ကမ္ဘာ့ အမွေအနှစ်ဒေသဖြစ်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်ဧရိယာကို စတုရန်းဧက ၂၇၉၇၀ မှ ၄၈၀၉၉ စတုရန်း ဧကအထိ တိုးချဲ့ဖွဲ့စည်းထား

ကမ္ဘာ့ အမွေအနှစ်ဒေသဖြစ်သည့် ပုဂံရှေးဟောင်း ယဉ်ကျေးမှု ဇုန်ဧရိယာကို စတုရန်းဧက ၂၇၉၇၀ မှ ၄၈၀၉၉ စတုရန်း ဧကအထိ တိုးချဲ့ဖွဲ့စည်းထား


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 22, 2019
image_latest


နေပြည်တော် ဇူလိုင် ၂၁
အဇာဘိုင်ဂျန်နိုင်ငံ ဘာကူမြို့ ၌ကျင်းပသည့် ကမ္ဘာ့ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုဆိုင်ရာအဖွဲ့ (UNESCO) ၏ (၄၃)ကြိမ်မြောက်  ကမ္ဘာ့အမွေအနှစ် ကော်မတီညီလာခံအစည်းအဝေး၌ ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဒေသကို  ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်လိုက်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။
၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင်  ကမ္ဘာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသ၌ ယခု လက်ရှိတွင် ဘုရားစေတီပုထိုးပေါင်း ၃၁၂၂ ဆူကျန်ရှိပြီး ၂၀၁၆ ခုနှစ် ဩဂုတ် ၂၄ ရက်က လှုပ်ခတ်ခဲ့သော ငလျင် ဒဏ်ကြောင့် စေတီပုထိုးနှင့် ရှေးဟောင်းအဆောက်အအုံ ၃၈၉ ဆူထိခိုက်ပျက်စီးခဲ့သဖြင့် ပြုပြင် 
လျက်ရှိရာ ဇူလိုင်လပထမပတ်အထိ ၃၄၃ ဆူပြီးစီးပြီဖြစ်ကာ ဆောင်ရွက်ဆဲ ၂၃ ဆူနှင် အဆောက်အအုံ ၂၃ ဆူမှာ ပြုပြင် ထိန်းသိမ်းရန် ကျန်ရှိနေသေးကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ) မှ သိရှိရသည်။
ယခင်က ပုဂံဇုန်ဧရိယာသည် စတုရန်းဧက ၂၇၉၇၀ သာ ကျယ်ဝန်းခဲ့သော်လည်း ယူနက်စကို ရှေးဟောင်းအမွေအနှစ် တင်သွင်းရာတွင် နောင်တိုးတက်လာမည့် ခရီးသွား ဧည့်သည်များ၊ စီးပွားရေးလုပ်ငန်းများအတွက် ရှေးရှု၍ ယခင်ကထက် ဧက ၂၀၀၀၀ ခန့်တိုးချဲ့ကာ ၄၈၀၉၉ စတုရန်းဧကအထိ တိုးချဲ့ ဖွဲ့ စည်းပြီး ပြင်သစ်နိုင်ငံရှိ  ကမ္ဘာ့အမွေ အနှစ် စင်တာသို့ တင်သွင်းခဲ့ကြောင်း သိရသည်။
ယင်းနှင့်ပတ်သက်၍ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်စိုးက အမွေအနှစ်ဇုန်ကို ချဲ့တယ်ဆိုတာ အရင်တုန်းက အမွေအနှစ်ဇုန်ရေး ဆွဲတဲ့နေရာမှာ ပြည့်စုံမှုမရှိခဲ့ဘူး။ ပုဂံအကြောင်းပြောလို့ရှိရင် နန်းတော်ရာ ယုန်လွှတ်ကျွန်းတို့၊ တမ္ပဝတီတို့၊ ကျောက်တံခါး နန်းတော်ရာတို့ဆိုတာရှိတယ်။ ပထမဇုန် Plan ထဲမှာရေးတုန်းက