ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းက ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Kanchana Patarachoke အား သွားရောက်တွေ့ဆုံ


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / August 28, 2019


(၂၈-၈-၂၀၁၉ ရက်၊ ဗန်ကောက်မြို့)

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာနိုင်ငံသံအမတ်ကြီး ဦးမျိုးမြင့်သန်းသည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များ မြန်မာစာသင်ယူနိုင်ရေးကိစ္စနှင့်ပတ်သက်၍ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် Mrs. Kanchana Patarachoke အား ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက်၊ ၁၃၀ဝ နာရီတွင် ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာန၏ ဧည့်ခန်းမ၌ သွားရောက်တွေ့ဆုံခဲ့ပါသည်။

ယင်းသို့သွားရောက်တွေ့ဆုံစဉ် သံအမတ်ကြီးသည် ထိုင်းနိုင်ငံရှိ မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ကလေးငယ်များအနေဖြင့် မြန်မာစာ တရားဝင်သင်ယူနိုင်ရေးအတွက် နည်းလမ်းရှာဖွေရန်၊ တရားဝင်ဖြစ်ရေးဆောင်ရွက်ရန် အချိန်ပေးပြီးမှ အရေးယူမှုများဆောင်ရွက်သွားရန်၊ သက်ဆိုင်ရာ ဌာနများသို့လည်း အသိပေးညှိနှိုင်းပေးပါရန် ပြောကြားပါသည်။ ညွှန်ကြားရေးမှူးချုပ်မှ သက်ဆိုင်ရာသို့ အကြောင်းကြားပေးမည် ဖြစ်ပါကြောင်း၊ မြန်မာဘက်မှလည်း သက်ဆိုင်ရာပညာရေးဝန်ကြီးဌာန၊ အလုပ်သမားဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်သင့်ပါကြောင်း စသည်ဖြင့် ပြန်လည်အကြံပြု ပြောကြားခဲ့ကြောင်း သိရှိရပါသည်။