၉ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပ

၉ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာဝန်ကြီးများအဆင့် အစည်းအဝေး ကျင်းပ


သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန/ နေပြည်တော် / October 23, 2020
၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူး၍ ၉ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ


၂၀၂၀ ပြည့်နှစ်၏ အာဆီယံအလှည့်ကျ ဥက္ကဋ္ဌဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံနှင့် အာဆီယံ အတွင်းရေးမှူးချုပ်ရုံးတို့မှ ကြီးမှူး၍ ၉ ကြိမ်မြောက် အာဆီယံ ယဉ်ကျေးမှုနှင့် အနုပညာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ ကို ၂၂.၁၀.၂၀၂၀ ရက်နေ့၊ နံနက် (၈:၃0)နာရီတွင် Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်ခဲ့ရာ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသူရဦးအောင်ကို၊ ဒုတိယဝန်ကြီး ဦးကြည်မင်း၊ အမြဲတမ်းအတွင်းဝန် ဦးထွန်းအုံ၊ အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းကောင်စီ အဆင့်မြင့်အရာရှိကြီး ဒေါက်တာဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ် (မန္တလေး) တို့နှင့်အတူ မြန်မာကိုယ်စားလှယ်အဖွဲ့က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် ၃၅ ၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ကြပါသည်။
​​​​​​​​​​​​​​
အစည်းအဝေးတွင် အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူဆောင်ရွက်သည့် ကမ္ဘောဒီးယား နိုင်ငံက “ကိုဗစ်-၁၉ ၏ သက်ရောက်မှုများနှင့် ရှေ့ဆက်သွားမည့် ယဉ်ကျေးမှုနှင့် အနုပညာ ကဏ္ဍ” ဟူသည့် ခေါင်းစဉ်ဖြင့် မိန့်ခွန်းပြောကြားခဲ့သည်။
 
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ယခု COVID-19 ရောဂါသည် တစ်ကမ္ဘာလုံးရှိ လူသန်းပေါင်းများစွာတို့၏ အသက်အိုးအိမ်စည်းစိမ်ကို ထိခိုက်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ကာလအတွင်း အိမ်တွင်နေထိုင်သည့် ပြည်သူများအား စိတ်ပင်ပန်းမှု လျော့ကျစေရန်အလို့ငှာ ဖျော်ဖြေရေးအစီအစဉ်များ ဖန်တီး ထုတ်လုပ်ပေးခြင်း အနုပညာရှင်များအတွက် ထောက်ပံ့ငွေပေးအပ်ခြင်း၊ ရှေးဟောင်းအမွေအနှစ် ပစ္စည်းများ လုံခြုံရေးအတွက် သက်ဆိုင်ရာ ဒေသအလိုက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်၍ လုံခြုံရေး ဆောင်ရွက်ခြင်း၊ ယဉ်ကျေးမှုနှင့် အနုပညာဘာသာရပ်များကို Online မှတစ်ဆင့် သင်ကြားပေးခြင်း Online ပြတိုက်နှင့် စာကြည့်တိုက်များ ဆောင်ရွက်ပေးခြင်းတို့ကို လုပ်ဆောင်နေပါကြောင်း၊ အခြားသော အာဆီယံဒေသအတွင်း နိုင်ငံများနည်းတူ စီးပွားရေး၊ လူမှုရေး၊ယဉ်ကျေးမှု ဖွံဖြိုးရေးလုပ်ငန်းများနှင့် အခြားသော ယဉ်ကျေးမှုဆိုင်ရာ ကိစ္စရပ်များတွင် တက်ကြွစွာပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ COVID-19 ကပ်ရောဂါအား ကာကွယ် တားဆီးရေးအတွက် ပြည်သူလူထုအား ကြေညာပေးခြင်း၊ အသိဉာဏ်ဖွံ့ဖြိုးစေရန် လေ့ကျင့် သင်ကြားပေးခြင်းများပြုခဲ့ပါကြောင်း၊ COVID-19 ကပ်ရောဂါသည် မည်သည့်အချိန်တွင် အဆုံးသတ်မည်ကို မသိပါကြောင်း၊ ကျွန်ုပ်တို့အနေဖြင့် အာဆီယံ၏နည်းလမ်းများအတိုင်း တစ်ဦးနှင့်တစ်ဦး ထောက်ပံ့ကူညီ သွားမည်ဖြစ်ပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
​​​​​​​​​​​​​​
အာဆီယံဒေသတွင်းပြည်သူများ ပေါင်းစည်း၍ ယဉ်ကျေးမှုနှင့် အနုပညာလုပ်ငန်းများ ပိုမိုဆောင်ရွက်နိုင်ရေး လုပ်ငန်းစဉ်နှင့်အညီ ၂၀၂၁ ခုနှစ်အတွင်း ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ Work Plan များဖြင့် ညှိနှိုင်းဆွေးနွေးကြသည်။ ထို့နောက် ယခင်ကျင်းပ ပြီးခဲ့သော အစည်းအဝေးများ၏ လုပ်ငန်း ဆောင်ရွက်ချက်များအား ပြန်လည်သုံးသပ်ခြင်း၊ ညှိနှိုင်း ဆွေးနွေးခြင်းများပြုလုပ်ခဲ့ကြပြီး အာဆီယံဒေသအတွင်း ယဉ်ကျေးမှုဆိုင်ရာ လုပ်ငန်းများနှင့် စပ်လျဉ်း၍ ယဉ်ကျေးမှုဖလှယ်ရေး၊ အသေးစားလုပ်ငန်းများပေါ်ပေါက်လာရေး ထိန်းသိမ်းကာကွယ် စောင့်ရှောက်ရေး၊ လူ့စွမ်းအား အရင်းအမြစ်များ ပေါ်ပေါက်လာရေးစသည့် ခေါင်းစဉ်များဖြင့် အကောင်အထည်‌ဖော် ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။
​​​​​​​​​​​​​​
အဆိုပါအစည်းအဝေးမတိုင်မီ ၂၀.၁၀.၂၀၂၀ ရက်နေ့ နံနက် ၀၈:၃၀ အချိန်တွင် ၁၆ ကြိမ် မြောက် အာဆီယံ လူမှုရေး-ယဉ်ကျေးမှု အသိုက်အဝန်းဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို ဒေါက်တာဒေါ်ခင်ကြည်ပြာ၊ ပါမောက္ခချုပ်၊ အမျိုးသားယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(မန္တလေး)နှင့် မြန်မာ ကိုယ်စားလှယ်အဖွဲ့က Video Conferencing ဖြင့် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရုံးအမှတ် (၃၅)၊ နေပြည်တော်မှ ပါဝင်တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။၊
22.10.2020
MORAC
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​