ရပ်အကျိုး ရွာအကျိုး တိုင်းပြည်အကျိုး

ရပ်အကျိုး ရွာအကျိုး တိုင်းပြည်အကျိုး


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / January 21, 2021
image_latest


ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၈၉ တွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိ ရှိသည့် ပုဂ္ဂိုလ်တစ်ဦးဦးအား ဥပဒေနှင့်အညီ ခန့်အပ်တာဝန်ပေး ဆောင်ရွက်စေရမည်ဟု ပြဋ္ဌာန်းထားသည်။

ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ သက်တမ်းသည် နိုင်ငံတော် သမ္မတ၏သက်တမ်းနှင့် အတူတူပင်ဖြစ်၍ လာမည့် ဧပြီလ ၁ ရက်နေ့တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးအသစ်များ ခန့်အပ်တာဝန်ပေးရမည်ဖြစ်သည်။ ထို့ကြောင့် လွန်ခဲ့သည့်လများ ကတည်းက ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးရွေးချယ်ရေး လုပ်ငန်းစဉ်များကို စတင်ဆောင် ရွက်ခဲ့ပြီး ယမန်နေ့က ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်မှု စံလုပ်ငန်းလမ်းညွှန် (SOP) ကို ပြည်သူများအား ချပြ အသိပေးခဲ့သည်။

ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအုပ်ချုပ်ရေးသည် နိုင်ငံတော် အုပ်ချုပ်ရေးယန္တရား၏ အခြေခံအကျဆုံးဖြစ်သည်။ အခြေခံအုတ်မြစ်ခိုင်မာမှ အဆောက်အအုံ တောင့်တင်းခိုင်မာမည်ဖြစ်၍ အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေး လုပ်ငန်းများအား တာဝန်ယူ ဆောင်ရွက်မည့် အုပ်ချုပ်ရေးမှူးများကို ဥပဒေနှင့်အညီ စနစ်တကျရွေးချယ်ကြရမည် ဖြစ်သည်။ ကျွန်ုပ်တို့သည် နိုင်ငံကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ရာ၌ ရပ်ကွက်၊ ကျေးရွာကောင်းလျှင် မြို့နယ်ကောင်းမည်။ မြို့နယ်ကောင်းလျှင် ခရိုင်ကောင်းမည်။ ခရိုင်ကောင်းလျှင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်းမည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်ကောင်းလျှင် နိုင်ငံကောင်းမည်ဟူသော ခံယူချက်ဖြင့် ဆောင်ရွက်ကြရပါမည်။

ရပ်ကွက် သို့မဟုတ်ကျေးရွာအုပ်စု၏ အုပ်ချုပ်ရေးကို တာဝန်ယူဆောင် ရွက်မည့်သူများအား ရွေးချယ်ရာတွင် ရပ်ရွာက ကြည်ညိုလေးစားပြီး သိက္ခာသမာဓိရှိသည့် ပုဂ္ဂိုလ်ဖြစ်ရုံမျှဖြင့် လုံလောက်မည် မဟုတ်ပေ။ ရပ်အကျိုး ရွာအကျိုးကို အစဉ်သယ်ပိုးလိုစိတ်ရှိပြီး တည်ဆဲဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ တိတိကျကျ မှန်မှန်ကန်ကန်၊ ရဲရဲဝံ့ဝံ့ ဆောင်ရွက်နိုင်သည့် ပုဂ္ဂိုလ်မျိုးဖြစ်သင့်သည်။ ရပ်ရွာအတွင်း မှီတင်းနေထိုင်သူအားလုံး၏ အကျိုးကို တရားမျှတမှုရှိစွာ၊ ပွင့်လင်းမြင်သာမှုရှိစွာ ဆောင်ရွက်ရမည့်သူဖြစ်၍ ပုဂ္ဂိုလ်စွဲ၊ လူမျိုးစွဲ၊ ပါတီစွဲ ကင်းဖို့လိုအပ်ပေသည်။

