မြန်မြန်ဆန်ဆန်ရိုက်ကူးခွင့်ရဖို့၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်ရဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကိုကြည့်ပြီး သိပ်ပြီး အတင့်ရဲလို့လည်း မရဘူး

မြန်မြန်ဆန်ဆန်ရိုက်ကူးခွင့်ရဖို့၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်ရဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကိုကြည့်ပြီး သိပ်ပြီး အတင့်ရဲလို့လည်း မရဘူး


ပြန်ကြားရေးဝန်ကြီးဌာန/ ​နေပြည်တော် / July 01, 2020
image_latest


 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) သည် ကိုဗစ်-၁၉ ကို ကမ္ဘာ့ကပ်ရောဂါအဖြစ် ၂၀၂၀ ပြည့်နှစ် မတ်လ ၁၁ ရက်တွင် ကြေညာခဲ့ပြီး ထိုရောဂါသည် လူစုလူဝေးမှတစ်ဆင့် လျင်မြန်စွာ ကူးစက်နိုင်သဖြင့် လူစုလူဝေးဖြင့် ကျင်းပသည့် အခမ်းအနား၊ ပွဲလမ်းသဘင်များမပြုလုပ်ရန် နိုင်ငံတော်သမ္မတရုံးမှ ပြည်သူသို့ ပန်ကြားခဲ့သည်။

ထို့အတူ ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့်လည်း ပြည်သူများ၏ ကျန်းမာရေးအတွက် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ရုပ်ရှင်ရုံများ၏ ရုပ်ရှင်ပြသခြင်းလုပ်ငန်းများကိုလည်း မတ်လ ၁၆ ရက်တွင် ရပ်ဆိုင်းထားရန် အသိပေးကြေညာခဲ့သည်။ ရုပ်ရှင်/ရုပ်သံ ရိုက်ကူးပြသထုတ်လုပ်ခြင်း လုပ်ငန်းကို ဆောင်ရွက်နေကြသည့် ရုပ်ရှင်အနုပညာရှင်များ၊ အတတ်ပညာရှင်များသည်လည်း စည်းကမ်းလိုက်နာကာ ရိုက်ကူးရေးလုပ်ငန်းများကို ရပ်နားထားရသည်။

ယခုအခါ မြန်မာနိုင်ငံအတွင်းတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု တဖြည်းဖြည်းလျော့ကျလာပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကြောင့် လူအများစိတ်ကြောင့်ကြမှု၊ စိုးရိမ်မှု၊ စိတ်ဓာတ်ကျမှုများကို အနုပညာစွမ်းပကားဖြင့် ပပျောက်စေနိုင်ရုံသာမက ရုပ်ရှင်/ရုပ်သံနှင့် ပတ်သက်ဆက်နွှယ်သူ များအတွက် စားဝတ်နေရေး သက်သာချောင်လည်စေနိုင်သည့် ရုပ်ရှင်/ရုပ်သံရိုက်ကူးထုတ်လုပ် ပြသခြင်းလုပ်ငန်းများကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ စည်းကမ်းသတ်မှတ်ချက်များနှင့် အညီ ပြန်လည်စတင်နိုင်ရန် ဆောင်ရွက်လျက်ရှိရာ ရုပ်ရှင်/ရုပ်သံ ပြန်လည်ရိုက်ကူးနိုင်ရေးနှင့် ရုပ်ရှင်ရုံများ ပြန်လည်ပြသနိုင်ရေးအတွက် ညှိနှိုင်းအစည်းအဝေးကို ဇွန် ၃၀ ရက်တွင် နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး ရုပ်ရှင်လောက ကဏ္ဍစုံမှ အသိပညာရှင်များ၊ အတတ်ပညာရှင်များ တက်ရောက်ခဲ့ကြရာ ကိုဗစ်-၁၉ကြောင့် ရုပ်ရှင် လောကအပေါ် သက်ရောက်မှုများ၊ ဆက်လက်ဆောင်ရွက်ရန် နည်းလမ်းများနှင့် ပတ်သက်၍ တွေ့ဆုံမေးမြန်းခဲ့မှုများကို ကောက်နုတ်ဖော်ပြလိုက်ရပါသည်။

