မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို တရားမျှတမှုများနှင့် အဂတိတရားကင်းရှင်းအောင် ချီးမြှင့်သွားမည်

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို တရားမျှတမှုများနှင့် အဂတိတရားကင်းရှင်းအောင် ချီးမြှင့်သွားမည်


ပြန်ကြားရေးဝန်ကြီးဌာန/ ရန်ကုန် / January 12, 2019
image_latest


ရန်ကုန် ဇန်နဝါရီ ၁၁

၂ဝ၁၈ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို အမှန် တရား၊ တရားမျှတမှုများနှင့် ပိုမိုနီးစပ်ပြီး အဂတိတရား ကင်းရှင်းအောင် ချီးမြှင့်သွားနိုင်ရန် မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံးအနေဖြင့် ဆောင်ရွက်နေကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးဇင်ဝိုင်းက မြန်မာ့ရုပ်ရှင်ထူးချွန် ဆုချီးမြှင့်ပွဲနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတွင် ပြောကြားသည်။ အဆိုပါ သတင်းစာရှင်းလင်းပွဲကို ယနေ့ မွန်းလွဲပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ဝင်္ကဘာလမ်းရှိ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး (MMPO) ရုပ်ရှင်ရုံ၌ ကျင်းပသည်။

မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးအနေဖြင့် ယခုနှစ်မှ စတင်ကာ မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများ ချီးမြှင့်ရေး၊ စည်းမျဉ်း စည်းကမ်းများ ပြန်လည်သုံးသပ်ရေးဆွဲရေးကော်မတီ တစ်ရပ်ကို ရုပ်ရှင်လောကသားများထဲမှ ရှစ်လွှာသော ပညာရှင်ပေါင်း ၁ဝဝ နှင့် ဖွဲ့စည်းခဲ့ကာ ရေးဆွဲခဲ့ပြီး မြန်မာ့ရုပ်ရှင်ထူးချွန်ဆုများကို အမှန်တရားနှင့် ပိုမိုနီးစပ် အောင်၊ တရားမျှတမှုရှိအောင်၊ အဂတိတရားများ ကင်းရှင်း အောင် ရုပ်ရှင်လောကသားများ စုပေါင်းပြီး အစည်းအဝေးပေါင်း ၂၁ ကြိမ်ပြုလုပ်ကာ ညှိနှိုင်းဆွေးနွေးသုံးသပ်၍ ပယ်သင့်သည်များပယ်ကာ ဖြည့်သင့်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

''ဒီစည်းမျဉ်း စည်းကမ်းများဟာ ၁ဝဝ ရာခိုင်နှုန်း အမှန်တရားဖြစ်နိုင်မလား ဆိုတာတော့ ရာနှုန်းပြည့် မမှန် နိုင်သေးဘူးလို့ ဆိုရမှာ ဖြစ်ပါတယ်။ တွေ့ကြုံလာရမယ့် အခက်အခဲ လိုအပ်ချက်တွေကိုလည်း ထပ်ဖြည့်သွားမှာ ဖြစ်ပါတယ်။ ဒါ့ပြင် ဒီစည်းမျဉ်းစည်းကမ်းတွေကို ပုံနှိပ် ထုတ်ဝေပြီးတော့ အများပြည်သူ သိနိုင်အောင်၊ လေ့လာ ဖတ်ရှုနိုင်အောင် ထုတ်ဝေသွားမှာ ဖြစ်ပါတယ်။ အများ ပြည်သူက ဒီအချက်အလက်တွေထဲက ဘယ်အချက်က မှားနေတယ်၊ ဘယ်အချက်က ဖြုတ်သင့်တယ် ဆိုတာကို အကြံပြုဝေဖန်မှုတွေ ပေါ်လာရင်လည်း တကယ်မှန်ကန်တဲ့ အကြံပြုချက်တွေကို ထည့်သွင်း စဉ်းစားသွားမှာ ဖြစ်ပါ တယ်'' ဟု ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ပြောသည်။

