ရန်ကုန်တိုင်းဒေသကြီးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသည့် လူနာမရှိ၊ လူနာတွေ့ရှိပါက အချိန်မီကုသနိုင်ရန် ဝေဘာဂီဆေးရုံကြီးတွင် ပြင်ဆင်မှုများပြုလုပ်ထားရှိ

ရန်ကုန်တိုင်းဒေသကြီးတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသည့် လူနာမရှိ၊ လူနာတွေ့ရှိပါက အချိန်မီကုသနိုင်ရန် ဝေဘာဂီဆေးရုံကြီးတွင် ပြင်ဆင်မှုများပြုလုပ်ထားရှိ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / January 26, 2020


ရန်ကုန် ဇန်နဝါရီ ၂၅

တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဝူဟန်မြို့တွင် ဖြစ်ပွားလျက်ရှိသော နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရန်ကုန်တိုင်းဒေသကြီးတွင် ရောဂါဖြစ်ပွားသည့်လူနာမတွေ့ရှိသေးကြောင်းနှင့် ရောဂါ ဖြစ်ပွားသည့် လူနာတွေ့ရှိပါက အချိန်မီကုသနိုင်ရန် မြောက်ဥက္ကလာပ ဝေဘာဂီဆေးရုံကြီးတွင် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ ကျန်းမာရေး နှင့် ကုသရေးဦးစီး ဌာနမှ သိရသည်။

ရောဂါဖြစ်ပွားတဲ့လူနာမရှိသေး

“လက်ရှိအခြေအနေအရ ရန်ကုန်တိုင်းဒေသကြီးမှာ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားတဲ့လူနာမရှိသေးပါဘူး။ သံသယလူနာ တောင်မရှိပါဘူး။ လူနာရှိရင်လည်း ကုသပေးဖို့ ဝေဘာဂီ ဆေးရုံမှာလည်း ပြင်ဆင်ထားပြီးဖြစ်ပါ တယ်”ဟု ရန်ကုန်တိုင်း ဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာထွန်းမြင့်က ပြောသည်။

ထို့ပြင် ရန်ကုန်မြို့ရှိ ပုဂ္ဂလိကဆေးရုံများတွင် နိုဗယ်ကိုရိုနာဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်ပွားသည့် လူနာ(သို့မဟုတ်) သံသယဖြစ်ဖွယ်လူနာ ရောက်ရှိလာပါက ပြည်သူ့ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနသို့ အချိန်မီသတင်းပို့ရန်နှင့် ဝေဘာဂီဆေးရုံကြီးသို့ အမြန်ဆုံး ပို့ဆောင်ရန် ညွှန်ကြားထားပြီးဖြစ် ကြောင်း သိရသည်။

“နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ်ကြောင့် ရောဂါဖြစ်တဲ့ လူနာရောက်လာရင် ပုဂ္ဂလိကဆေးရုံတွေအနေနဲ့ ဘယ်လိုပုံစံနဲ့ သတင်းပေးပို့ရမလဲဆိုတာ ရောဂါရဲ့အဓိပ္ပာယ်ဖွင့်ဆို ချက်ကအစ ဘယ်လို လူနာ တွေ လွှဲရမလဲဆိုတာကိုလည်း ညွှန်ကြားပြီးဖြစ်ပါတယ်”ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

အရှိန်အဟုန်မြှင့်ဆောင်ရွက်

မြန်မာနိုင်ငံအတွင်း နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့ဝင်ရောက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနအနေဖြင့် ရန်ကုန်၊ မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးများ၊ ပင်လယ် ဆိပ်ကမ်းများနှင့် နယ်စပ်ဝင်၊ ထွက်ပေါက်များအပြင် အထူးသဖြင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ထိစပ်နေသော နယ်စပ်ဝင်၊ ထွက်ပေါက် များတွင် အဖျားရောဂါနှင့် တုပ်ကွေး ဆန်သော ရောဂါ လက္ခဏာများ စောင့်ကြပ်ကြည့်ရှုခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိနေကြောင်း သိရသည်။

“ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ဝင်ပေါက် အားလုံးကိုလည်း စောင့်ကြပ်ကြည့်ရှုစစ်ဆေးဖို့ ပြင်ဆင်ထားပါတယ်။ သံသယရှိတဲ့လူနာတွေ့ရင်လည်းအများ ပြည်သူသွားလာနေတဲ့ နေရာက မဖြတ်ဘဲ လူနာတင်ကား ဆီသွားနိုင်ဖို့၊ လေဆိပ်မှာ သံသယလူနာ တွေ့ရှိရင် ခေတ္တခဏထားဖို့ အခန်းတွေလည်း စီစဉ်ထားပါတယ်။ အမျိုးသား ကျန်းမာရေး ဓာတ်ခွဲဌာနကိုလည်း ပြင်ဆင်ထား ပြီး ဖြစ်ပါ တယ်”ဟု ဒေါက်တာထွန်းမြင့်က ပြောသည်။

