ပြည်ပဈေးကွက်ဖော်ဆောင်ရန် မြန်မာ့ထွက်ကုန် အွန်လိုင်းအရောင်းပြပွဲ ကျင်းပမည်

ပြည်ပဈေးကွက်ဖော်ဆောင်ရန် မြန်မာ့ထွက်ကုန် အွန်လိုင်းအရောင်းပြပွဲ ကျင်းပမည်

ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / August 02, 2020
image_latest


ရန်ကုန် ဩဂုတ် ၁

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့ မြန်မာအပြည်ပြည် ဆိုင်ရာကုန်သွယ်မှုဗဟိုဌာနက ကြီးမှူး၍ Myanmar Online Expo Park ကို ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ ခုနစ်ရက်ကြာ အွန်လိုင်းမှတစ်ဆင့် မြန်မာ့လယ်ယာထွက်ကုန်နှင့် စားသောက်ကုန်များကို Visual display hall အနေဖြင့် အရောင်းစင်တာကြီး တစ်ခုကို ဖန်တီးကာ ပထမဆုံးအကြိမ် ကျင်းပသွားမည် ဖြစ်ကြောင်း သိရသည်။

 “Myanmar Online Expo Park ကို အွန်လိုင်းမှာ MyanTrade ကနေပြီး myanmarexpopark ဆိုပြီး ဝက်ဘ်ဆိုက် ထောင်ထားတယ်။ ပြပွဲနေ့မှာ live လွှင့်ထားပြီး တကယ့် အပြင်မှာလုပ်တဲ့ပွဲလို လုပ်မှာပါ။ နေပြည်တော်ကနေပြီး ဝန်ကြီးတွေကလည်း Hall ထဲကို ရောက်ပြီးမှ တကယ့်အပြင်မှာလိုပဲ Convention Center ကို အွန်လိုင်းမှာ ဖန်တီးထားတာ။ အပြင်မှာ မရှိသေး ဘူး။ www.myanmarexpopark.com မှာ ဝင်ကြည့်နိုင်ပါတယ်။ ဒါကို နိုင်ငံတကာက ဝယ်လက်တွေ က တော်တော်လေး စိတ်ဝင်စားနေပြီ။ အဲဒီ Convention Center ကိုဝင်ပြီးမှ Booths တွေ ကြည့်မယ်။ ဟောပြောပွဲ နားထောင်မယ်။ ဝင်ပြမယ့်နိုင်ငံ လေးခု ပါမယ်။ တရုတ်၊ မလေးရှား၊ ထိုင်း၊ ဗီယက်နမ်တို့ကို သံရုံးတွေမှ တစ်ဆင့်ဖိတ်ကြားပြီး တစ်နိုင်ငံကို booth နှစ်ခုစီ အလကားပေးတယ်။ China-ASEAN Expo ဆိုတာ နန်နင်း မှာ နှစ်စဉ်ကျင်းပတဲ့ ဘရန်းကြီးတွေ ကုမ္ပဏီတွေကတောင် သဘောကျလို့ သူတို့လည်း ဝင်ပါမယ်ဆိုပြီး စိတ်ဝင် စားတယ်။ သူတို့တောင် မလုပ်ဖူးသေးဘူး။ ပြည်ပမှာရှိတဲ့ မြန်မာသံရုံးတွေကို ဖိတ်ကြားထားတယ်။ တစ်ကမ္ဘာလုံးက ဝင်ကြည့်မှာပါ။ သူတို့နိုင်ငံက ထွက်ကုန်တွေပါ International Exhibitor အနေနဲ့ ပြမယ်။ တစ်ကမ္ဘာ လုံးက မည်သူမဆို အခမဲ့ Register လုပ်ပြီး ဝင်ကြည့်လို့ရပါတယ်။ ပြတဲ့ပစ္စည်းကို သေချာကြည့်လို့ရတယ်။ ရောင်းသူနဲ့ စကားပြောလို့ရတယ်။ ကြားလူတွေ သူတို့အရောင်းအဝယ် ပြောတာကို ကြည့်လို့မရဘူး။ Privacy ရှိတယ်။ ကျွန်တော်တို့ စင်တာကနေ ဘယ်ကုမ္ပဏီက ပစ္စည်းကို အပေါ်ယံကြည့်လား၊ စိတ်ဝင်တစားကြည့်လား ဆိုတာသိရလို့ မှတ်တမ်းတင်ထား ပေးတယ်။ သူတို့အတွက် အဆက်အသွယ်တွေရတယ်။ ဂျပန်၊ ဩစတြေးလျ၊ တရုတ်နိုင်ငံတွေကနေ အခု ကြည့်မယ့်ကုမ္ပဏီ buyer ၃၀ ကျော်က register လုပ်ထားပြီ။ အရင်က လာမယ်ဆို နိုင်ငံခြားက ဗီဇာဖိုး၊ လမ်းစရိတ်ဖိုးကုန်မယ်။ အခု မကုန်ဘဲ အိမ်ကနေ ကြည့်လို့ရနေပြီ။ နယ်စပ်ကုန်သွယ် လမ်းကြောင်းပဲ အားကိုးနေလို့ မဖြစ်ဘူး။ ဒီကနေ ဈေးကွက်ချဲ့လို့ရပြီ။ ဝယ်လက်ရရင် သင်္ဘောတင်ပြီး ပို့လိုက်လို့ရပြီ။ ကိုဗစ်ပြီးရင် မြန်မာနိုင်ငံဟာ စားနပ်ရိက္ခာတင်ပို့တဲ့နိုင်ငံ ဖြစ်ရမယ်လို့ ပြောထားတာရှိတယ်။ ဥပမာ အခု သရက်သီးရာသီကုန်ပြီဆို အခု အွန်လိုင်းမှာပြပြီး ယူမယ်ဆိုလာမယ့် နှစ်အတွက် ဈေးကွက်ခိုင်ခိုင်မာမာ ရှိသွားတာပေါ့။ အရည်အသွေးမီအောင် ပြင်ဆင်ဖို့ အချိန်ရတယ်” ဟု မြန်မာ့ကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့မှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသက်လွင်ဦးက ပြောသည်။

Myanmar Online Expo Park တွင် ပါဝင်ပြသမည့် မြန်မာပို့ကုန် လုပ်ငန်း ကုမ္ပဏီများအနေဖြင့် ၇ ရက် အတွက် ပြခန်းငှားစရိတ် ငွေကျပ် သုံးသိန်း သတ်မှတ်ထားပြီး ဇူလိုင် ၃ဝ ရက်အထိ ၃ဝ ရာခိုင်နှုန်း Discount ဖြင့် ငွေကျပ် ၂၁၀၀၀ဝ ဖြင့် ပါဝင်ပြသ နိုင်ကြောင်း၊ ယနေ့အထိ မြန်မာ ကုမ္ပဏီပေါင်း ၃၀ ကျော်က ပါဝင်ပြသ ရန် ပြခန်းများ ဝယ်ယူထားပြီး ပြည်ပမှ ပါဝင်ပြသမည့် ကုမ္ပဏီ ၁၀ ခုက ဆွေးနွေးညှိနှိုင်းနေကြောင်း မြန်မာ အပြည်ပြည်ဆိုင်ရာကုန်သွယ်မှုဗဟို ဌာနမှ သိရသည်။

သန့်ဇင်ဝင်း



ဓာတ်ပုံနှင့် ဗီဒီယိုများ