၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ

၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုများ ထုတ်ပြန်ကြေညာ


ပြန်ကြားရေးဝန်ကြီးဌာန/ နေပြည်တော် / December 05, 2020
image_latest


နေပြည်တော် ဒီဇင်ဘာ  ၄

ပြန်ကြားရေးဝန်ကြီးဌာန ပုံနှိပ်ရေးနှင့်ထုတ်ဝေရေးဦးစီးဌာန စာပေဗိမာန်က ကြီးမှူး ကျင်းပသည့်  ၂၀၁၉ ခုနှစ်အတွက်  စာပေဗိမာန် စာမူဆုပြိုင်ပွဲတွင် ဆုရရှိသော စာမူများနှင့် စာရေးဆရာများ၏ အမည်စာရင်းကို စာပေဗိမာန် စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့က  ယနေ့ထုတ်ပြန်ကြေညာသည်။

ဝတ္ထုရှည်ဆုတွင် ပထမဆုကို နွေကံ့ကော် (မြို့လှ) ၏ မော်စကိုမှာဝေတဲ့ နှင်း၊ ဒုတိယဆုကို  မောင်အင်း (ဥက္ကံ)၏ သဲရေစစ်၊ တတိယဆုကို သဉ္ဇာလှိုင် (လားရှိုး)၏ နေထိပန်းနွမ်းသော်လည်း စာမူများက လည်းကောင်း၊ ဝတ္ထုတို ပေါင်းချုပ်ဆုတွင် ပထမဆုကို နန္ဒာခင် (သက္ကလမြေ)၏ အဖေ့ခြံနှင့် အခြားရသ ဝတ္ထုတိုပေါင်းချုပ်၊ ဒုတိယဆုကို သက်သက်နွယ်၏ လမင်းစန္ဒာလင်းပါစေနှင့် အခြားဝတ္ထုတိုများ၊ တတိယဆုကို သောင်းမြင့်ဦး (ကွမ်းခြံကုန်း)၏ နားဝင် ပီယံခလောက်သံနှင့် အခြားဝတ္ထုတိုများ စာမူများကလည်းကောင်း၊ ကဗျာ ပေါင်းချုပ်ဆုတွင် ပထမဆုကို ယဉ်ယဉ်(မင်းကန်)၏ မနွမ်းပန်းခင်း ကဗျာများ၊ ဒုတိယဆုကို ချစ်စုအောင်၏ မုဒိတာရင်ခွင်ကဗျာများ စာမူများကလည်းကောင်း၊ သုတပဒေသာ (ဝိဇ္ဇာ) ဆုတွင် ပထမဆုကို ရဲမင်းထက် (မြန်မာစာ) ၏ ဇာတက နောက်ခံ ရခိုင်သားခြင်းများ၏ အပြောက်အမွမ်း၊ ဒုတိယဆုကို လှိုင်းနန္ဒာ (တမာမြေ)၏ မိုင်းပွန်အာဇာနည် စစ်တမ်းရှာပုံတော် စာမူများက လည်းကောင်း၊ သုတပဒေသာ (ရိုးရိုးသိပ္ပံနှင့် အသုံးချသိပ္ပံ) ဆုတွင် ပထမဆုကို ‌ဒေါက်တာဆုမွန်လွင်၏ ကြောင်ချစ်သူများ သိမှတ်ဖွယ်ရာ ဗဟုသုတ အဖြာဖြာ၊ ဒုတိယဆုကို မောင်အောင်၏ နို့နှင့်နို့ထွက်ပစ္စည်း လက်တွေ့ထုတ်လုပ်နည်းများ စာမူများ က လည်းကောင်း၊ စာပဒေသာဆုတွင်ပထမဆုကို ဦးရဲ‌ဒွေး၏ရုပ်သေးသဘင်သုံး ဇာတ်စာ ဇာတ်စကားများ၊ ဒုတိယဆုကို ကိုညိုကြီး၏ မြောက်ကျောင်းသားကြီး ခရီးဝင်္ကပါ၊ တတိယဆုကို  တင့်ထွန်း (ချောက်)၏ အကြီးတော်ချုပ် စာမူများ ကလည်းကောင်း၊  မြန်မာ့ယဉ်ကျေးမှုနှင့် အနုပညာဆိုင်ရာ စာပေဆုတွင် ပထမဆုကို လွင်မြန်မာ (မန်းတက္ကသိုလ်)၏  မြန်မာ့ရွှေချည်ထိုး၊ ဒုတိယဆုကို မိုးမြင့်ဝင်း  (မဟာဝိဇ္ဇာ)၏ မဟာဂီတတွင်    ဖွဲ့ဆိုခဲ့သော   မင်းခမ်းတော်များ၊ တတိယဆုကို  မင်းဗေဒါ (ပွင့်ဖြူ)၏ စာရွက်ပေါ်မှာ ရုပ်ရှင်ရိုက်ခြင်း  (ရုပ်ရှင် ဇာတ်ညွှန်းအနုပညာလေ့လာချက်) စာမူများကလည်းကောင်း၊ ကလေးစာပေ ဆုတွင် ပထမဆုကို ကန့်ဘလူခင်မောင်ဆွေ၏ စက္ကူကျားနှင့်ရွှံ့ရုပ် နွားကလေးကဗျာများ၊ ဒုတိယဆုကို ကိုထွန်းရင် (အဏ္ဏဝါ)၏ စက္ကူလှေကလေး လွှတ်ကြမယ် ကလေးကဗျာများ၊ တတိယဆုကို ထက်ဝေအောင် (စစ်ကိုင်း) ၏ ပန်းတိုင်း ပွင့်ခွင့်ရှိပါသည်နှင့် အခြားကလေး ဝတ္ထုတိုများ စာမူများက လည်းကောင်း၊ လူငယ် စာပေဆုတွင် ပထမဆုကို ရန်ကုန်ဌေးဇော်၏  အသက်ရှည်ပါ  ရေ၊ ဒုတိယဆုကို အေပရယ်ယုနိုင် (ရွှေတောင်)၏ မမဆိုသော သမီးကြီး၊ တတိယဆုကို ကိုရွှေရင်အေး၏ ရွာကြီးတစ်ရွာသို့ အလည်တစ်ခေါက် စာမူများက လည်းကောင်း၊ နိုင်ငံရေး စာပေဆုတွင် ဒုတိယဆုကို ဇွဲသန်းသျှင်း (သုံးဆယ်)၏ ကချင်ပြည်နယ် တိုင်းရင်း သားများ၏ မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်း စာမူကလည်းကောင်း၊ ပြဇာတ်စာပေဆုတွင် ဒုတိယဆုကို မောင်မြေနီ (တမာတော)၏ တစ်နေ့နေ့ထဲက တစ်နေ့၊ တတိယဆုကို ရွှေရင်းမာ၏ ပျူသွေးစာမူ များကလည်းကောင်း၊ ဘာသာပြန်စာပေ (သုတ) ဆုတွင် ပထမဆုကို ဒီပံလင်း၏ နောက်ဆုံးကျန်သော ရေတစ်စက် - ရေနိုင်ငံရေး စာမူက လည်းကောင်း၊ ဘာသာပြန်စာပေ (ရသ) ဆုတွင် ပထမဆုကို ဇော်ဦးငြိမ်း၏ ဗွီအက်(စ်) နိုင်ပေါလ်၊ စိတ်ကူး ရောင်စုံဝတ္ထုတိုများ စုစည်းမှု စာမူကလည်းကောင်း ရရှိကြသည်။