ရပ်ကွက်ကျေးရွာ အုပ်ချုပ်သူများသည် နိုင်ငံကိုကိုယ်စားပြုသည့် အခြေခံအကျဆုံး ပုဂ္ဂိုလ်များဖြစ်၍ နိုင်ငံအပေါ်သစ္စာရှိပြီး နိုင်ငံကိုဆန့်ကျင်သူ မဖြစ်ရေး သတိပြုရွေးချယ်ရမည် ဖြစ်သည်။ ပြီးခဲ့သည့်ကာလများက အချို့ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ အနေဖြင့် နိုင်ငံရေးအရ ဖြစ်စေ၊ ဘဏ္ဍာရေးအရ ဖြစ်စေပြောစရာ ဆိုစရာ၊ အငြင်းပွားစရာများရှိခဲ့သဖြင့် ရပ်ရွာနေ ပြည်သူလူထု စိတ်ဝင်စားမှုမြင့်တက်ခဲ့သည်။ အချို့အုပ်ချုပ်ရေးမှူးများမှာ ရပ်ရေးရွာရေး တွင် တက်တက်ကြွကြွ ဆောင်ရွက်ကြသူများရှိပြီး အချို့အုပ်ချုပ်ရေးမှူးများမှာ ဝတ်ကျေတန်းကျေ၊ လူမုန်းမခံ အုပ်ချုပ်ကြသူများလည်းရှိသည်။ ကိုဗစ်-၁၉ ကာလတွင် မည်သည့် အုပ်ချုပ်ရေးမှူး များသည် မည်သို့စွမ်းဆောင် ရည်ရှိကြသည်ကို လက်တွေ့မြင်တွေ့ကြပြီဖြစ်သည်။

ယခုလာမည့် ရပ်ရွာအုပ်ချုပ်ရေး သက်တမ်းကာလသည် မိမိတို့ရပ်ရွာ အတွက်သာမက တိုင်းပြည်အတွက်ပါ အလွန်အရေး ကြီးသောအချိန် ကာလဖြစ်ပါသည်။ နိုင်ငံတော်အစိုးရက တိုင်းပြည်နှင့် လူမျိုးအကျိုးအတွက် ကတိကဝတ်ပြုထားသည်တို့ကို ဖော်ဆောင်နိုင်ရန် အခြေခံကျသည့်ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးအပိုင်းမှ တက်တက်ကြွကြွ ပါဝင်ဆောင်ရွက် ကြရမည် ဖြစ်သည်။ ယခုသက်တမ်းကာလသစ်တွင် ရပ်ရွာအုပ်ချုပ်ရေးအခန်းကဏ္ဍကို ပိုမိုအလေးထား ဆောင်ရွက်ပေးထားရာ ရပ်ရွာနေ ပြည်သူများအနေဖြင့် မိမိတို့ရပ်ရွာကို အမှန်တကယ်အကျိုးပြုနိုင်မည့် ရပ်ရွာအုပ်ချုပ်သူများအား ရွေးချယ်ပေးကြရမည် ဖြစ်သည်။

ရှေးယခင် ရပ်ရွာအုပ်ချုပ်သူများက မိမိတို့ရပ်ရွာကို ပွဲပြီးမီးသေ အုပ်ချုပ်နိုင်သဖြင့် အဆင့်ဆင့်သော အုပ်ချုပ်ရေးပိုင်းမှ အားထားရသည့် ဥပဒေနှင့်ညီညွတ်သော ဆောင်ရွက်ချက် များမှာ မှတ်သားစရာဖြစ်သည်။ မြို့နယ်၊ ခရိုင်၊ ပြည်နယ်၊ တိုင်းအဆင့်ဟူသည်မှာ အောက်ခြေရပ်ရွာများနှင့် လတ်တလောအလှမ်းဝေးပြီး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်သူများသာ ရပ်ရွာ အတွင်း ဖြစ်ပေါ်လာသောကိစ္စများတွင် ချက်ချင်းဖြေရှင်းနိုင်သောကိစ္စများကို ဖြေရှင်း၊ မဖြေရှင်းနိုင်သောကိစ္စများ၊ ဥပဒေကြောင်းဆိုင်ရာ ကိစ္စများကို မြို့နယ်သို့ဆက်လက်သတင်းပို့၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရသည်။

သို့ဖြစ်ရာ မကြာမီကာလတွင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု၏ အုပ်ချုပ်သူများကို ရွေးချယ်ကြရတော့မည်ဖြစ်ရာ “ပြည်သူနှင့်အတူ”၊ “ပြည်သူသည်သာအဓိက” ဆိုသည်နှင့်အညီ ရပ်ရွာအကျိုး၊ ပြည်သူအကျိုးကို ဥပဒေနှင့်အညီ အလေးထား ဦးစားပေးဆောင်ရွက် ပေးနိုင်သူများကို ရွေးချယ်ပေးခြင်းဖြင့် နိုင်ငံအကျိုးကို အလေးဂရုပြု ရှေးရှုရမည်ဖြစ်ပါ ကြောင်း။ ။

HOT NEWS
January 4,