ရခိုင်ပြည်နယ်အရေးကိစ္စဖြေရှင်းရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်ကို အာဆီယံက ဆက်လက်ထောက်ခံမည်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / November 17, 2018


ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများ လေ့လာရန် မြန်မာက ဘေးန္တရာယ်စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန (AHA Centre) အား ဖိတ်ကြားချက်ကို အာဆီယံက ထောက်ခံကြိုဆို

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် စင်ကာပူသမ္မတနိုင်ငံ၌ ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့မှ ၁၅ ရက်နေ့အထိ ကျင်းပခဲ့သည့် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများသို့ တက်ရောက်ခဲ့ပြီးနောက် မြန်မာနိုင်ငံသို့ ယနေ့တွင် ပြန်လည် ရောက်ရှိသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကျင်းပသည့် အာဆီယံ စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှု ထိပ်သီးအစည်းအဝေးတွင် “မြန်မာနှင့် အာဆီယံ၌ စီးပွားရေး နှင့် ရင်းနှီးမြှုပ်နှံမှု”ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် (၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်း အဝေးနှင့် ဆက်စပ် ထိပ်သီးအစည်းအဝေးများ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ပြီးနောက် ညနေပိုင်းတွင် စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးက အာဆီယံ နိုင်ငံခေါင်းဆောင် များကို တည်ခင်းဧည့်ခံသည့် အလုပ်သဘော ညစာစားပွဲနှင့် မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် အာဆီယံ-သြစတြေးလျ ခေါင်းဆောင်များ၏ အလွတ်သဘော နံနက်စာစားပွဲ၊ (၂၁) ကြိမ်မြောက် အာဆီယံ-တရုတ် ထိပ်သီးအစည်းအဝေး၊ (၂၀) ကြိမ်မြောက် အာဆီယံ-ကိုရီးယားသမ္မတနိုင်ငံ ထိပ်သီးအစည်း အဝေး၊ အာဆီယံ နိုင်ငံခေါင်းဆောင်များနှင့် အာဆီယံဥက္ကဋ္ဌ၏ ဧည့်သည်တော်များကို စင်ကာပူသမ္မတ နိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော နေ့လယ်စာစားပွဲတို့သို့ တက်ရောက်ခဲ့သည်။ မွန်းလွဲပိုင်းတွင် တတိယအကြိမ်မြောက် အာဆီယံ-ရုရှား ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေး၊ ဒုတိယအကြိမ်မြောက် ဒေသတွင်း ဘက်စုံ စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယင်းနေ့ ညပိုင်းတွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌဖြစ်သူ စင်ကာပူသမ္မတနိုင်ငံ ဝန်ကြီးချုပ် မစ္စတာလီရှန်လုံးက အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် ပါဝင် သည့် နိုင်ငံများမှ နိုင်ငံခေါင်းဆောင်/ အစိုးရအဖွဲ့ အကြီးအကဲများနှင့် အာဆီယံဥက္ကဋ္ဌ၏ အထူး ဧည့်သည်တော်များကို တည်ခင်းသည့် ဂုဏ်ပြုညစာစားပွဲသို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် နိုဝင်ဘာလ ၁၅ ရက်နေ့တွင် အာဆီယံ-အိန္ဒိယ ခေါင်းဆောင်များ၏ အလွတ်သဘော နံနက်စာစားပွဲ၊ (၆) ကြိမ်မြောက် အာဆီယံ-အမေရိကန် ထိပ်သီးအစည်းအဝေး၊ (၂၁) ကြိမ်မြောက် အာဆီယံအပေါင်းသုံး ထိပ်သီးအစည်းအဝေး၊ အရှေ့အာရှ ထိပ်သီးအစည်းအဝေး၏ နေ့လယ်စာစားပွဲ (သီးသန့်အစည်းအဝေး) နှင့် (၁၃) ကြိမ်မြောက် အရှေ့ အာရှ ထိပ်သီးအစည်းအဝေး၏ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယင်းနေ့ ညနေပိုင်းတွင် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်ထိပ်သီးအစည်းအဝေးများ၏ ပိတ်ပွဲအခမ်းအနားနှင့် ၂၀၁၉ ခုနှစ် အာဆီယံ အလှည့်ကျဥက္ကဋ္ဌ တာဝန်ထမ်းဆောင်မည့် ထိုင်းနိုင်ငံထံသို့ အာဆီယံဥက္ကဋ္ဌတာဝန် လွှဲပြောင်းပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်ခဲ့သည်။

(၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးတွင် ကြံ့ခံနိုင်စွမ်းရှိပြီး တီထွင် ဆန်းသစ်သည့် အာဆီယံ တည်ထောင်ရေး၊ အာဆီယံ၏ ပြင်ပဆက်ဆံရေး၊ အာဆီယံ၏ အနာဂတ် ဦးတည်ချက် စသည့်ကိစ္စရပ်များနှင့် တောင်တရုတ်ပင်လယ် အရေးကိစ္စ၊ ကိုရီးယားကျွန်းဆွယ် အရေးကိစ္စ၊ အင်ဒို-ပစိဖိတ် အယူအဆတို့ အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာရေးရာ ကိစ္စရပ်များကို ဆွေးနွေးကြသည်။ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် စပ်လျဉ်း၍ အာဆီယံ ခေါင်းဆောင်များက ရခိုင်အရေးကိစ္စသည် သိမ်မွေ့နက်နဲသည့် ကိစ္စတစ်ခုဖြစ်ကြောင်း၊ နေရပ်စွန့်ခွာသူများအား ပထမ အသုတ်အဖြစ် ပြန်လည်ပို့ဆောင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီမှုရရှိခြင်းကို ကြိုဆိုကြောင်း၊ နေရပ်ပြန်လည်ပို့ဆောင်ရေး၊ ပြန်လည်နေရာချထားရေးနှင့် လူသားချင်းစာနာမှု အကူအညီများ ပေးအပ်ရေး လုပ်ငန်းစဉ်တွင် ဘေးန္တရာယ် စီမံခန့်ခွဲမှုနှင့် ပတ်သက်သည့် အာဆီယံ၏ လူသားချင်းစာနာထောက်ထားမှု အကူအညီများ ညှိနှိုင်းရေးဌာန (ASEAN Coordinating Centre for Humanitarian Assistance on Disaster Management - AHA Centre) မှ ပူးပေါင်း ကူညီပေးနိုင်မည့် အခန်းကဏ္ဍကို အသိအမှတ်ပြုကြောင်း၊ ပူးပေါင်းဆောင်ရွက်နိုင်မည့်ကဏ္ဍများ လေ့လာရန် မြန်မာနိုင်ငံက AHA Centre အား ဖိတ်ကြားချက်ကို ကြိုဆိုထောက်ခံကြောင်း၊ အာဆီယံအနေဖြင့် မြန်မာနိုင်ငံ၏ ကြိုးပမ်းချက်များကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ပြီး၊ နေရပ်ပြန်လာသူများအတွက် ကောင်းမွန်သည့် ပတ်ဝန်းကျင်ကို ဖန်တီးပေးရာတွင် လည်းကောင်း၊ ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနှင့် အသိုက်အဝန်းနှစ်ရပ် အကြား သဟဇာတဖြစ်ရေးတို့ကို တိုးမြှင့်ဖော်ဆောင်ရာတွင် လည်းကောင်း၊ တက်ကြွ၍ အပြုသဘောဆောင် သည့် အခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ရန် အဆင်သင့် ရှိကြောင်း ထည့်သွင်းပြောကြားကြသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က မိမိတို့အနေဖြင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံအချို့၏ စိုးရိမ်သံများကို ကြားသိရပါကြောင်း၊ ပြဿနာဖြေရှင်းရာတွင် ထောက်ခံအားပေးကြသည့် မိတ်ဆွေ အာဆီယံ အဖွဲ့ဝင်နိုင်ငံများအပေါ် ကျေးဇူးတင်ရှိကြောင်း၊ နေရပ်စွန့်ခွာသူများအား ပထမအသုတ် အဖြစ် ပြန်လည်ပို့ဆောင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့အကြား သဘောတူညီခဲ့ကြောင်း၊ ရခိုင် ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး၊ ပြန်လည်လက်ခံရေးနှင့် ရခိုင်ပြည်နယ်၏ ဖွံ့ဖြိုးတိုးတက်ရေးတို့တွင် အာဆီယံအနေဖြင့် ကူညီပံ့ပိုးပေးနိုင်မည့် နယ်ပယ်များစွာ ရှိကြောင်း၊ နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်တွင် AHA Centre က မည်သည့်နည်းလမ်း ဖြင့် ကူညီပံ့ပိုးပေးနိုင်မည်ဆိုသည်ကို လေ့လာဆွေးနွေးလျက်ရှိကြောင်း၊ AHA Centre အနေဖြင့် လက်တွေ့ကျကျ များစွာ ကူညီပံ့ပိုးပေးနိုင်မည် ဖြစ်သည့်အပြင် ဘေးပတ်ဝန်းကျင်၏ ယုံကြည်စိတ်ချ မှုကို ဖြစ်ထွန်းစေခြင်းအားဖြင့် နေရပ်ပြန်လာသူများက ဘေးကင်းလုံခြုံမှုရှိသည်ဟု ခံစားရရှိစေမည် ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများသည် နှစ်ပေါင်းများစွာ အတူတကွ နေထိုင်ကြရမည် ဖြစ်သဖြင့် အသိုက်အဝန်းများအကြား သဟဇာတဖြစ်ရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ဖော်ဆောင် ရာတွင် အစိုးရအနေဖြင့် လတ်တလော နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ်အတွက်သာမက ရေရှည်အတွက် ရည်ရွယ်၍ အကောင်းဆုံး ကြိုးပမ်းဆောင်ရွက်လျက် ရှိကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။

