ပြည်ထောင်စုဝန်ကြီးဦးမင်းသူ မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ - ပြည်ထောင်စုဝန်ကြီးဦးမင်းသူ မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြည်ထောင်စုဝန်ကြီးဦးမင်းသူ မန္တလေးတိုင်းဒေသကြီး အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများနှင့် တွေ့ဆုံ

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 16, 2019
image_latest


နေပြည်တော် ဩဂုတ် ၁၅

ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းသူသည် ယနေ့ နံနက် ၁၀ နာရီတွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အစည်းအဝေးခန်းမ၌ မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းများနှင့် တွေ့ဆုံသည်။

ထိုသို့ တွေ့ဆုံရာတွင် မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးမြင့်လွင်က မန္တလေးတိုင်းဒေသကြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက မိမိတို့မြန်မာနိုင်ငံသည် လွတ်လပ်ရေးရရှိပြီး ချိန်မှ စပြီး မတူကွဲပြားသည့် အစိုးရပုံသဏ္ဍာန်(၆)မျိုးနှင့် ဖြတ်သန်းခဲ့ရသော်လည်း ခေတ်အဆက်ဆက် တွင် အုပ်ချုပ်ရေးယန္တရားကို အဓိက ကိုင်တွယ်ဆောင်ရွက်ခဲ့သည့်ဌာနမှာ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနပင်ဖြစ်ပါကြောင်း၊ မိမိတို့အစိုးရလက်ထက် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ရန်အတွက် "ရေရှည်တည်တံ့ခိုင်မြဲပြီး ဟန်ချက်ညီသော ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်း(MSDP) "ကိုချမှတ်ခဲ့ပြီးဖြစ်ပါကြောင်း၊ အဆိုပါ စီမံကိန်းတွင်မဏ္ဍိုင်ကြီး(၃)ရပ် ပါရှိပြီး မဏ္ဍိုင်(၁)၏ နံပါတ်(၁)ရည်မှန်းချက်သည် ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည် သင့်မြတ်ရေး၊ လုံခြုံရေးနှင့် ကောင်းမွန်သော အုပ်ချုပ်မှုတို့ဖြစ်ပါကြောင်း၊ မဏ္ဍိုင်(၁)၏နံပါတ်(၁) ရည်မှန်းချက် ကို အကောင်အထည် ဖော်နိုင်ရန်အတွက် ၂၀၁၈ခုနှစ်၊ ဒီဇင်ဘာလတွင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကို ပြည်ထောင်စုအစိုးရအဖွဲ့ ရုံးဝန်ကြီးဌာန လက်အောက်သို့ ပြောင်းရွှေ့ဖွဲ့စည်း ခဲ့ခြင်းပင် ဖြစ်ပါကြောင်း။

ယင်းသို့ ပြောင်းရွှေ့ဖွဲ့စည်းပြီးသည့် နောက်တွင်ဗဟိုချုပ်ကိုင်မှု လျှော့ချရေး၊ ကောင်းမွန်သည့် အုပ်ချုပ်ရေးယန္တရားနှင့် ပြည်သူကို မျက်နှာမူသည့် အုပ်ချုပ်ရေးယန္တရားဖြစ်ရေး၊ စွမ်းဆောင် ရည်ပြည့်ဝသည့် လူသားအရင်းအမြစ်များ ရရှိရေးတို့ကို ရည်မှန်းပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်မည့် ဦးစားပေးကဏ္ဍကြီး(၃)ခုကို ပထမအကြိမ် ကျင်းပခဲ့သည့် အလုပ်ရုံ ဆွေးနွေးပွဲတွင် ဖော်ထုတ်ချမှတ်ခဲ့ပြီး ဖြစ်ပါကြောင်း၊ နံပါတ်(၁) ဦးစားပေးကဏ္ဍကြီး ဖြစ်သည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ကြော်ငြာစာများကို ခေတ်ကာလနှင့်အညီ ပြင်ဆင်ပြောင်းလဲရန်အတွက် ဥပဒေပြဋ္ဌာန်း သတ်မှတ်ချက်ဆိုင်ရာ ပြန်လည်စိစစ် သုံးသပ်ရေး အဖွဲ့(Regulatory Review Unit) ကို ဖွဲ့စည်းသွားမည်ဖြစ်ပါကြောင်း၊ ယင်းအဖွဲ့သည် ဌာန၏ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက်များကို ပြန်လည်သုံးသပ် ရေးဆွဲသွားရန်၊ အခြားဌာနများ၏ ဥပဒေတွင်ပါရှိသည့် လုပ်ငန်းတာဝန်များကို သုံးသပ် အကြံပြုရန်၊ အခြားဝန်ကြီးဌာနများမှ လွှဲအပ်ထားသော လုပ်ငန်းတာဝန်များ (Agency Work) ကို ပြန်လည်သုံးသပ်ရန် စသည့်လုပ်ငန်းစဉ်များကိုဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း။

