CRC-OPAC သို့ မြန်မာနိုင်ငံမှ အတည်ပြုပါဝင်ရန် ပြည်ထောင်စုလွှတ်တော်က သဘောတူခဲ့ပြီးဖြစ်


နိုင်ငံခြားရေးဝန်ကြီးဌာန/ Nay Pyi Taw / September 04, 2019


(၄-၉-၂၀၁၉ ရက်၊ နေပြည်တော်)

လက်နက်ကိုင် ပဋိပက္ခအတွင်း ကလေးသူငယ်များ ပါဝင်ပတ်သက်မှုနှင့် စပ်လျဉ်း၍ ကလေးသူငယ်များ ၏ အခွင့်အရေးများဆိုင်ရာ နောက်ဆက်တွဲအခြေပြစာချုပ် (Optional Protocol to the Convention on the Rights of the Child on the Involvement of Children in Armed Conflict) သို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်ရေးကိစ္စနှင့်ပတ်သက်၍ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လ ၂၈ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စု လွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၇) ရက်မြောက်နေ့၌ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က မြန်မာနိုင်ငံအနေဖြင့် အသက် (၁၈)နှစ်အောက် ကလေးသူငယ်များ စုဆောင်းခြင်း၊ အသုံးပြုခြင်းတို့ကို ကာကွယ်တားဆီးနိုင်ရန် ကုလသမဂ္ဂနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ အရွယ်မရောက်သေးသူ ကလေးသူငယ် စစ်သားများအား တွေ့ရှိရပါက မိဘအုပ်ထိန်းသူထံ ပြန်လည်အပ်နှံခြင်း၊ အသိပညာပေးခြင်း၊ ဥပဒေမဲ့ စုဆောင်းသူမျာကို အရေးယူခြင်းတို့ ပြုလုပ်နေကြောင်း၊ ထို့ကြောင့် အခြေပြစာချုပ်ကို လက်တွေ့လိုက်နာ အကောင်အထည်ဖော်နေပြီဟု ယူဆနိုင်ပါကြောင်း၊ ထိုစာချုပ်ကို အတည်ပြု ပါဝင်ခြင်းအားဖြင့် မြန်မာနိုင်ငံ၏ ပုံရိပ်ကို တိုးတက်ကောင်းမွန်စေပြီး၊ ကလေးသူငယ်များ၏ အခွင့်အရေး ကာကွယ်မြှင့်တင်ရေးအတွက် မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုတွင် အပြုသဘော တိုးတက်မှုတစ်ရပ် ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း စသည်ဖြင့် ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၂ ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၃) ကြိမ်မြောက် ပုံမှန်အစည်းအဝေး၊ (၁၉) ရက်မြောက်နေ့၌ လွှတ်တော် ကိုယ်စားလှယ် (၁၉) ဦးက အဆိုပါ ကိစ္စရပ်အပေါ် ဆွေးနွေးခဲ့ပြီး ကန့်ကွက်သူမရှိ အတည်ပြုခဲ့သည်။

အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၇ ရက်နေ့မှ စတင် ကျင်းပမည့် (၇၄) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံကာလအတွင်း အတည်ပြု ပါဝင်ရေး စာချွန်လွှာ (Instrument of Ratification) ကို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ထံ ပေးအပ်သွား မည်ဖြစ်ပြီး၊ အဆိုပါ နောက်ဆက်တွဲအခြေပြစာချုပ် (CRC-OPAC) သို့ မြန်မာနိုင်ငံမှ အတည်ပြု ပါဝင်သွားရန်ရှိကြောင်း သိရှိရပါသည်။