အသွားအလာကန့်သတ်ချက်များ ဂရုတစိုက်တိကျစွာလိုက်နာ

အသွားအလာကန့်သတ်ချက်များ ဂရုတစိုက်တိကျစွာလိုက်နာ


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / March 24, 2020


ကမ္ဘာပေါ်တွင် COVID-19 ရောဂါအတည်ပြုလူနာ မတွေ့ရသေးသော နိုင်ငံဟူ၍ လက်ချိုးရေတွက်၍ ရနိုင်သည့် အခြေအနေသို့ ရောက်သွားပြီ ဖြစ်ပြီး မြန်မာနိုင်ငံသည်လည်း COVID-19 ရောဂါ အတည်ပြုလူနာများ စတင်တွေ့ရှိ လာရပြီဖြစ်သည်။ ရောဂါကူးစက် ပြန့်ပွားနေသည့် နိုင်ငံများတွင် သွားရောက်အလုပ် လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများစွာတို့ ပြည်တွင်းသို့ ပြန်လည်ဝင်ရောက် လာခြင်းနှင့်အတူ နိုင်ငံတွင်းရောဂါ ဝင်ရောက်ဖြစ်ပွားနိုင်ခြေ လွန်စွာမြင့်မားမှုအပေါ် ပြည်သူလူထုအတွင်း၌လည်း စိုးရိမ်စိတ်တို့ကြီးထွားလာလျက် ရှိနေသည်။

အထူးသဖြင့် မြန်မာနိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားထောင်ပေါင်းများစွာ ပြန်လည်ဝင်ရောက်လာခဲ့ရာ ၎င်းတို့နှင့်အတူ ရောဂါပိုး ပါဝင်လာပြီး ကူးစက်ပြန့်ပွားနိုင်သည့်အတွက် ၎င်းတို့အား အသွားအလာ ကန့်သတ်ခြင်းကို မဖြစ်မနေ ပြုလုပ်ရမှာ ဖြစ်သည်။ သို့ရာတွင် လူဦးရေအများအပြား ပြန်လည်ဝင်ရောက် လာခြင်းဖြစ်သည့်အတွက် သတ်မှတ်နေရာများတွင် အသွားအလာကန့်သတ်ခြင်း (Facility Quarantine)ကို ဆောင်ရွက်ရန် မဖြစ်နိုင်ဘဲ ၎င်းတို့၏ နေအိမ်များတွင်သာ အသွားအလာ ကန့်သတ်ခြင်း(Home Quarantine)ကို ပြုလုပ်သွားမည်ဖြစ်သည်။ ယင်းသို့ အသွားအလာ ကန့်သတ်ခြင်း သို့မဟုတ် တားမြစ်ပိတ်ပင်ခြင်းတို့မှာ ကပ်ရောဂါများ ဖြစ်ပွားလာပါက ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ထိန်းချုပ်နိုင်ရေးတို့အတွက် လိုအပ်သလို ဆောင်ရွက်ရခြင်းပင်ဖြစ်ပြီး အားလုံးကလိုက်နာဆောင်ရွက်ကြရမှာလည်း ဖြစ်သည်။

နေအိမ်တွင် အသွားအလာကန့်သတ်သည့် ၁၄ ရက်တာကာလသည် နေ့ရက်တိုင်းမှာ အရေးကြီးသည့် ကာလဖြစ်သည့်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့် ယူနီဆက်ဖ် စသည်တို့မှ ထုတ်ပြန်ထားသည့် ကျန်းမာရေးဆိုင်ရာ သတိပေးချက်၊ လိုက်နာရမည့် အချက်အလက်များကို တိတိကျကျ လိုက်နာသွားကြရန်လိုသည်။ ကူးစက်ရောဂါ ဖြစ်ပွားနေသောဒေသမှ ပြန်လာသူသည် မိသားစုနှင့် ရောနှောမနေဘဲ သတ်မှတ် စောင့်ကြည့် ၁၄ ရက်တာကာလအတွင်း သီးခြားနေထိုင်စားသောက်ပြီး ပါးစပ်နှင့် နှာခေါင်းစည်းကိုလည်း အချိန်ပြည့် တပ်ဆင်ထားရမည်ဖြစ်သည်။ လက်ကိုမကြာခဏ သန့်ရှင်းစင်ကြယ်အောင် ဆေးကြောပြီး မိမိ၏အသုံးအဆောင်၊ ပန်းကန်ခွက်ယောက်များကို သီးခြားထားရှိပြီး သန့်ရှင်းစွာ ထားရမည်ဖြစ်သည်။ စောင့်ကြည့်ကာလ ၁၄ ရက်အတွင်း လူစုလူဝေးရှိသောနေရာကို ရှောင်ကြဉ်ခြင်း၊ နှာချေချောင်းဆိုးပါက တစ်ရှူးကိုအသုံးပြုပြီး စနစ်တကျစွန့်ပစ်ခြင်း၊  လက်ပြန်ဆေးခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်သည်။ အထက်ပါအချက် အလက်များအတိုင်း တိတိကျကျ လိုက်နာဆောင်ရွက် ခြင်းအားဖြင့် မိမိတွင်ဗိုင်းရပ်စ်ပိုး ပါရှိလာပါကလည်း မိမိ၏မိသားစုဝင်များ၊ ဆွေမျိုးမိတ်ဆွေများနှင့် အခြားသူများထံ ရောဂါကူးစက်ပျံ့နှံ့မှုမှ ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။