နံပတ်(၂) ဦးစားပေးကဏ္ဍကြီးဖြစ်သည့် အသွင်သဏ္ဍာန်ပြောင်းလဲရေးနှင့် စီမံခန့်ခွဲမှုစနစ်၊ ကောင်းမွန်ထိရောက်သော ဝန်ဆောင်မှုစနစ်များ ဖြစ်ပေါ်လာရန်အတွက် အုပ်ချုပ်စီမံပြုပြင် ပြောင်းလဲရေးအဖွဲ့ (Managerial Reform Unit ) ကိုဖွဲ့စည်းထားပြီးဖြစ်ပါကြောင်း၊ ယင်းအဖွဲ့ အနေနှင့် စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေးများ ဖော်ဆောင်နိုင်ရေးအတွက် ခရိုင်၊ မြို့နယ် ၊ ရပ်/ကျေး အုပ်ချုပ်ရေးလက်စွဲ (Manual) များကို အဆင့်အလိုက် စိစစ်သုံးသပ်ရေးဆွဲ ထုတ်ပြန်နိုင်ရန် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ နံပါတ်(၃) ဦးစားပေးကဏ္ဍ ကြီးဖြစ်သည့် ပြည်သူဗဟိုပြု ဒေသဖွံ့ဖြိုးရေး စီမံကိန်းများ ဆောင်ရွက်ရန်အတွက် ပထမအဆင့်အနေဖြင့် ပြည်နယ်တစ်ခု မြို့နယ်တစ်ခုစီမံကိန်း(One State - One Township Project) များကို (Myanmar Sustainable Development Plan – MSDP)နှင့် ချိတ်ဆက်ပြီး ပြည်သူလူထုပါဝင်မှု နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီး ပြည်နယ်အစိုးရများက ကြီးကြပ်မှုတို့နှင့်အတူ အကောင်အထည်ဖော် ဆောင်ရွက်သွားမည် ဖြစ်ပါကြောင်း။

ယင်းဦးစားပေးကဏ္ဍကြီး(၃)ခုကို အကောင်အထည်ဖော်ရန်အတွက် ဦးစားပေးလုပ်ငန်း နယ်ပယ်များ၊ ရေတိုရေရှည်မျှော်မှန်းချက်များ၊ အသေးစိတ်လုပ်ငန်းစဉ်များကို ချမှတ်နိုင်ရန် အကြံပေးအဖွဲ့များ၊ ပြည်နယ်/တိုင်း၊ ခရိုင် အုပ်ချုပ်ရေးမှူးများ၊ ထွေအုပ်ဝန်ထမ်းဟောင်းများ အသင်းနှင့် ဆက်စပ်ပညာရှင်များ ပါဝင်သည့်ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ၂၀၁၉ ခုနှစ်၊ ဩဂုတ် တတိယအပတ် သို့မဟုတ် နောက်ဆုံးအပတ်တွင် ကျင်းပသွားရန်လည်းရှိပါကြောင်း၊ အဆိုပါ ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲတွင် အုပ်ချုပ်မှုစနစ်ကောင်းအဖြစ် ပြုပြင်ပြောင်းလဲ နိုင်ရန်အတွက် ဖြေလျှော့ပေးနိုင်မည့် လုပ်ထုံးလုပ်နည်းများ၊ ပွင့်လင်းမြင်သာသည့် စီမံခန့် ခွဲမှုစနစ်များ၊ ဝန်ဆောင်မှုစနစ်များ၊ ထိရောက်အကျိုးရှိသည့် ဒေသဖွံ့ဖြိုးရေး စီမံကိန်းများကို ရေတို၊ ရေရှည် အချိန်ကာလ သတ်မှတ်ပြီး ဆောင်ရွက်သွားကြမည်ဆိုသည့် ရလာဒ်ကောင်းများ ထွက်ပေါ်လာရန် ဆွေးနွေးသွား မည်ဖြစ်ပါကြောင်း။

