Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်း

Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ အလှူငွေများ လှူဒါန်း


ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန/ နေပြည်တော် / October 20, 2020


Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ အတွင်းရေးမှူး (၂)၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယနေ့၊ နေ့လယ်ပိုင်းတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ရုံးအမှတ် (၄)၊ နေပြည်တော်၌ အလှူရှင်များက Coronavirus Disease 2019 (COVID-19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသား အဆင့်ဗဟိုကော်မတီထံသို့ လှူဒါန်းမှုများအား လက်ခံခဲ့သည်။

ရှေးဦးစွာ ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က လှူဒါန်းရသည့် အကြောင်းအရင်းများကို ပြောကြားခဲ့ရာ - ဒီနေ့အခမ်းအနားကတော့ Coronavirus Disease 2019 (Covid -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီသို့ မြန်မာနိုင်ငံတစ်ဝှမ်း တယ်လီဖုန်းသုံးစွဲသူ လူမျိုးဘာသာ ပေါင်းစုံတို့ကဖြည့်သွင်းထားခဲ့သည့် Top Up ငွေများ၏ လက်ကျန်ငွေ ကျပ်သန်းပေါင်း ၁၇၀၀ ကျော်ကိုလှူဒါန်းပေးအပ်သည့် အခမ်းအနား ဖြစ်ပါတယ်။

၂၀၁၉ခုနှစ်၊ ဧပြီလ ၁ ရက် နောက်ပိုင်းမှာ SIM Card မှတ်ပုံတင်ဆောင်ရွက်ရာတွင် သက်သေခံ ကတ်ပြားတစ်ခုဖြင့် အော်ပရေတာ တစ်ဦးလျှင် SIM Card (၂) ကတ်သာ မှတ်ပုံတင်ရန် ညွှန်ကြားခဲ့ပါ တယ်။ ၂၀၁၉ ခုနှစ်၊ ဧပြီလ ၁ ရက် ရှေ့ပိုင်း သက်သေခံကတ်ပြားအမှတ် (၁) ခုလျှင် ( ၂ ) ကတ် ထက်ပို၍ မှတ်ပုံတင်သော SIM Card များကို အချက်အလက်မှန်ကန်စွာဖြင့် ၂၀၁၉ ခုနှစ်၊ ဇွန်လ ၃၀ ရက် နောက်ဆုံးထား၍ ပြန်လည်မှတ်ပုံတင် ဆောင်ရွက်ကြရန်နှင့် အချက်အလက်မှန်ကန်စွာ ပြန်လည် မှတ်ပုံတင်ဆောင်ရွက်ခြင်းမရှိပါက အပြီးပိတ်သိမ်းသွားမည်ဖြစ်ကြောင်း ၂၀၂၀ ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက်တွင် ကြေညာခဲ့ပါတယ်။

ဒါ့အပြင် အော်ပရေတာများသို့လည်း အချက်အလက်များ မှန်ကန်ခြင်း ရှိ မရှိ စိစစ်ပြီးမှသာ မှတ်ပုံတင်ကြရန် ညွှန်ကြားခဲ့ပါတယ်။ အဆိုပါ ကြေညာချက်၊ ညွှန်ကြားချက်များနှင့်အညီ ၂၀၂၀ပြည့် နှစ်၊ ဇွန်လ ၃၀ ရက်အထိ ပြန်လည်မှတ်ပုံမတင်သော SIM Card များနှင့် ၂၀၂၀ပြည့်နှစ်၊ ဖေဖော်ဝါရီလ ၂၂ ရက် နောက်ပိုင်း အချက်အလက်များ မှန်ကန်စွာ မှတ်ပုံတင်ခြင်းမရှိသည့် SIM Card များ စုစုပေါင်း ၃၄.၄၉ သန်းကျော်ကို ပိတ်သိမ်းခဲ့ပြီး၊ အဆိုပါ ပိတ်သိမ်း SIM Card များတွင် လက်ကျန်ငွေ စုစုပေါင်း ကျပ် (၁,၇၂၂ ) သန်းကျော် ကျန်ရှိပါတယ်။

