နိုင်ငံတော်အချုပ်အခြာအာဏာ၏ ခက်မသုံးဖြာဖြစ်သည့် ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာနှင့် တရားစီရင်ရေးအာဏာတို့ကို တတ်နိုင်သမျှပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်းအပြန်အလှန်ထိန်းကျောင်းခြင်းတို့ပြုသည်။ ထိုသို့ပိုင်းခြားထားသည့် နိုင်ငံတော်အာဏာသုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီးများ၊ ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ခွဲဝေအပ်နှင်းသည်။

နိုင်ငံတော်၏ ဥပဒေပြုရေးအာဏာကို ပြည်ထောင်စုလွှတ်တော်၊ တိုင်းဒေသကြီးလွှတ်တော်နှင့် ပြည်နယ်လွှတ်တော်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ဤဖွဲ့စည်းပုံအခြေခံဥပဒေက သတ်မှတ်သော ဥပဒေပြုရေးအာဏာကို ခွဲဝေအပ်နှင်းသည်။

နိုင်ငံတော်အကြီးအကဲနှင့် နိုင်ငံတော်အုပ်ချုပ်ရေးအကြီးအကဲသည် နိုင်ငံတော်သမ္မတဖြစ်သည်။

နိုင်ငံတော်အုပ်ချုပ်ရေးအာဏာကို ပြည်ထောင်စု၊ တိုင်းဒေကြီးနှင့် ပြည်နယ်များအား ခွဲဝေအပ်နှင်းသည်။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုများအား ကိုယ်ပိုင်အုပ်ချုပ်ရေးအာဏာကို ဤဖွဲ့စည်းပုံအခြေခံဥပဒေအရ သတ်မှတ်ပေးသည့်အတိုင်း ခွဲဝေအပ်နှင်းသည်။

နိုင်ငံတော်၏တရားစီရင်ရေးအာဏာကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်၊ တိုင်းဒေသကြီးတရားလွှတ်တော်များ၊ ပြည်နယ်တရားလွှတ်တော်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရစီရင်စုတရားရုံးများ အပါအဝင် အဆင့်ဆင့်သော တရားရုံးများအား ခွဲဝေအပ်နှင်းသည်။