ယုန်လွှတ်ကျွန်း နန်းတော်ရာကျန်နေခဲ့တဲ့အတွက် အဲဒါတွေပါထည့် သွင်းခဲ့တာကြောင့် ပိုပြီးတော့ ကျယ်လာတယ်။ နောက်တစ်ခုက ပုဂံမှာစွယ်တော်လေးဆူဆိုတာ လူတိုင်းသိတယ်။ တန့်ကြည်တောင် စွယ်တော်က ဧရာဝတီမြစ်တစ်ဖက်ကမ်း မကွေးတိုင်းဒေသကြီး ပခုက္ကူဘက်မှာရောက်သွားတော့ အဲဒီတန့်ကြည်တောင် စွယ်တော်မြတ်စေတီလည်း ပါအောင် ကျွန်တော်တို့ ဇုန်ကိုချဲ့ ပြီး ရေးဆွဲရတာဖြစ်ပါတယ် ဟု ပြောကြား သည်။
ယခုပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသသည် မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်မြောက်  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ် ခံခဲ့ရခြင်းဖြစ်ပြီး မြန်မာနိုင်ငံ၏ ပထမဆုံး  ကမ္ဘာ့အမွေ အနှစ်အဖြစ် ၂၀၁၄ ခုနှစ် ဇွန် ၂၂ ရက်၌ ကာတာနိုင်ငံ ဒိုဟာ မြို့တွင် ကျင်းပခဲ့သော (၃၈)ကြိမ်မြောက်  ကမ္ဘာ့အမွေအနှစ ကော်မတီ ညီလာခံအစည်းအဝေးမှ ပျူမြို့ဟောင်း သုံးမြို့ ဖြစ်သည့် ဟန်လင်း၊ ဗိဿနိုးနှင့် သရေခေတ္တရာမြို့ဟောင်း များအား ကမ႓ာ့အမွေအနှစ်အဖြစ် သတ်မှတ်ခံရပြီး ဖြစ် သည်။
▄ အသေးစိတ်မှတ်တမ်းပြုစုထား ▄
ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား  ကမ္ဘာ့ ယဉ်ကျေးမှု အမွေအနှစ်စာရင်းတင်သွင်း ရာတွင် အမွေအနှစ်စာရင်းနှင် ကိုက်ညီ မှုရှိသည့် စံသတ်မှတ်ချက်၊ နံပါတ် (၆) ရှင်သန်ဆဲ ယဉ်ကျေးမှု အမွေအနှစ်နှင့် ဓလေ့ထုံးတမ်းများအား အထောက် အကူဖြစ် စေမည့် ဒြပ်မဲ့ယဉ်ကျေးမှုလုပ်ငန်း (Intangible Cultural Heritage - ICH) ကို ဆောင်ရွက် ခြင်းဖြစ်ပါသည်။ ပုဂံဒေသတွင် ဆောင်ရွက်ပြီး ဒြပ်မဲ့သုတေသနလုပ်ငန်း များတွင် ရိုးရာနတ်ကိုးကွယ်မှုများ၊ ရိုးရာ ဘုရား ပွဲတော်များ၊ ရိုးရာ ဆံပင်ထုံးဆင်ယင်မှုလုပ်ငန်းများ၊ မြန်မာရိုးရာဗေဒင်၊ လက္ခဏာပညာရပ်များ၊ လက်မှု ပညာရပ် များ၊ မြန်မာ့ရိုးရာ သနပ်ဖက်ဆေးလိပ်ပြုလုပ်ခြင်း၊ မြန်မာ့ရိုးရာဝါးထရံလုပ်ငန်း၊ ပိတ်ပန်းချီရေးဆွဲခြင်းလုပ်ငန်းများ၊ လက်ပန်းချီရေးဆွဲခြင်း လုပ်ငန်းများ၊ ကြိမ်ထည်ပစ္စည်းပြုလုပ်ခြင်း၊ ယွန်းထည်လုပ်ငန်း၊ မြန်မာ့ရိုးရာမြေပဲနှင့် နှမ်းဆုံ ဆီလုပ်ငန်း၊ မြန်မာ့ ရိုးရာ သနပ်ခါး၊ ဒေသထွက်ရိုးရာ အစားအစာများ၊ အကြော်စုံလုပ်ငန်း၊ အထက် အညာပိုင်း ရိုးရာ အစား အစာဖြစ်သော အသုပ်စုံလုပ်ငန်း၊ ကွမ်းယာပြုလုပ်ပုံအဆင့်ဆင့်၊ ပဲပြုတ်လုပ်ငန်း၊ ကောက်ညှင်း ပေါင်းပြုလုပ်ခြင်း၊ မုန့်ကြက်အူ၊ မုန့်ဩဇာ၊ မုန့်မရွေး၊ ကုလား ပဲခေါင်းပြုလုပ်ခြင်း၊ မုန့်စလင်းထောင်ပြုလုပ်ခြင်း၊ မုန့်ပျား သလက်ပြု လုပ်ခြင်း၊ ပုန်းရည်ကြီး ပြုလုပ်ခြင်း၊ ထန်းလျက်ပြုလုပ်ခြင်း၊ မန်ကျည်း သီးပြုလုပ်ခြင်း၊ မုန့်ဟင်းခါး မုန့်ဖတ်ပြုလုပ်ခြင်း၊ မန်ကျည်းတော်ဖီ၊ ရှောက်တော်ဖီ၊ ဆီး(ဇီး)ထန်းလျက် ပြုလုပ်ခြင်းလုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် မှတ်တမ်းပြုစုထားပြီး ဖြစ်ကြောင်း သိရသည်။
▄ အမွေအနှစ်ဒေသရဲ့အစိတ်အပိုင်း ▄
အဆိုပါလုပ်ငန်းစဉ်နှင့်ပတ်သက်၍ လက်ထောက်ညွှန်ကြားရေးမှူးက အမွေ အနှစ်ဒေသတစ်ခုမှာဆိုရင် ဒြပ်ရှိ ယဉ်ကျေးမှု၊ ဒြပ်မဲ့ယဉ်ကျေး မှုတွေဆိုတာ ရှိပါတယ်။ ရိုးရာယဉ်ကျေးမှုတွေ၊ လုပ်ငန်း တွေပေါ့။ ဒီဒေသမှာဆိုရင် ထန်းလျက် လုပ်တာ၊ ထန်းပင်တက်တာ၊ ပုန်းရည် ချက်တာတွေကို နိုင်ငံခြားသားတွေက လည်း ဒီဒေသကိုရောက်ပြီ ဆိုရင် ဘုရား ဖူးပြီး ပြန်တာ မျိုး မဟုတ်ဘဲ ဒီဒေသရဲ့ နွားနဲ့ ယာထွန်တာလိုမျိုးစတဲ့ ဒြပ်မဲ့ ယဉ်ကျေးမှုတွေကိုပါ စိတ်ဝင်တစား လေ့လာ ကြတယ်။ ဒါကြောင့်မို့လို့ ဒေသ တွင်းမှာရှိတဲ့ ဒြပ်မဲ့ယဉ်ကျေးမှု၊ ရိုးရာ ယဉ်ကျေး မှုတွေကို အားပေးတဲ့အနေနဲ့ စာရင်း ပြုစု ပြီးတော့ သုတေသနလုပ်တာ ဖြစ်ပါတယ်။ ဒါကလည်း အမွေအနှစ် ဒေသရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်း ဖြစ်ပါတယ် ဟု ပြောကြားသည်။
▄ ခရီးသွားတွေ တိုးလာနိုင် ▄
ပုဂံဒေသ  ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဖြစ်သည့်အတွက် ဝမ်းသာဂုဏ်ယူကြောင်း၊ ယူနက်စကို  ကမ္ဘာ့အမွေအနှစ် စာရင်း ဝင် သွား သည့် အတွက် ပုဂံညောင်ဦးဒေသ ဟာ ပူပြင်း ခြောက်သွေ့ ပြီး မိုးနည်းဒေသဖြစ်သည့် အတွက် စိုက်ပျိုးရေး တစ်ခု တည်းကိုသာ အားထား၍မရဘဲ ခရီးသွားလုပ်ငန်းကိုပါ အားထားရသည့်အတွက် ပြည်တွင်းရော ပြည်ပပါ ခရီး သွားများ တိုးလာနိုင်မှု ကြောင့် ဒေသခံများအတွက် ဧည့်သည် များလာလေ အကျိုးရှိလာလေဖြစ် ကြောင်း ၎င်းက ဆက်လက် ပြောကြား သည်။
▄ ဟိုတယ်အလုံးရေ ၁၄၁ လုံးရှိ ▄
ပုဂံရှေးဟောင်းယဉ်ကျေးမှု အမွေ အနှစ်ဒေသကို  ကမ္ဘာ့အမွေအနှစ်အမည် စာရင်းတင်သွင်းရာတွင် ကောက်ယူခဲ့သည့် အချက် အလက်များအရ ပုဂံဒေသ ၌ ဈေးရောင်းချနေသည့် ဈေးဆိုင် ၂၅၀၀၊ ဟိုတယ်အလုံးရေ ၁၄၁ လုံးရှိပြီး ယင်း အနက် ၈၆ လုံးမှာ ယဉ်ကျေးမှု နယ်မြေအတွင်း ပါဝင်နေကြောင်းလည်း သိရသည်။
ဇင်ဦး (မြန်မာ့အလင်း) ဓာတ်ပုံ - သီဟစည်သူ