ထို့အပြင် "ပြည်သူကိုဗဟိုပြုသည့် ကောင်းမွန်သော အုပ်ချုပ်ရေးယန္တရား တည်ဆောက်ရေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ အဓိက မျှော်မှန်းချက် (Vision) အဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါကြောင်း၊ မိမိတို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသည် မြန်မာ့လူ့အဖွဲ့အစည်း အတွင်း သင့်မြတ်ရေးနှင့် သဟဇာတဖြစ်ရေးကိုလည်း အဓိကအထောက် အကူပေးနိုင်သည့်ဌာနကြီး ဖြစ်သကဲ့သို့ ပဋိပက္ခများကို ကြိုတင်ကာကွယ် တားဆီးနိုင်ရေးအတွက်လည်း အရေးကြီးသည့် ဌာနကြီးတစ်ခု ဖြစ်ပါကြောင်း၊ ထို့အတူနိုင်ငံတော်၏ အုပ်ချုပ်မှုအဆင့်ဆင့်တွင် ပြည်သူ့ရေးရာ စီမံခန့်ခွဲမှုကိစ္စရပ်များကို စီမံဆောင်ရွက်နေရသည့်အပြင် အခြားအစိုးရဌာနများနှင့် ဆက်သွယ် ညှိနှိုင်း ပူးပေါင်းဆောင်ရွက် နေရသည့် အဓိကဌာနတစ်ခု ဖြစ်သည့်အတွက် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများ၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် ပြည့်ဝရေး သည် အရေးအကြီးဆုံးဖြစ်သည်ကို မိမိအနေဖြင့် အလေးအနက် ပြောကြား လိုပါကြောင်း၊ ထို့ကြောင့် မိမိတို့အနေဖြင့် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းများကို လေ့ကျင့်သင်ကြားပေး နေသည့် အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်း (Institute of Development Administration-IDA) အဆင့်မြှင့်တင်နိုင်ရေးကို ဦးစားပေးဆောင် ရွက်နေခြင်း ဖြစ်ပါကြောင်း။

ထိုသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်ချုပ်ရေးပညာဖွံ့ဖြိုးမှု သင်တန်းကျောင်းကို အဆင့်မြှင့်တင်နိုင်ရန်အတွက်(IDA) သင်တန်းကျောင်းအဆင့်မြှင့်တင်ရေး ကော်မတီဖွဲ့စည်း ဆောင်ရွက်သွားရန်လည်း စီစဉ်နေပါကြောင်း၊ ယင်းကော်မတီ၏ ဦးဆောင်မှုဖြင့် သင်တန်း ကျောင်းဖွဲ့စည်းပုံကို ပြင်ဆင်တိုးချဲ့ရန်၊ ခေတ်စနစ်နှင့်ကိုက်ညီသည့် သင်ရိုးညွှန်းတမ်း သင်ကြားရေးစနစ်များ ပြောင်းလဲနိုင်ရန်၊ IT နည်းပညာအသုံးပြု သင်ကြားရေးစနစ်ကို အကောင် အထည်ဖော်နိုင်ရန်၊ ကျောင်းအုပ်ချုပ်မှုစနစ် သင်ကြားမှုပုံစံများကို ပြုပြင်ပြောင်းလဲသွားရန် လည်း ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ ထို့အပြင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ စွမ်းဆောင်ရည်ပြည့်ဝ၍ အရည်အချင်းမြင့်မားစေရန် နိုင်ငံခြားပညာတော် သင်များကို ဌာနအစီအစဉ်နှင့် စေလွှတ်နိုင်အောင် ဆောင်ရွက်နေပါကြောင်း၊ ပထမအဆင့် အနေနှင့် အလယ်အလတ် အရာထမ်းဝန်ထမ်း(၁၀၀ )ဦးကို ဂျပန်နိုင်ငံတွင် ရက်သတ္တ(၂)ပတ် သို့မဟုတ် (၃)ပတ်ကြာဖွင့်လှစ်မည့် ကာလတိုသင်တန်းများသို့ (၅)သုတ်ခွဲပြီး စေလွှတ်ရန်စီစဉ် ဆောင်ရွက်နေပါကြောင်း၊ နောင်တွင် ဝန်ထမ်းအဆင့်အလိုက် ကာလတို ကာလလတ်သင်တန်း များကိုလည်း ထပ်မံစေလွှတ်သွားရန် ညှိနှိုင်းဆောင်ရွက် လျက်ရှိပါကြောင်း။