ပြန်လည်ရေးဆွဲလိုက်သည့် စည်းမျဉ်းစည်းကမ်းများ ထဲတွင် ယခင်က မပါရှိခဲ့သည့် စည်းမျဉ်းစည်းကမ်း အချို့ ပါဝင်လာပြီး အကဲဖြတ် အဖွဲ့ဝင်များအနေဖြင့် လိုက်နာ ရမည့် ကျင့်ဝတ်များ၊ စောင့်စည်းရမည့် သိက္ခာများကို စည်းကမ်းချက်ပေါင်း ကိုးချက်နှင့် သတ်မှတ်ထားကြောင်း၊ အကဲဖြတ်အဖွဲ့ဝင်များအနေဖြင့် စည်းကမ်းများကို ဖောက်ဖျက်ပါက အမည်ပျက်စာရင်းတင်သွင်းပြီး အဖွဲ့မှ ရာသက်ပန်ထုတ်ပယ်သွားမည်ဖြစ်ကြောင်း၊ မလိုလား အပ်သည့် အဂတိတရားများမရှိလာအောင် အကဲဖြတ် အဖွဲ့ဝင်များ ထံသို့ ပြင်ပမှဖြစ်စေ၊ ရုပ်ရှင်လောကသား များထဲမှဖြစ်စေ အဂတိတရားအရ လာရောက်ဆက်သွယ်မှု များရှိလာလျှင် အဆိုပါကိစ္စကို အကဲဖြတ်အဖွဲ့သို့ တင်ပြပြီး လာရောက် ညှိနှိုင်းသည့် ဇာတ်ကားဖြစ်စေ၊ လူပုဂ္ဂိုလ်ဖြစ်စေ မည်သူ့ကိုမဆို အကဲဖြတ် စာရင်းထဲမှ ထုတ်ပယ်သွားမည့် စည်းကမ်းများလည်း ထည့်သွင်းရေးဆွဲထားကြောင်း၊ ထို့အပြင် ဆုချီးမြှင့်ပြီးသည့် အခါတွင်လည်း ရရှိသွားသော ဆုသည် အဂတိတရားအရ ရိုးသားမှုများမရှိခဲ့လျှင် အထောက်အထား ခိုင်လုံစွာ တင်ပြလာပါက အဆိုပါ ထူးချွန်ဆုကို ပြန်လည်ရုပ်သိမ်းသွားမည့် စည်းကမ်းများ လည်း ပါရှိကြောင်း၊ ၎င်းစည်းမျဉ်းစည်းကမ်းများကို ထည့်သွင်းရေးဆွဲရခြင်းသည် မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ချီးမြှင့်သည့် မြန်မာ့ရုပ်ရှင်ဂုဏ်ဒြပ်တန်ဖိုးကို အမှန်တရားနှင့် နီးစပ်အောင်၊ တရားမျှတမှုရှိအောင်၊ အဂတိတရားကင်းရှင်းအောင် ကြိုးစားဆောင်ရွက်ခြင်းဖြစ်ကြောင်း ဦးဇင်ဝိုင်း က ဆက်လက်ပြောသည်။

ယခုနှစ်အတွက် ရုပ်ရှင်ဇာတ်ကားပေါင်း ၈၃ ကား အထိရှိရာ အရေအတွက်အားဖြင့် တိုးတက်လာသလို အရည် အသွေး အားဖြင့်လည်း တိုးတက်လာသော ဇာတ်ကားများ ပါဝင်ပြီး အဆိုပါဇာတ်ကားများကို အကဲဖြတ်အဖွဲ့ဝင်များ အနေဖြင့် ၂ဝ၁၈ ခုနှစ် ဒီဇင်ဘာလ ဒုတိယပတ်မှ စတင်ကာ တစ်နေ့ကို နှစ်ကားနှုန်းဖြင့် အကဲဖြတ်ကြည့်ရှုရာ လက်ရှိတွင် ၄၂ ကားအထိ ကြည့်ရှုပြီးဖြစ်သည်။ ကျန်ရှိ သည့် ၄၁ ကားကို ကြည့်ရှုပြီးပါက ဒုတိယအဆင့်၊ တတိယ အဆင့်၊ စတုတ္ထအဆင့်များကိုလည်း ဆက်လက် ကြည့်ရှု အကဲဖြတ်သွားမည်ဖြစ်ပြီး စည်းမျဉ်းစည်းကမ်း အတိုင်း မည်သူမျှ အဂတိတရား လိုက်စားမှုမရှိနိုင်အောင် ထိန်းသိမ်း ကြိုးစားသွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုကို ၂ဝ၁၉ ခုနှစ် မတ်လ ၂၃ ရက်တွင် ကျင်းပသွားမည်ဖြစ်ပြီး ဆန်ခါတင် ဇာတ်ကားများကို ပွဲမကျင်းပမီ တစ်ပတ်အလိုတွင် ကြေညာသွားမည် ဖြစ်ရာ ယခင်နှစ်များအတိုင်း ထူးချွန်ဆု ၁၁ ဆုကို ချီးမြှင့် သွားမည်ဖြစ်သည်။ ယမန်နှစ်က စတင်ချီးမြှင့်ခဲ့သည့် ရုပ်ရှင် တစ်သက်တာဆု ကိုလည်း သတ်မှတ်ထားသော စံချိန်စံနှုန်း နှင့် ကိုက်ညီသည့် ပညာရှင်ရှိပါက ထည့်သွင် းချီးမြှင့်သွား မည်ဖြစ်သလို အထူးဆုတစ်ဆုကိုလည်း သတ်မှတ်စံချိန်စံနှုန်း ပြည့်မီပါက ထည့်သွင်းချီးမြှင့်သွားမည်ဖြစ်ရာ စုစုပေါင်း ထူးချွန်ဆု ၁၁ ဆုမှ ၁၃ ဆုအထိ ရှိနိုင်ကြောင်း၊ ထူးချွန်ဆု များအတွက် ရွှေစင်ကြယ် ငါးကျပ်သားနှင့် တစ်သက်တာ ဆုအတွက် လစဉ်ငါးသိန်းကျပ် ထောက်ပံ့ချီးမြှင့်သွားမည် ဖြစ်ပြီး ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကို လက်ရှိအချိန် တွင် တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ ရွှေထွဋ်တင်ကွင်း၌ ကျင်းပရန် ယာယီ စီစဉ်ထားကြောင်း သိရသည်။

သတင်းနှင့်ဓာတ်ပုံ-အေးမင်းသူ

HOT NEWS
January 4,