zone ၌ စိုက်ပျိုးတည်ထောင်ထားရှိသည့် သစ်မျိုးစုံ သီးနှံသစ်တော သရုပ်ပြစိုက်ခင်းအား ကြည့်ရှုစစ်ဆေး၍ တောင်စောင်းမြေမျက်နှာသွင်ပြင်၌ စိုက်ခင်းတည်ထောင်ရာတွင် ကွန်တိုလိုင်းအလိုက် ဝက်ခေါင်းထိုး စနစ်ဖြင့် တည်ထောင် စိုက်ပျိုးရန်ဖြစ်ကြောင်း၊ စိုက်ပျိုးမြေအရည်အသွေးတိုးတက် ကောင်းမွန်စေရေးအတွက် နိုက်တြိုဂျင်ဓါတ်ကြွယ်ဝသည့် သစ်မျိုးများအား ထည့်သွင်းစိုက်ပျိုးရန် လိုကြောင်း၊ ရေနှင့် မြေဆီလွှာ ထိန်းသိမ်းနိုင်ရန်အတွက် ရေလွှဲမြောင်များအား တူးဖော်ရန် လိုအပ်ကြောင်း၊ ဝါးနှင့် ဗက်တီဘာမြက်များအား တောင်စောင်း၏ အောက်ဆုံး ကွန်တိုလိုင်းတွင် ထည့်သွင်း စိုက်ပျိုး ဆောင်ရွက်ရန်နှင့် သရုပ်ပြ၊ ပညာပေးဆောင်ရွက် သည့် နေရာဖြစ်သည့်အတွက် အဘက် ဘက်မှ စံနမူနာဖြစ်အောင် ဆောင်ရွက်ရန်တို့ကို ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် မွန်းလွဲပိုင်းတွင် ရှမ်းပြည်နယ်၊ ကလော မြို့နယ်၊  ဘော်ဆိုင်း ဒေသရှိ ထိပ်တန်းကြယ်ဆယ်ခု ထုတ်လုပ်မှု ကုမ္ပဏီလီမိတက်၏ ခဲသတ္တုသန့်စင် အကြီးစား ထုတ်လုပ်မှုလုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည့် ကုမ္ပဏီတာဝန်ရှိသူများက ကုမ္ပဏီမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၊ ကမ္ဘာတစ်ဝှမ်း ကိုရိုနာဗိုင်းရပ် ပြန့်နှံဖြစ်ပွားစဉ်ကာလ လုပ်ငန်းများ ရပ်နားထားချိန်တွင် ဝန်ထမ်းများနှင့် လုပ်သားများအား ထောက်ပံ့ဆောင်ရွက်မှု အခြေအနေ၊ ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ပြည်ထောင်စု ဝန်ကြီးက ဘော်ဆိုင်းဒေသအတွင်း သတ္တုတွင်းနယ်မြေ သတ်မှတ်ဆောင်ရွက်နိုင်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်တင်ပြရန်၊ တရားမဝင်ရွှေ၊ သတ္တုတူး ဖော်ခြင်းနှင့် တရားဝင်ဆောင်ရွက် လုပ်ကိုင်လျက်ရှိသည့် လုပ်ကွက်များအတွင်း ကျူးကျော် ဝင်ရောက်လုပ်ကိုင် ဆောင်ရွက်မှုမရှိစေရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ကျူးကျော်လုပ်ကိုင် ဆောင်ရွက်သူများအား အသိပညာပေး၍ တရားဝင်လုပ်သားများဖြစ်အောင် စည်းရုံးဆောင်ရွက်ရန်၊ တရားဝင်ခွင့်ပြုမိန့် ရရှိ လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည့် ကုမ္ပဏီများ၏ လုပ်ငန်းဆောင်ရွက်မှုနှင့် ထုတ်လုပ်မှုကို ကြီးကြပ်ဆောင်ရွက်ရန်နှင့် ဌာနပိုင်မြေများကို ပိုင်ဆိုင်မှု အထောက်အထား ရရှိအောင် အထူးအလေးထား ဆောင်ရွက်ထားရှိရန်တို့ကို ဆွေးနွေးမှာကြားသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ညနေပိုင်းတွင် ကလောမြို့နယ်၊ ရှမ်းရိုးမဆင် စခန်းသို့ ရောက်ရှိပြီး ဆင်စခန်းတာဝန်ခံက ကိုဗစ်-၁၉ ကာလအလွန် ဆင်စခန်း ပြန်လည်ဖွင့်လှစ်ရန် ပြုပြင်မွမ်းမံဆောင်ရွက်မှု၊ ရှေ့ဆက်လက် ဆောင်ရွက်မည့် အစီအစဉ်များကိုတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ဆင်များအတွက် အစားအစာ ဖူလုံစေရေးနှင့်  ဆင်များ၏ကျန်းမာရေးကို အလေးထားဆောင်ရွက်ရန်၊  ဆင်စခန်း ပြန်လည်ဖွင့်လှစ်ရာ၌ လာရောက်လေ့လာလည်ပတ်သည့် ဧည့်သည်များအား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားရှိသည့် လမ်းညွှန်ချက်များနှင့်အညီ အကောင်းဆုံး ဝန်ဆောင်မှုပေးနိုင်စေရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဆင်စခန်းဝန်းကျင် သန့်ရှင်းသပ်ယပ် သာယာလှပရေးနှင့် ရေအိမ်များ သန့်ရှင်းမှုရှိစေရေး အထူးအလေးထား ဆောင်ရွက်ရန်နှင့် ကိုဗစ်-၁၉ ကာလအလွန် ဆင်စခန်း ပြန်လည်ဖွင့်လှစ်နိုင်ရေး စီမံချက်ရေးဆွဲ တင်ပြရန်တို့ကို မှာကြားခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)

HOT NEWS
January 4,