အာဆီယံ ထိပ်သီးအစည်းအဝေးအပြီးတွင် (၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်း အဝေး ဥက္ကဌ၏ ကြေညာချက်ကို ထုတ်ပြန်သည်။ အဆိုပါထုတ်ပြန်ချက်တွင် ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်၍ အာဆီယံ ခေါင်းဆောင်များသည် နေရပ်စွန့်ခွာသူများ ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် အောင်မြင်ရန်အတွက် မြန်မာနိုင်ငံကို ကူညီရန် အဆင်သင့်ရှိကြောင်း၊ နေရပ်ပြန်လည်ပို့ဆောင်ရေး လုပ်ငန်းစဉ် အထောက်အကူ ဖြစ်စေရေးအတွက် ပူးပေါင်းဆောင်ရွက်ရန် အလားအလာရှိသည့် နယ်ပယ်များကို ရွေးချယ်သတ်မှတ်ရန် လိုအပ်ချက်များ လေ့လာမည့် အဖွဲ့ (needs assessment team) စေလွှတ်ရေးအတွက် မြန်မာနိုင်ငံက AHA Centre အား ဖိတ်ကြားခြင်းကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်ရှိ အသိုက်အဝန်းများအားလုံး၏ ဘေးကင်းလုံခြုံရေးအတွက် တတ်နိုင်သမျှ ထိရောက် စွာ ကြိုးပမ်းဆောင်ရွက်ရန် မြန်မာအစိုးရ၏ ပြောကြားချက်ကို ကြိုဆိုကြောင်း၊ ရခိုင်ပြည်နယ်၏ ရေရှည် ဖွံ့ဖြိုးတိုးတက်ရေး၊ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အဖွဲ့အစည်းများ အကြား သဟဇာတဖြစ်ရေးနှင့် ပြန်လည်သင့်မြတ်ရေးတို့အတွက် မြန်မာအစိုးရ၏ ကြိုးပမ်း ဆောင်ရွက်မှုများကို ဆက်လက်ထောက်ခံအားပေးကြောင်း ဖော်ပြထားသည်။