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနအနေဖြင့် နိုဗယ်ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါနှင့်ပတ်သက်ပြီး ပြည်သူများ ကျန်းမာရေး အသိပညာ ဗဟုသုတ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် အသိပညာပေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံသို့ နိုဗယ်ကိုရိုနာ ဗိုင်းရပ်စ် အဆုတ်ရောင်ရောဂါ ဖြစ်ပွားမှုမရှိစေရေးအတွက် ဝူဟန်မှ ရန်ကုန်နှင့် မန္တလေးသို့ ပျံသန်းပြေးဆွဲနေသည့် China Eastern လေကြောင်းလိုင်းကို ဇန်နဝါရီ ၂၄ ရက်မှ ဖေဖော်ဝါရီ ၂၉ ရက်အထိ ခရီးစဉ်ပြေးဆွဲနေမှုကို ယာယီ ရပ်နားထားကြောင်း လေကြောင်းပို့ဆောင်ရေးညွှန်ကြား မှုဦးစီးဌာနက သတင်းထုတ်ပြန်ထားကြောင်းလည်း သိရ သည်။

အဆိုပါ နိုဗယ်ကိုရိုနာဗိုင်းရပ်စ်သည် ဗိုင်းရပ်စ်အမျိုးအစားအပေါ်မူတည်ပြီး သာမန်အအေးမိခြင်းမှသည် ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကျပ်ခြင်းစသည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ရောဂါလက္ခဏာများ ဖြစ်ပွားလေ့ရှိပြီး ရောဂါပြင်းထန်သော လူနာများတွင် အဆုတ်ရောင်ရောဂါ၊ ဆားစ်ရောဂါ၊ မားစ်ရောဂါနှင့် ကျောက်ကပ်ပျက်စီးခြင်းတို့ ဖြစ်ပွားနိုင်ကာ အသက်ဆုံးရှုံးမှု ဖြစ်ပေါ်နိုင်ကြောင်း ဗဟိုကူးစက်ရောဂါတိုက်ဖျက်ရေး ဌာနခွဲ၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာခင်ခင်ကြီးထံမှ သိရသည်။

“နိုဗယ်ကိုရိုနာဗိုင်းရပ်စ် ရောဂါပိုးဟာ တိရစ္ဆာန်တွေမှာ အဓိက ကူးစက်ပြန့်ပွားလေ့ရှိကြပြီး လူမှတစ်ဆင့် လူကို ကူးစက်နိုင်မှုနည်းပါးသော်လည်း တချို့ နိုဗယ်ကိုရိုနာဗိုင်း ရပ်စ်ပိုးတွေ ဟာ လူမှတစ်ဆင့်လူကို ကူးစက်နိုင်ပါတယ်။ များသောအားဖြင့် ‌ရောဂါပိုးကူးစက်ခံရသူနဲ့ အနီးကပ် နေထိုင်သူတွေဖြစ်တဲ့ အတူနေမိသားစုဝင်တွေ၊ ကျန်းမာ ရေးဝန်ထမ်းတွေကို ကူးစက်နိုင်ပါတယ်” ဟု ၎င်း က ပြောသည်။

အကူအညီများတောင်းခံနိုင်

ထို့ပြင် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ အကြောင်း အမျိုးမျိုးဖြင့် ရောက်ရှိနေသော မြန်မာနိုင်ငံသားများ အနေဖြင့် လတ်တလောဖြစ်ပွားလျက်ရှိသော နိုဗယ် ကိုရိုနာဗိုင်းရပ်စ် အဆုတ်ရောင် ရောဂါနှင့်စပ်လျဉ်း၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံက ထုတ်ပြန်လျက်ရှိသည့် ကျန်းမာရေး ဆိုင်ရာ ကြိုတင်ကာကွယ်ရေးလမ်းညွှန်ချက်၊ လိုက်နာ ဆောင်ရွက်ရမည့် ညွှန်ကြားချက်များကို တိကျစွာ လိုက်နာဆောင်ရွက်သွားရန်နှင့် အခက်အခဲတစ်စုံတစ်ရာ ရှိပါက မြန်မာသံရုံးသို့ လိုအပ်သည့် အကူအညီများ တောင်းခံနိုင်ကြောင်း ပေကျင်းမြို့ရှိ တရုတ်ပြည်သူ့သမ္မတ နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ဇန်နဝါရီ ၂၃ ရက် ရက်စွဲဖြင့် အသိပေးထုတ်ပြန်ထားကြောင်း သိရသည်။

သတင်းနှင့် ဓာတ်ပုံ-မင်းသစ်(MNA)

 

HOT NEWS
January 4,