မိမိတို့ဝန်ကြီးဌာနအနေဖြင့် တတိယ(၃)လတာကာလတွင် ဆက်လက် အကောင်အထည်ဖော် ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များကိုလည်း တင်ပြအတည်ပြုချက် ရရှိပြီးဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်(၁)အနေဖြင့် ၂၀၂၀ ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး မဲပေးနိုင်ရေး၊ မဲပေးပိုင်ခွင့် မဆုံးရှုံးစေရေး၊ မဲစာရင်းတိကျ မှန်ကန်စေရေးတို့အတွက် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနအနေနှင့် အခြေခံလူဦးရေစာရင်း ကောက်ယူခြင်းကို(၃) လအတွင်း ပြီးစီးအောင် စတင်ဆောင်ရွက်နေပြီ ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်(၂)အနေဖြင့် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခြင်းခံရမှုများ ပြန်လည်စိစစ်ရေး ကော်မတီ အဆင့်ဆင့်မှ ဖြေရှင်းဆောင်ရွက်ရမည့် အမှုတွဲများကို သတ်မှတ်ကာလအလိုက် ပြီးစီးအောင် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်(၃)အနေဖြင့် OSS ရုံးများ အရည်အသွေး မြှင့်တင်နိုင်ရေး၊ ဝန်ဆောင်မှုစနစ်ကောင်းများ ဖော်ဆောင်နိုင်ရေး၊ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးနိုင်ရေးနှင့် Mobile OSS အဖွဲ့များဖြင့် ဝန်ဆောင်မှုပေးနိုင်ရေးတို့ကို စီစဉ် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ လုပ်ငန်းစဉ်(၄)အနေဖြင့် ရပ်/ကျေး စာရေးများအား အခြေခံ သင်တန်းပို့ချနိုင်ရေးနှင့် ရပ်/ကျေးအဆင့် ဝန်ထမ်းလက်စွဲစာအုပ် ပြုစုဖြန့်ဝေနိုင်ရေးတို့ကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။

ထို့ကြောင့် တတိယ(၃)လတာကာလတွင် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ ဒုတိယ အကြိမ် အလုပ်ရုံဆွေးနွေးမှ ထွက်ပေါ်လာမည့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များတွင် အဓိက တာဝန်ယူ ဆောင်ရွက် မည့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် အင်တိုက် အားတိုက် အောင်မြင်အောင် ဆောင်ရွက်ပေးကြရန် အလေးအနက်ထား တိုက်တွန်းလိုပါ ကြောင်း၊ နိဂုံးချုပ်အနေဖြင့် ပြည်သူကိုဗဟိုပြုသည့် အုပ်ချုပ်ရေးစနစ်ကောင်း ပြုပြင်ပြောင်းလဲ ရေး လုပ်ငန်းစဉ်များတွင် အကောင်အထည်ပေါ် အောင်မြင်အောင် စံနမူနာပြ ဆောင်ရွက်ပေး ကြပါ၊ ကိုယ်ကျိုးစီးပွားနှင့် အဂတိတရား ကင်းစင်အောင် စာရိတ္တမဏ္ဍိုင်ကို ခိုင်ခိုင်မာမာ တည်ဆောက်ကြပါ၊ ပြည်သူနှင့် တစ်သားတည်း ရပ်တည်ဆောင်ရွက်ကြပါ၊ ပြည်သူအတွက် ဝန်ထုပ်ဝန်ပိုးမဖြစ်အောင် ဥပဒေ၊ စည်းမျဉ်း စည်းကမ်း၊ လုပ်ထုံးလုပ်နည်း၊ ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်ပေးကြရန် မှာကြားလိုပါ ကြောင်း ပြောကြားသည်။

ယင်းနောက် ပြည်ထောင်စုဝန်ကြီးက တွေ့ဆုံပွဲသို့ တက်ရောက်လာကြ သည့် အရာထမ်း၊ အမှုထမ်းများ အားရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက် သည်။

(သတင်းစဉ်)

 

အထူးသတင်း
  • ၁၂လ ရာသီပွဲတော်များနှင့် ပန်းများအထိမ်းအမှတ်၊ တော်သလင်း လအတွက် လှေပြိုင်ပွဲနှင့် ယင်းမာပန်း ၂၀ဝိ/-ကျပ်တန် အထူးထုတ်စာပို့တံဆိပ်ခေါင်းရောင်းချပေးမည်
  •           
  • ရာသီတုပ်ကွေးရောဂါ (Seasonal Influenza)ဖြစ်ပွားမှုနှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း၊ ကြိုတင်ကာ ကွယ်ခြင်းနှင့် တုံ့ပြန်ဆောင် ရွက်ခြင်းလုပ်ငန်းများ အားဖြည့်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန် ချက် (၁/၂၀၁၉)
  •