စာပေဗိမာန်စာမူဆုများကို ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆုငွေကျပ် ငါးသိန်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရသည်။

စာပေဗိမာန်စာမူဆု စိစစ်ရွေးချယ်ရေးအဖွဲ့ကို စာပေပညာရှင်၊ အသိပညာရှင်၊ အတတ်ပညာ ရှင်များနှင့် ပုံနှိပ်ရေးနှင့် စာအုပ်ထုတ်ဝေရေးလောကမှ အတွေ့အကြုံရှိသူများ ပါဝင်သော ပုဂ္ဂိုလ် ၂၇ ဦးဖြင့် ဖွဲ့စည်းထားပြီး ၂၀၁၉ ခုနှစ်အတွက် ပြိုင်ပွဲသို့ တင်သွင်းလာသော စာမူ ၂၈၇ စောင်ကို သက်ဆိုင်ရာ ဘာသာရပ်အလိုက်ခွဲခြားပြီး ပဏာမအဆင့်၊ ဆန်ခါတင်အဆင့်၊ အတည်ပြု အဆင့်ဟူသော အဆင့် သုံးဆင့်ဖြင့် စနစ်တကျစိစစ်ရွေးချယ် ခဲ့ကြသည်။

 ဆုရရှိသူများသည် ရန်ကုန်မြို့ အမှတ် ၅၂၉- ၅၃၁၊ ကုန်သည်လမ်း စာပေဗိမာန်ရှိ စာပေဆုများ အုပ်ချုပ်ထောက်ပံ့မှုကော်မတီ ဖုန်း ၀၁- ၃၈၁၄၄၉ သို့ အမြန်ဆုံးဆက်သွယ် ကြရန်နှင့် (၅ x ၈) လက်မရောင်စုံဓာတ်ပုံနှစ်ပုံနှင့် ပတ်စပို့အရွယ် ရောင်စုံဓာတ်ပုံနှစ်ပုံစီကို ကိုယ်ရေးရာဇဝင် အကျဉ်းချုပ်နှင့်အတူ (ကြေညာသည့်ရက်မှ တစ်ပတ်အတွင်း) ပေးပို့ရန် နှိုး‌ဆော်ထားကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါထိန်းချုပ်သည့် ကာလဖြစ်သဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏  ညွှန်ကြားချက် များနှင့်အညီ ၂၀၁၉ ခုနှစ်အတွက် စာပေဗိမာန်စာမူဆုချီးမြှင့်ပွဲအခမ်းအနားကို   ရန်ကုန်မြို့တွင်ကျင်းပမည်ဖြစ် ပြီး အခမ်းအနားကျင်းပမည့် ရက်နှင့်နေရာကို    ထပ်မံအသိပေးကြေညာမည် ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်

HOT NEWS
January 4,