အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်း၀င်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကရင်တိုင်းရင်းသား၀တ်စုံအား အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်း

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ မန်း၀င်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကရင်တိုင်းရင်းသား၀တ်စုံအား အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်း


/ နေပြည်တော် အောက်တိုဘာ(၁၂) / October 12, 2018
အာဇာနည်ခေါင်းဆောင်ကြီး မန်းဘခိုင်၏ ကရင်တိုင်းရင်းသား၀တ်စုံအား အမျိုးသားပြတိုက်(နေပြည်တော်)သို့ လှူဒါန်း


      အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်း၀င်းခိုင်သန်းက အဘိုးဖြစ်သူ အာဇာနည် ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သူ မန်းဘခိုင်၏ ၀တ်စုံကို အမျိုးသားပြတိုက် (နေပြည်တော်)သို့ လှူဒါန်းသည့် အခမ်းအနားကို အမျိုးသားပြတိုက်(နေပြည်တော်)၌ ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ရာ အမျိုးသား လွှတ်တော် ဥက္ကဋ္ဌ မန်း၀င်းခိုင်သန်းနှင့်ဇနီး၊ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီး ဌာန ပြည်ထောင်စု၀န်ကြီး သူရဦးအောင်ကို၊အမြဲတမ်းအတွင်း၀န်၊အမျိုးသားလွှတ်တော်နှင့်သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာနတို့မှညွှန်ကြားရေးမှူးချုပ်များ၊ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် ၀န်ထမ်းများ တက်ရောက်ကြပါသည်။

 

          အခမ်းအနားတွင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်း၀င်းခိုင်သန်းက ယခုလှူဒါန်းသည့် ၀တ်စုံသည် အဘိုးဖြစ်သူ မန်းဘခိုင်၏ ကရင်တိုင်းရင်းသားရိုးရာ၀တ်စုံဖြစ်ပါကြောင်း၊ အဘွားမှ တစ်ဆင့် မျိုးရိုးအစဉ်အဆက် ထိန်းသိမ်းစောင့်ရှောက် ခဲ့ပါ ကြောင်း၊ အဘိုးဖြစ်သူ မန်းဘခိုင်သည် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သည့်အတွက် ဤ၀တ်စုံသည် သမိုင်း ကြောင်း အရလည်း တန်ဖိုးရှိပါကြောင်း၊ မိသားစုက ထိန်းသိမ်းခြင်းထက် အမျိုးသား ပြတိုက်(နေပြည်တော်)သို့ လှူဒါန်းပြီး အများ ပြည်သူကို ပြသခြင်းက ပိုမိုအကျိုးရှိမည်ဟု ယူဆ ပါကြောင်းစသဖြင့် ၀တ်စုံလှူဒါန်းရခြင်းအကြောင်း  ရှင်းလင်း ပြောကြား ပြီးပေးအပ် လှူဒါန်းရာ သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီး သူရဦးအောင်ကိုက လက်ခံရယူပါသည်။

 

၀တ်စုံလှူဒါန်းလက်ခံရရှိခြင်းနှင့်စပ်လျဉ်း၍ သာသနာရေးနှင့်ယဉ်ကျေးမှု၀န်ကြီးဌာန ပြည်ထောင်စု၀န်ကြီးက သာသနာရေးနှင့် ယဉ်ကျေးမှု ၀န်ကြီးဌာနအောက်ရှိ ပြတိုက်များသည်  ပြသပစ္စည်းများကို စုဆောင်းခြင်း၊ ထိန်းသိမ်းခြင်း၊ သုတေသနပြုခြင်းနှင့် ပြန့်ပွားအောင် ဆောင်ရွက်ခြင်း ဆိုသည့် ပြတိုက်ဆိုင်ရာ လုပ်ငန်းစဉ်များကို နေ့စဉ်ဆောင်ရွက်လျက်ရှိပါကြောင်း၊ ပြသပစ္စည်းများကို စုဆောင်းရာတွင် နိုင်ငံတော်ပိုင်အဖြစ်ရရှိခြင်း၊  ၀ယ်ယူရရှိခြင်း၊   လှူဒါန်း ရရှိခြင်း၊ ငှားရမ်းရရှိခြင်း၊ ခေတ္တရရှိခြင်း၊ အပ်နှံရရှိခြင်း စသည့် နည်းလမ်း(၆)မျိုးဖြင့်ဆောင်ရွက် လျက်ရှိပါကြောင်း၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ မန်း၀င်းခိုင်းသန်းက ၄င်းအဘိုး၏ ၀တ်စုံကိုအမျိုးသားပြတိုက်(နေပြည်တော်)သို့လှူဒါန်းခြင်းသည်ပြသပစ္စည်းစုဆောင်းရေးနည်းလမ်းနှင့် ကိုက်ညီပါကြောင်း၊ ယခု၀တ်စုံသည် အာဇာနည်ခေါင်းဆောင်ကြီး (၉)ဦးအနက်မှ တစ်ဦးဖြစ်သူ မန်းဘခိုင်၏ ၀တ်စုံ ဖြစ်ကြောင်းသိရသဖြင့် သမိုင်းတန်ဖိုးကြီးမားသည့် ပစ္စည်းတစ်ခုလည်း ဖြစ်ပါကြောင်း၊ ထို့ကြောင့်  သာသနာရေးနှင့် ယဉ်ကျေးမှု၀န်ကြီးဌာနကိုယ်စား အလှူရှင် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီးတို့ကို အထူးပင်ကျေးဇူး တင်ရှိပါ ကြောင်း ပြန်လည် ပြောကြားပါသည်။

          ထို့နောက် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌနှင့် ဇနီး၊ ပြည်ထောင်စု၀န်ကြီး၊ အမြဲတမ်း အတွင်း၀န်နှင့် ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များက မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ပါသည်။

          ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာနသည် အမျိုးသားပြတိုက် (၂)ခု အပါအဝင် ပြတိုက်ပေါင်း (၃၂)ခုကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးတွင်ဖွင့်လှစ် ပြသ လျက်ရှိပါသည်။ ရှေးဟောင်းဝတ္ထုပစ္စည်းများကို ဘိုးဘွားစဉ်ဆက် သိမ်းဆည်းထားသူများ၊ တိုင်းရင်းသား အသုံးအဆောင် ပစ္စည်းများကို လှူဒါန်းလိုသူများအနေဖြင့် ပေးအပ်လှူဒါန်း လာပါက ထိုက်တန်သည့်ဆုကြေးငွေပေးအပ်၍ စုဆောင်းလျက်ရှိပြီး၊ သင့်တော်သည့်အချိန် ကာလများ တွင် ပြတိုက်များ၌ ခင်းကျင်းပြသလျက်ရှိပါသည်။

          သို့ဖြစ်ပါ၍ ရှေးဟောင်းဝတ္ထုပစ္စည်းများ၊ တိုင်းရင်းသားရိုးရာပစ္စည်းများကို လှူဒါန်း လိုသူများအနေဖြင့် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန၏ တိုင်းဒေသကြီး၊ ပြည်နယ်ဌာနခွဲ များသို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သတင်းရရှိပါသည်။

HOT NEWS
January 4,