ထို့အပြင် အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွင် အာဆီယံ၏ ဆွေးနွေးဖက်နိုင်ငံအချို့က ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ စိုးရိမ်ပူပန်မှုရှိကြောင်း၊ နေရပ်စွန့်ခွာသူများ မိမိဆန္ဒ အလျောက် သိက္ခာရှိရှိ၊ ဘေးကင်းလုံခြုံစွာ နေရပ်ပြန်လာရေးမှာ အရေးကြီးကြောင်း၊ နိုဝင်ဘာ လလယ်တွင် နေရပ်ပြန်ပို့ရေး လုပ်ငန်းစဉ် စတင်ရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အကြား သဘောတူညီမှု ရရှိခြင်းကို ကြိုဆိုကြောင်း၊ ပြဿနာကို ဖြေရှင်းရာတွင် မြန်မာ၊ အာဆီယံနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် ဆက်လက်ပူးပေါင်းသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ရခိုင်ပြည်နယ်၏ တည်ငြိမ်အေးချမ်းမှု ထိန်းသိမ်းရေး အတွက် ကမ်းလှမ်းမှုများ၊ အပြုသဘောဆောင်သော အကူအညီပေးမှုများနှင့် နားလည်မှုများအပေါ် ကျေးဇူးတင်ကြောင်း၊ နိုင်ငံအတွင်း တည်ငြိမ်အေးချမ်းရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေးနှင့် တရားဥပဒေ စိုးမိုးမှုရှိရေးတို့အတွက် မူလတာဝန်ရှိသူမှာ မိမိတို့နိုင်ငံသာ ဖြစ်ပြီး အကောင်းဆုံး ဆောင်ရွက်လျက် ရှိကြောင်း ပြောကြားသည်။

အရှေ့အာရှ ထိပ်သီးအစည်းအဝေးကို ပြောင်းလဲနေသည့် ဒေသတွင်းဗိသုကာပုံစံတွင် ဒေသ၏ လုံခြုံရေးနှင့် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်စေမည့် အဓိကကိစ္စရပ်များကို နိုင်ငံခေါင်းဆောင်များ အကြား ဆွေးနွေးရန် ရည်ရွယ်၍ ၂၀၀၅ ခုနှစ်တွင် ထူထောင်ဖွဲ့စည်းခဲ့သည်။ စတင်ဖွဲ့စည်းခဲ့စဉ်က ပါဝင်သည့် နိုင်ငံများမှာ အာဆီယံ အဖွဲ့ဝင် ၁၀ နိုင်ငံနှင့် တရုတ်၊ တောင်ကိုရီးယား၊ ဂျပန်၊ အိန္ဒိယ၊ သြစတြေးလျ၊ နယူးဇီလန်နိုင်ငံများ ဖြစ်ကြပြီး၊ ၂၀၁၁ ခုနှစ်တွင် အမေရိကန်နှင့် ရုရှားနိုင်ငံတို့ ထပ်မံပါဝင်ကြသဖြင့် လက်ရှိတွင် အဖွဲ့ဝင်နိုင်ငံ (၁၈) နိုင်ငံ ရှိသည်။

