ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူသို့အသိပေးနှိုးဆော်

ရေဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးပြည်သူသို့အသိပေးနှိုးဆော်


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 15, 2020


နေပြည်တော် ဇူလိုင် ၁၅

မြန်မာနိုင်ငံ၌ နှစ်စဉ် ဇူလိုင်၊ ဩဂုတ်လများတွင် ရေဘေးအန္တရာယ်နှင့် ကြုံတွေ့ရလေ့ရှိပြီး မိုးရွာသွန်းမှု၊ မြစ်ရေကြီးမှုအခြေအနေများအရ ပုံမှန်ရေကြီးရေလျှံမှုများအပြင် အချိန်တိုအတွင်း မိုးရေချိန်များပြားစွာ ရွာသွန်းမှုကြောင့် လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ တောင်ပြို၊ မြေပြိုခြင်းများ ကိုလည်း ကြုံတွေ့ရနိုင်ပါသည်။

သို့ဖြစ်ရာ ယခုကာလ၌ ပုံမှန်ရေကြီးရေလျှံခြင်းမျိုးသာမက လျှပ်တစ်ပြက်ရေကြီးခြင်းများ၊ မြေပြိုမှုများနှင့်ပတ်သက်၍လည်း အထူးသတိပြုရန်လိုအပ်ကြောင်းနှင့် ပြည်သူလူထုအနေဖြင့် အောက်ပါအချက်များကို သတိပြုလိုက်နာဆောင်ရွက်နိုင်ပါရန် အကြံပြုအပ်ပါသည်-

  • မိုးလေဝသသတင်းများနှင့် ထူးခြား မြစ်ရေအခြေအနေထုတ်ပြန်ချက်များကို သတိပြု နားထောင်ပါ။
  • မိသားစုများ အရေးပေါ်ပြောင်းရွှေ့နိုင်ရန်နေရာ၊ လမ်းကြောင်းများနှင့် မိသားစုဆုံရပ်ကို ကြိုတင်သတ်မှတ်ထားပါ။
  • ရေစိုပျက်စီးနိုင်သောပစ္စည်းများကို ခြောက်သွေ့၍ မြင့်သောနေရာတွင်ထားရှိပါ။
  • အရေးပေါ် အသင့်စား အစားအစာများ၊ ဆေးဝါး၊ သောက်ရေ၊ လက်နှိပ်ဓါတ်မီး၊ ဖယောင်းတိုင်၊ မီးခြစ်များ အရံသင့်ဆောင်ထားပါ။
  • အသက်ကယ်အင်္ကျီ၊ ဘောကွင်း၊ လေလုံပိတ်ရေပုံးအလွတ်၊ ကားတာယာကျွတ် အစရှိ သည့် အရေးပေါ်အသက်ကယ်ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားပါ။
  • မြေနိမ့်ဒေသ၊ ချိုင့်၊ ရေနုတ်မြောင်းအစရှိသည့် ရေလွှမ်းမိုးပါက အန္တရာယ်ဖြစ်နိုင်သော နေရာများကို မြင်သာသော အမှတ်အသားများဖြင့် ကြိုတင်မှတ်သားထားရှိပါ။
  • တောင်ပေါ်ဒေသများ၊ ချောင်းဖျား၊ မြစ်ဖျားများတွင် မိုးကြီးပါက မြစ်ဝှမ်းတစ်လျှောက် တွင် လျှပ်တစ်ပြက်ရေကြီးခြင်းများဖြစ်နိုင်ကြောင်း သတိပြုပါ။ လျှပ်တစ်ပြက်ရေကြီး ခြင်းသည် ရှောင်တိမ်းရန် အချိန်အလွန်နည်းပါသည်။ ညအချိန်များတွင် ပိုမိုဂရုပြု နေထိုင်ပါ။
  • မြစ်၊ ချောင်းကမ်းပါးများနှင့် အလွန်နီးကပ်စွာ နေထိုင်သူများ၊ သဲသောင်ပြင်များတွင် သီးနှံစိုက်ပျိုးကြသူများ လိုအပ်ပါက အန္တရာယ်လွတ်ကင်းသည့်နေရာများသို့ ခေတ္တ ပြောင်းရွှေ့နေထိုင်ပါ။
  • ရေကြီးသောဒေသများတွင် မြစ်၊ ချောင်းကမ်းပါးတိုက်စားပြီး ပြိုကျတက်သောကြောင့် မြစ်၊ ချောင်း ကမ်းပါးများအနီးသို့ မသွားပါနှင့်။ တောင်ကုန်း၊ တောင်စောင်းများအနီးတွင် နေထိုင်သူများ တောင်ပြိုကျမှုအန္တရာယ်ကို သတိထားပါ။
  • ရေထဲတွင် မလိုအပ်ဘဲ ရေကူးခြင်း၊ လမ်းလျှောက်ခြင်းများ မပြုလုပ်ပါနှင့်။ မလွှဲမရှောင် သာ ရေထဲဖြတ်လျှောက်ရပါက တုတ်ဖြင့် စမ်းထောက်ပြီးသွားပါ။
  • ရေကြီးနေစဉ် တောင်ကျချောင်းများ၌ လူ၊ တိရစ္ဆာန်၊ မော်တော်ဆိုင်ကယ်၊ မော်တော်ကား မဖြတ်ကူးပါနှင့်။ ရေစီးနှင့်မျောပါတတ်ပါသည်။
  • ရေကြီးနေချိန်၊ ရေကြီးပြီးချိန်များတွင် လျှပ်စစ်မီးကြိုး၊ လျှပ်စစ်မီးတိုင်များနှင့် တတ်နိုင်သမျှ ဝေးဝေးနေပါ။ ရေစိုနေသော လျှပ်စစ်ပစ္စည်းများကို အသုံးမပြုပါနှင့်။ မြွေနှင့် အဆိပ်ရှိသောသတ္တဝါများ၏ အန္တရာယ်ကို သတိပြုပါ။

ပြည်သူများအနေဖြင့် ရေဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှိုးဆော်ချက်များ၊ အကြံပြုချက်များ အတိုင်း လိုက်နာဆောင်ရွက်နိုင်ပါရန်၊ အရေးပေါ်အချိန်တွင် သက်ဆိုင်ရာ တာ၀န်ရှိသူများ၏ စီစဉ်ဆောင်ရွက်မှုများအတိုင်း ပူးပေါင်းဆောင်ရွက်ပေးပါရန်နှင့် သဘာဝဘေးအန္တရာယ်များနှင့် ပတ်သက်၍ လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာနတွင် ဖွင့်လှစ် ထားရှိသည့် Hot-line ဖုန်းများဖြစ်သော ၀၆၇-၃၄၀၄၆၆၆ နှင့် ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် သတင်းရယူ အကူအညီတောင်းခံနိုင်ပါကြောင်း အသိပေးနှိုးဆော်အပ်ပါသည်။

လူမှု၀န်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေး၀န်ကြီးဌာန

HOT NEWS
January 4,