အဆိုပါ လှူဒါန်းငွေများသည် Coronavirus Disease 2019 (Covid -19) ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များတွင် များစွာအကျိုးပြုစေမှာ ဖြစ်တဲ့အတွက် ပါဝင်လှူဒါန်းတဲ့သူတွေ အားလုံး ကိုယ်စား လွန်စွာ ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်း တင်ပြအပ်ပါတယ်။

၂၀၂၀ပြည့်နှစ်၊ ဇန်နဝါရီလ ၃၁ ရက်တွင် မှတ်ပုံတင်ခြင်း မရှိသော SIM Card (၆.၅၅)သန်း ကျော် ပိတ်သိမ်းမှုကြောင့် ကျန်ရှိသော လက်ကျန်ငွေ (၁၅၇၃) သန်းကျော်ကို သုံးစွဲသူ အများပြည်သူ ကိုယ်စား အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေသို့ လှူဒါန်းခဲ့ပါတယ်။

၂၀၂၀ပြည့်နှစ်၊ မေလ ၂၉ ရက်တွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT ကပြုလုပ်သည့် SMS ဖြင့် လှူဒါန်းခြင်း အစီအစဉ်တွင် ပြည်သူများ (၄၁,၃၈၃) ဦးမှ ထည့်ဝင်လှူဒါန်းသည့် ၂၀,၆၉၁,၅၀၀ ကျပ်နှင့် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ထပ်ဆောင်းလှူဒါန်းသည့် ကျပ် သိန်း ၁၀၀၀၊ စုစုပေါင်း ကျပ်(၁၂၀၆) သိန်းကျော်အား အများပြည်သူကိုယ်စား Covid ဗဟိုကော်မတီသို့ ထည့်ဝင်လှူဒါန်းခဲ့ပါတယ်။

ယနေ့ ၂၀၂၀ပြည့်နှစ်၊ အောက်တိုဘာ ၁၉ ရက်တွင် မှတ်ပုံတင်ခြင်း မရှိသော SIM Card (၃၄.၄၉) သန်းကျော် ပိတ်သိမ်းမှုကြောင့် ကျန်ရှိသော လက်ကျန်ငွေကျပ် (၁၇၂၂) သန်းကျော်ကို သုံးစွဲသူ အများပြည်သူ ကိုယ်စား Covid ဗဟိုကော်မတီသို့ လှူဒါန်းခြင်းဖြစ်ပါတယ်ဟု ပြောကြားခဲ့သည်။

လှူဒါန်းမှု အခမ်းအနားတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက ငွေကျပ် (၁,၇၂၂,၇၅၅,၅၁၂)၊ ပြည်ထောင်စုရှေ့နေချုပ်ရုံး အရာထမ်းအမှုထမ်းများက (၁၁,၆၈၀,၀၀၀)၊ နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်လီမီတက်က ငွေကျပ် (၃၀,၀၀၀,၀၀၀)၊ နိုင်ငံ့ဝန်ထမ်း စေတနာရှင်များ၏ 1000 kyats Campaign က ငွေကျပ် (၇,၆၄၈,၅၀၀)၊ ရန်ကုန်ပညာရေးတက္ကသိုလ် သင်ကြား/စီမံဌာနများနှင့်အဆောင်များက ငွေကျပ် (၂,၂၂၂,၀၀၀)နှင့် သံအမတ်ကြီးဒေါက်တာလှမောင် ဖောင်ဒေးရှင်းက ငွေကျပ် (၁,၀၀၀,၀၀၀) တို့ကို အသီးသီးပေးအပ် လှူဒါန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် ဒုတိယဝန်ကြီးဒေါက်တာ မြလေးစိန်တို့က လက်ခံခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပါသည်။

HOT NEWS
January 4,