(၃၃) ကြိမ်မြောက် အာဆီယံ ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများတွင် တတိယနိုင်ငံများသို့ ရောက်ရှိနေသည့် အာဆီယံ နိုင်ငံသားများအတွက် အခြား အာဆီယံသံရုံး တစ်ခု က ကောင်စစ်ရေးရာ အကူအညီ ပေးအပ်ရန် လမ်းညွှန်ချက်ဆိုင်ရာ ကြေညာချက် (Declaration on the Guidelines on Consular Assistance by ASEAN Member States’ Missions in Third Countries to Nationals of Other ASEAN Member States) ၊ အာဆီယံ အဆင့်မြင့်နည်းပညာ မြို့တော်များ မူဘောင် (ASEAN Smart Cities Framework) ၊ မသန်စွမ်းသူများ အခွင့်အရေး ကာကွယ်မြှင့်တင်ခြင်း (ASEAN Enabling Masterplan 2025: Mainstreaming the Rights of Persons with Disabilities) ၊ ပဋိဇီဝ ဆေးယဉ်ပါးမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ အာဆီယံအပေါင်းသုံး ခေါင်းဆောင်များ၏ ကြေညာချက် (ASEAN Plus Three Leaders’ Statement on Cooperation Against Antimicrobial Resistance) ၊ ပင်လယ်တွင်းရှိ ပလပ်စတစ် စွန့်ပစ်ပစ္စည်းများ တိုက်ဖျက်ရေးဆိုင်ရာ အရှေ့အာရှ ထိပ်သီးအစည်းအဝေး ခေါင်းဆောင် များ၏ ကြေညာချက် (EAS Leaders’ Statement on Combating Marine Plastic Debris) ၊ နျူကလီးယားနှင့် ရေဒီယိုသတ္တိကြွပစ္စည်းများအား လုံခြုံစိတ်ချစွာ အသုံးပြုရေး၊ သိုလှောင်ရေးနှင့် သယ်ယူပို့ဆောင်ရေးဆိုင်ရာ အရှေ့အာရှ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ကြေညာချက် (EAS Leaders’ Statement on the Safe and Secure Use, Storage, and Transport of Nuclear and Other Radioactive Material) နှင့် ပြည်ပြန် အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှု တုန့်ပြန်ရေးဆိုင်ရာ အရှေ့အာရှ ထိပ်သီးအစည်းအဝေး ခေါင်းဆောင်များ၏ ကြေညာချက် (EAS Leaders’ Statement on Countering the Threat of Foreign Fighters and Returnees) စသည်တို့ အပါအဝင် စာရွက်စာတမ်း (documents) (၆၃) ခုကို ထုတ်ပြန်၊ အတည်ပြု၊ မှတ်တမ်းတင်ခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်သည် ရုရှား၊ အာမေးနီးယား၊ ဘယ်လာရုစ်၊ ကာဇတ်စတန်၊ ကာဂျစ်စတန်တို့ဖြင့် ဖွဲ့စည်းထားသည့် ယူရေးရှား စီးပွားရေးကော်မရှင်နှင့် အာဆီယံတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု နားလည်မှုစာချွန်လွှာ (MOU between the Eurasian Economic Commission (EEC) and ASEAN on Economic Cooperation) လက်မှတ် ရေးထိုးပွဲ အခမ်းအနားသို့ ရုရှားနှင့် အာဆီယံ အဖွဲ့ဝင်နိုင်ငံခေါင်းဆောင်များနှင့်အတူ ပါဝင် တက်ရောက်ခဲ့သည်။ အဆိုပါ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုးခြင်းဖြင့် ကိုယ်ကျိုးစီးပွား ကာကွယ်ရေးဝါဒ၊ ကုန်သွယ်မှုအတားအဆီးများ၊ နည်းပညာဆိုင်ရာ ကွာဟချက်တို့ကြောင့် ဖြစ်ပေါ် လာသော စီးပွားရေးဆိုင်ရာ စိန်ခေါ်မှုများကို ကျော်လွှားနိုင်မည် ဖြစ်သည်။

အာဆီယံ အဆင့်မြင့်နည်းပညာမြို့တော်များ တည်ဆောက်ရေးမူဘောင် (ASEAN Smart Cities Framework) နှင့် ပတ်သက်၍ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၁၀ နိုင်ငံမှ မြို့တော် ၂၆ မြို့ကို ကနဦး ရွေးချယ်ထားပြီး၊ အဆင့်မြင့်မြို့တော်များ တည်ထောင်ရေးလုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ အသီးသီးချမှတ်ထားသည်။ အာဆီယံ အဆင့်မြင့်မြို့တော်များ တည်ထောင်ရာတွင် မြန်မာနိုင်ငံမှ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးမြို့များ ပါဝင်ပြီး၊ အဆင့်မြင့် အိမ်ရာများ တည်ဆောက်ရေး၊ ပညာရေး၊ သယ်ယူပို့ဆောင်ရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးတို့ကို ဦးစားပေးဆောင်ရွက်သွားရန် စီမံကိန်းများ ရေးဆွဲချမှတ် အကောင်အထည်ဖော်လျက် ရှိသည်။

နိုင်ငံခြားရေးဝန်ကြီးဌာန

နေပြည်တော်

၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလ ၁၆ ရက်။