COVID-19 ဖြစ်ပွားရာနိုင်ငံမှ ပြန်လာသူများသည် သက်ဆိုင်ရာအုပ်ချုပ်ရေး သို့မဟုတ် ကျန်းမာရေးဌာနသို့ မဖြစ်မနေသတင်းပို့ခြင်း၊ မိမိတွင်ဖျားနာခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူ ခက်ခဲခြင်း၊ အားအင်ကုန်ခန်းခြင်းလက္ခဏာများ ဖြစ်ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေး ဌာနတွင် ကုသမှုခံယူခြင်းတို့ကို ပြုလုပ်ရမည်ဖြစ်ပြီး ကျန်းမာရေးဝန်ထမ်းများနှင့် အထွေထွေ အုပ်ချုပ်ရေးဝန်ထမ်းများကလည်း ပြည်သူများ၏ ပူးပေါင်းပါဝင်မှုဖြင့် ကြီးကြပ်ဆောင်ရွက် ကြရမည်ဖြစ်သည်။ စောင့်ကြပ်ကြည့်ရှုရန် သတ်မှတ်ထားသူ၏ အတူနေမိသားစုဝင် များသည်လည်း စောင့်ကြည့်ကာလ ၁၄ ရက် အတွင်းထိုသူကို သီးသန့်ခွဲခြားထားရှိခြင်း ပူးပူးကပ်ကပ်ရောနှော မနေခြင်း၊ အတူတူမစားခြင်း၊ လက်ကို မကြာခဏ ဆေးကြောခြင်းနှင့် စောင့်ကြည့်ရန် သတ်မှတ်ထားသူတွင် ရောဂါလက္ခဏာတွေ့ရှိပါက ကျန်းမာရေးဌာနသို့ အကြောင်းကြားခြင်း၊ ၎င်း၏ကျန်းမာ ရေးအခြေအနေကို ကျန်းမာရေးဌာနသို့ ပုံမှန်သတင်း ပို့ခြင်းတို့ ဆောင်ရွက်ကြရမည်ဖြစ်သည်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်ဖြစ်သည့် COVID-19 ရောဂါသည် ပြည်တွင်းတွင်မရှိဘဲ ပြည်ပမှ ဝင်ရောက်လာနိုင်ခြင်းကသာ အဓိကဖြစ်ခြင်းကြောင့် လေဆိပ်၊ ရေဆိပ်များနှင့် နယ်စပ်ဝင်ပေါက်များမှ အဝင်အထွက်များကို ကန့်သတ်ခြင်း၊ တားဆီးခြင်း၊ မြို့တစ်မြို့လုံးကို အသွားအလာမရှိ ပိတ်ပင်ခြင်း၊ တစ်မြို့မှ တစ်မြို့သို့ ကူးသန်း သွားလာခြင်းများကို ပိတ်ပင်ခြင်း စသည်ဖြင့် နိုင်ငံအသီးသီးတို့က ပြုလုပ်ဆောင်ရွက်နေကြသည်။ ယင်းသို့ တားဆီးပိတ်ဆို့ခြင်း သည် covID-19 ကာကွယ်တားဆီးရေးနှင့် ထိန်းချုပ်ရေးတွင် အရေးပါ ဆုံးသောအချက်လည်း ဖြစ်သည်။ နေအိမ်၌ အသွားအလာကန့်သတ်ခြင်းတွင် ကန့်သတ်စောင့်ကြည့်ရန် သတ်မှတ်ထားသူနှင့် မိသားစုဝင်များက သတိပေးအချက်အလက်များကို တိကျစွာ လိုက်နာခြင်း ဖြင့် COVID-19 ကူးစက်ပြန့်ပွားခြင်းကို ကာကွယ်ထိန်းချုပ်နိုင်မည် ဖြစ်ပါကြောင်း။

HOT NEWS
January 4,