နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ဝန်ကြီးဌာနများ
- နိုင်ငံခြားရေးဝန်ကြီးဌာန
- သမ္မတရုံးဝန်ကြီးဌာန
- ပြည်ထဲရေးဝန်ကြီးဌာန
- ကာကွယ်ရေးဝန်ကြီးဌာန
- နယ်စပ်ရေးရာဝန်ကြီးဌာန
- နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
- ပြန်ကြားရေးဝန်ကြီးဌာန
- ပြည်ထောင်စုအစိုးရအဖွဲ့ရုံးဝန်ကြီးဌာန
- သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန
- စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန
- ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန
- သယံဇာတနှင့်သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာန
- လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန
- အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန
- စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
- ပညာရေးဝန်ကြီးဌာန
- ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန
- စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန
- ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန
- ဆောက်လုပ်ရေးဝန်ကြီးဌာန
- လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန
- ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန
- တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန
- အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီးဌာန
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန
ရုံးအမှတ် (၂၀)၊ နေပြည်တော်
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် ၂၀၁၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲအပြီး အစိုးရသစ်လက်ထက်တွင် ပေါ်ပေါက်လာသော ဝန်ကြီးဌာနအသစ်ဖြစ်သည်။ နိုင်ငံတော်အစိုးရသစ်သည် ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေးနှင့် စျေးကွက်စီးပွားရေးစနစ် တို့ကို ကျင့်သုံးလျက် ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်တည်ဆောက်ရေး၊ ပြည်သူများ လိုလားတောင့်တနေကြသော စစ်မှန်သည့် ဒီမိုကရေစီ ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်ကို ခိုင်မာစွာ တည်ဆောက်ရေးစသည့်မူဝါဒများကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ပြီး အဆိုပါ လုပ်ငန်းစဉ်များကို အထောက်အကူပြုနိုင်ရန်အတွက် ၆-၄-၂၀၁၆ ခုနှစ်တွင် ပြည်ထောင်စု လွှတ်တော် ဥပဒေအမှတ် (၂၆) ဖြင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေအား ပြဌာန်းခဲ့ပြီး ထိုဥပဒေအရ ဒေါ်အောင်ဆန်းစုကြည်အား နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ် ခန့်အပ်ခဲ့သည်။
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေပုဒ်မ (၃) အရ မူဝါဒများကို အကောင် အထည်ဖော်ဆောင်ရွက်ရာတွင် ပေါင်းစပ်ညှိနှိုင်းပေးရန်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အား လိုအပ်သည်များကို ပံ့ပိုးကူညီပေးနိုင်ရန်အတွက် ၂၀၁၆ ခုနှစ် မေလ ၁၀ ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စု လွှတ်တော် ပထမပုံမှန်အစည်းအဝေး (၂၀) ရက်နေ့မြောက်နေ့တွင် လွှတ်တော်၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနကို ဖွဲ့စည်းခဲ့သည်။ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန အနေဖြင့် အမျိုးသားရင်ကြားစေ့ရေး၊ ပြည်တွင်းငြိမ်းချမ်းရေး၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးစသည့် လုပ်ငန်းစဉ်များ ပိုမိုထိရောက်အောင်မြင်မှုရရှိနိုင်ရေးအတွက် လုပ်ငန်းတာဝန်များအား ဆက်စပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၂၃၂ နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ ဥပဒေပုဒ်မ ၁၂ တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးကျော်တင့်ဆွေကို ၁၇-၅-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးအဖြစ်လည်းကောင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၃၄၊ ပုဒ်မခွဲ (က)၊ (ဃ) နှင့် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေပုဒ်မ ၁၆၊ ပုဒ်မခွဲ (ခ)၊ ပုဒ်မခွဲငယ် (၉) တို့ပါ ပြဋ္ဌာန်းချက်များအရ ဦးခင်မောင်တင်အား ၄-၇-၂၀၁၆ ရက်နေ့တွင် နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း ခန့်အပ်တာဝန်ပေးခဲ့သည်။
ရည်မှန်းချက်များ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအခန်း (၂) ပုဒ်မ-၃ ပါ ပြဌာန်းချက်နှင့်အညီ အောက်ပါရည်မှန်းချက်များကို အကောင်အထည်ဖော်နေလျက်ရှိပါသည် -
(၁) ပါတီစုံဒီမိုကရေစီစနစ်ထွန်းကားရေး။
(၂) စျေးကွက်စီးပွားရေးစနစ် ပီပြင်ရေး။
(၃) ဖယ်ဒရယ်ပြည်ထောင်စုနိုင်ငံတော်တည်ဆောက်ရေး။
(၄) ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုတိုးတက်ရေး။
လုပ်ငန်းတာဝန်များ
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနသည် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာ ဥပဒေအခန်း (၂) ပုဒ်မ (၃) ပါ ရည်ရွယ်ချက် (၄) ရပ် အကောင်အထည်ဖော်ရာတွင် လိုအပ်သည်များကို ပံ့ပိုးကူညီနိုင်ရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်မှ ချမှတ်ထားသည့် မူဝါဒများနှင့်အညီ အကောင်အထည်ဖော်ပေါင်းစပ် ညှိနှိုင်းပေးရန်နှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေးလုပ်ငန်းစဉ်များကို အဓိကထား ဆောင်ရွက်သည့်အပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေး အပါအဝင် နိုင်ငံတော်အတွက် အရေးကြီးသည့် ကဏ္ဍများကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ချမှတ်ထားသည့် မူဝါဒလမ်းညွှန်ချက်နှင့်အညီ အကောင်အထည် ဖော်ရန်ဖြစ်သည်။ ငြိမ်းချမ်းရေး၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်သာယာဝပြောရေးနှင့် ဒီမိုကရေစီစနစ် ရှင်သန်ခိုင်မာအောင်မြင်ရေး (Peace- Prosperity- Democracy-PPD) တို့အတွက် အကောင် အထည်ဖော်ရာတွင် အဓိက ပံ့ပိုးကူညီဆောင်ရွက်ရန်ဖြစ်သည်။
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာနလက်အောက်ရှိဦးစီးဌာန
နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန စတင်တည်ထောင်စဉ်က (၂၇-၇-၂၀၁၆) တွင် ဌာန (၇)ခုဖြင့် လုပ်ငန်းတာဝန်များကို ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့လုပ်ဆောင်နေသည့်လုပ်ငန်းတာဝန်များ ကို ထိရောက်စွာလုပ်ဆောင်နိုင်ရန် ဦးစီးဌာန (၂) ခုကို (၈-၁၂-၂၀၁၇) ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။ ၎င်းဦးစီးဌာန (၂) ခုမှာ -
(၁) မူဝါဒရေးရာဦးစီးဌာန နှင့်
(၂) ပြည်ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးဦးစီးဌာန တို့ဖြစ်ကြသည်။
Website လိပ်စာ