အာဆီယံဆု (ASEAN Prize) လျှောက်ထားနိုင်ကြောင်းကြေညာခြင်း


နိုင်ငံခြားရေးဝန်ကြီးဌာန/ နေပြည်တော် / September 24, 2018


အာဆီယံအတွင်းရေးမှူးချုပ်ရုံးအနေဖြင့် အာဆီယံ၏ဂုဏ်ပုဒ်၊ အာဆီယံစိတ်ဓါတ်နှင့် အောက်ဖော်ပြပါသတ်မှတ်ထားသည့် နယ်ပယ်များတွင် အာဆီယံလမ်းစဉ်တို့ကိုမြှင့်တင်ပေးနိုင်သည့် လူပုဂ္ဂိုလ်/အဖွဲ့အစည်းတို့၏ ဆောင်ရွက်မှုများနှင့် အောင်မြင်မှုများကို အသိအမှတ်ပြုသည့်အနေဖြင့် ပထဆုံးအကြိမ် အာဆီယံဆု (ASEAN Prize) ကိုချီးမြှင့်ရန်အတွက် အဆိုပြုလွှာများ ခေါ်ယူလျက်ရှိပါသည်-

(က) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားပူးပေါင်းဆောင်ရွက်မှုများ

(ခ) အာဆီယံနှင့် ကမ္ဘာတစ်ဝှမ်းအကြားပူးပေါင်းဆောင်ရွက်မှုများ

(ဂ) အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားပြည်သူအချင်းချင်းထိတွေ့ဆက်ဆံမှုများ

(ဃ)အာဆီယံအဖွဲ့ဝင်နိုင်ငံများအကြားစံနှုန်းများမြှင့်တင်ရေးနှင့် စီးပွားရေးပူးပေါင်း ဆောင်ရွက်မှုများ

(င) အာဆီယံအသိုက်အဝန်းတည်ထောင်ရေးအတွက် သိသာထင်ရှားသည့် ဆောင်ရွက်မှုများ

အာဆီယံဆုအား အပြီးသတ်ရွေးချယ်မည့် ဒိုင်အဖွဲ့အား လက်ရှိအာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ အတွင်းရေးမှူးချုပ်ဟောင်းများဖြင့် ဖွဲ့စည်းထားပြီးဆုရရှိသူအားအမေရိကန် ဒေါ်လာ ၂၀,၀၀၀ ချီးမြှင့်သွားမည်ဖြစ်ပါသည်။ ယင်းဆုအား ၂၀၁၈ ခုနှစ်၊ နိုဝင်ဘာလတွင် ကျင်းပမည့် အာဆီယံခေါင်းဆောင်များထိပ်သီးအစည်းအဝေးတွင် ပေးအပ် ချီးမြှင့်သွားမည် ဖြစ်ပါသည်။

အဆိုပါဆုအားလျှောက်ထားရန် အဆိုပြုသူများသည် အာဆီယံအဖွဲ့ဝင်နိုင်ငံများမှ နိုင်ငံသား (သို့မဟုတ်) အဖွဲ့အစည်း ဖြစ်ရမည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ ဧပြီလမှ ၂၀၁၈ ခုနှစ်၊ မတ်လအတွင်း အာဆီယံနှင့်ပတ်သက်သော ဆောင်ရွက်ချက်များ၊ အောင်မြင်မှုများကို ပြသနိုင်ရမည်ဖြစ်ပါသည်။ ထို့အပြင် ရှေ့ဆက်၍ အာဆီယံနှင့်ပတ်သက်၍ ဆောင်ရွက်သွားမည့် အစီအစဉ်များကိုလည်း ဖော်ပြနိုင်ရမည်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မြန်မာနိုင်ငံမှ နိုင်ငံသား/အဖွဲ့အစည်းအနေဖြင့် လျှောက်ထားသူပုဂ္ဂိုလ်/အဖွဲ့အစည်းသည် မိမိ (သို့မဟုတ်) အဖွဲ့အစည်းနှင့်ပတ်သက်သည့်အချက်အလက်နှင့် မိမိ (သို့မဟုတ်) အဖွဲ့အစည်း၏ ဆောင်ရွက်ချက်များနှင့်အတူ ပူးတွဲတင်ပြ လျှောက်ထားနိုင်ပါသည်။ လျှောက်လွှာတင်သွင်းရန်အတွက် နောက်ဆုံးရက်မှာ ၂၇-၉-၂၀၁၈ ရက်နေ့ဖြစ်ပြီး၊ အာဆီယံရေးရာဦးစီးဌာန၊ နိုင်ငံခြားရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၉)၊ နေပြည်တော် (သို့မဟုတ်) dgasean@gmail.com အား လိပ်မူလျှောက်ထားနိုင်ပါကြောင်း အသိပေးအကြောင်းကြားအပ်ပါသည်။ အဆိုပါဆုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက http://asean.org/?static post =asean-prize-2018 တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။