ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေမြင့်တက်လာမှု အခြေအနေများနှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ကြရန် အသိပေးပန်ကြား

ဧရာဝတီမြစ်နှင့် ချင်းတွင်းမြစ်တို့တွင် မြစ်ရေမြင့်တက်လာမှု အခြေအနေများနှင့်စပ်လျဉ်း၍ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများတွင် ပြည်သူများပူးပေါင်းပါဝင်ကြရန် အသိပေးပန်ကြား


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 15, 2020


နေပြည်တော် ဇူလိုင် ၁၅

မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးသည်းထန်စွာ ရွာသွန်းမှုနှင့် နေရာကွက်၍ မိုးကြီးမှုများ ကြောင့် ဇူလိုင် ၁၂ ရက်၊ ၁၃ ရက်နှင့် ၁၄ ရက်များအတွင်း ဧရာဝတီမြစ်ရေ မြင့်တက်ခဲ့ပြီး မြစ်ရေမြင့်တက်ခြင်းကြောင့် ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ဆင်ဘိုမြို့နှင့် ရွှေကူမြို့ များရှိ ရပ်ကွက်အချို့မှ အိမ်ထောင်စု (၁၅၅)စု၊ လူဦးရေ (၆၇၁)ဦးတို့ကို ယာယီရေဘေးရှောင်စခန်းများ သို့ ပြောင်းရွှေ့ပေးခဲ့ကာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနသည် ယာယီရေဘေးရှောင်စခန်းများရှိ ပြည်သူ များအား ဆန်ရိက္ခာဖိုးနှင့် ကိုဗစ်-၁၉ ကာကွယ်ရေးအတွက် လိုအပ်သည့် ဆပ်ပြာနှင့် အဝတ်နှာခေါင်းစည်း များကို ထောက်ပံ့ပေးခဲ့သည်။

အဆိုပါမြစ်ရေသည် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင် ၁၅ ရက် မွန်းလွဲ ၁၂ နာရီခွဲအချိန် တိုင်းတာချက်များအရ ကချင်ပြည်နယ်၊ ရွှေကူမြို့တွင် ယင်းမြို့၏ စိုးရိမ်ရေ အမှတ်အနီးသို့ ရောက်ရှိနေပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် နောက် (၂၄)နာရီအတွင်း ယင်းမြို့၏ စိုးရိမ်ရေအမှတ်အနီးသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။ အဆိုပါမြစ်ရေ သည် မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းမြို့၊ မန္တလေးမြို့နှင့် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နှင့် မြင်းမူမြို့များသို့ နောက်(၂)ရက်ခန့်တွင် ရောက်ရှိလာနိုင်ပါသည်။ ထိုနည်းတူစွာ ချင်းတွင်းမြစ်ရေ သည် စစ်ကိုင်းတိုင်းဒေသကြီး ဟုမ္မလင်းမြို့နှင့် ဖောင်းပြင်မြို့များတွင် နောက်လာမည့်(၃)ရက် အတွင်း ယင်းမြို့များ၏ စိုးရိမ်ရေမှတ် အသီးသီးသို့ ရောက်ရှိနိုင်ကြောင်း ခန့်မှန်းထားသည်။

မိုးရွာသွန်းမှုအနေဖြင့် လာမည့် (၃)ရက်အတွင်း မြန်မာနိုင်ငံ မြောက်ပိုင်းဒေသများတွင် ပုံမှန်ရွာသွန်းမြဲ အခြေအနေရှိသည့်အတွက် ဧရာဝတီမြစ်အထက်ပိုင်း၌ ရေတိုးနိုင်ခြေ လျော့နည်း သွားဖွယ်ရှိကြောင်း ခန့်မှန်းရကြောင်း သိရသည်။

သို့သော် ယခင်ကဖြစ်ပွားခဲ့သည့် ရေကြီးရေလျှံမှုဖြစ်စဉ်များကို အခြေခံ၍ လေ့လာ ဆန်းစစ်မှုများအရ ကချင်ပြည်နယ် မြစ်ကြီးနား၊ ဝိုင်းမော်နှင့် ဗန်းမော်မြို့နယ်များ၊ စစ်ကိုင်းတိုင်း ဒေသကြီး ကလေး၊ မုံရွာ၊ စစ်ကိုင်းနှင့် မြောင်မြို့နယ်များ၊ မန္တလေးတိုင်းဒေသကြီး အမရပူရ၊ စဉ့်ကိုင်၊ တံတားဦး၊ ကျောက်ဆည်၊ တောင်သာနှင့် မြစ်သားမြို့နယ်များတွင် မြစ်ရေကြီးမှု အများဆုံး ဖြစ်ပွားလေ့ရှိကြောင်း သိရသည်။

လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအထက်ပိုင်းရှိ ဧရာဝတီမြစ်ရေသည် ရွှေကူမြို့နှင့် ကသာမြို့များသို့ စီးဆင်းလာပြီဖြစ်ရာ နောက်လာမည့် ရက်အနည်းငယ်အတွင်း သပိတ်ကျင်း၊ မန္တလေး၊ စစ်ကိုင်း၊ မြင်းမူစသည့် မြို့များသို့ ရောက်ရှိနိုင်သောကြောင့် အဆိုပါဒေသများရှိ ပြည်သူများအနေဖြင့် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်သည့် မြစ်ရေကြီးမှု သတိပေးချက်များကို အထူးအလေးပေး နားထောင်ကြရန်နှင့် လိုအပ်ချက်နှင့်အညီလူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသော ရေဘေး ကြိုတင်ပြင်ဆင်ရေးဆိုင်ရာအချက်အလက်များကို လေ့လာသတိပြုလိုက်နာ ဆောင်ရွက်ကြပါရန် အသိပေးပန်ကြားထားကြောင်း သိရသည်။

ရေကြီးရေလျှံခြင်းနှင့် ပတ်သက်၍  ကြိုတင်ပြင်ဆင်ဆောင်ရွက်ရာတွင် ကိုဗစ်-၁၉ ကာလ ထုတ်ပြန်ထားသော ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဌာနဆိုင်ရာ များ၊ လူမှုအဖွဲ့အစည်းများနှင့် ပြည်သူများအားလုံးပူးပေါင်း၍ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထား ရန်လိုအပ်ကြောင်း၊ ရေကြီးခြင်းအပါအဝင် ဘေးအန္တရာယ်ဖြစ်ပွားပေါ်ပေါက်မှုများနှင့်စပ်လျဉ်း၍ သတင်းပေး ဆက်သွယ်လိုခြင်းနှင့် အရေးပေါ်အကူအညီလိုအပ်မှုများကို တောင်းခံလိုခြင်းများ ရှိပါက လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာနက (၂၄)နာရီ ဖွင့်လှစ်ထားသည့် Hot Line ဖုန်းနံပါတ်၊ ၀၆၇-၃၄၀၄၆၆၆/ ၀၆၇-၃၄၀၄၇၇၇ တို့သို့ ဆက်သွယ် သတင်းပေးပို့ရယူနိုင်ကြောင်း သိရသည်။

(သတင်းစဉ်)

HOT NEWS
January 4,