ဒါရိုက်တာညီညီထွန်းလွင်

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ

စားဝတ်နေရေးအခက်အခဲဖြစ်နေတဲ့ ရုပ်ရှင်လောကသားတွေကို လှူဒါန်းနေတာတော့ တတိယအကြိမ်ရှိသွားပါပြီ။ လူဦးရေ ၁၅၀၀ လောက်ဆိုတော့ အလှူရှင်တွေရဲ့ လှူဒါန်းမှုတွေနဲ့ တစ်ဦးကို နှစ်သောင်း၊ သုံးသောင်း၊ ဆန်၊ ဆီ၊ဆား ရိက္ခာတွေစသဖြင့် ဝေပေးပါတယ်။ စတုတ္ထအကြိမ် ဝေဖို့လည်း စီစဉ်နေပါပြီ။ စားဝတ်နေရေးအခက်အခဲနဲ့ ဆက်နွှယ်နေတာ ရုပ်ရှင်ရိုက်ကူးရေးဖြစ်ပါတယ်။ ရိုက်ကူးရေးလည်း မလုပ်ရတဲ့အတွက် အခက်အခဲဖြစ်နေတာပါ။ ကျွန်တော်တို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးကို ရိုက်ကူးခွင့်လျှောက်ထားတာ ဇာတ်လမ်းတွဲခြောက်ကား၊ ရုပ်ရှင်ဇာတ်ကား သုံးကားရှိပါတယ်။ ဗီဒီယိုတစ်ကားနဲ့ ကြော်ငြာ တွေကလည်း ၁၃ ခုလောက်ရှိပါတယ်။ ကြော်ငြာက လူ ၁၅ ယောက်ဝန်းကျင်လောက်နဲ့ ရိုက်လို့ရတဲ့အတွက် ရိုက်ချင်ကြတယ်။

ဒီနေ့ကတော့ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်မှု ကာလအတွင်းမှာ ရုပ်ရှင်/ ရုပ်သံ ရိုက်ကူးထုတ်လုပ်ပြသခြင်းဆိုင်ရာ အစည်းအဝေးဖြစ်ပါတယ်။ အခုဆိုရင် မူကြမ်း လက်စွဲစာစောင်လည်း ထွက်လာပါပြီ။ အဲဒီမူကြမ်းထဲမှာပါတဲ့ စည်းမျဉ်းစည်းကမ်း အချက်အလက်တွေကို ညှိနှိုင်းရမှာတွေ၊ လိုတိုးပိုလျှော့လုပ်ရမှာတွေ ရှိပါတယ်။ ဒီနေ့ ဆွေးနွေးတာကတော့ ထုတ်လုပ်သူတွေကလည်း ရိုက်လက်စကားလေး၊ ငါးကားနဲ့ ဆက်မရိုက်နိုင်ကြတော့ဘူး။ ပြီးတော့ ရိုက်ထားပြီးသားကားကလည်း ဝင်ငွေမရှိဘူး။ ရုံလည်းတင်လို့မရဘူး။ အဲဒီတော့ ရုပ်ရှင်ရုံပိုင်ရှင်တွေ၊ အချို့ထုတ်လုပ်သူတွေကို ချေးငွေထုတ်ချေးပေးဖို့တွေလည်း ဆွေးနွေးကြပါတယ်။ အစိုးရအနေနဲ့လည်း ကူညီဖို့ ကတိပြုတယ်။

အဲဒီလို ကူညီမှပဲ ရုပ်ရှင်ထုတ်လုပ်သူတွေက ရုပ်ရှင်ရိုက်နိုင်မှ ဒါရိုက်တာတွေ၊ ဇာတ်ညွှန်းရေးဆရာတွေ၊ မင်းသား၊ မင်းသမီးတွေ၊ စက်မှုလုပ်သားတွေ၊ ရုပ်ရှင် လောကသားတွေက ဝင်ငွေရမှာဖြစ်ပါတယ်။ အဲဒီတော့ ထုတ်လုပ်သူတွေကလည်း အရေးကြီးပါတယ်။ ထုတ်လုပ်သူတွေ ငွေမရှိလို့ မရိုက်နိုင်ရင် ဒီလောကကြီးရပ်သွားမယ်၊ စားဝတ်နေရေး အကုန်အခက်အခဲဖြစ်မှာပါ။

ဒါကြောင့် မြန်မြန်ဆန်ဆန်ရိုက်ကူးခွင့်ရဖို့၊ ရုပ်ရှင်ရုံတွေ ပြန်ဖွင့်ခွင့်ရဖို့ အတတ်နိုင်ဆုံး ဆောင်ရွက်နေပါတယ်။ ဒါပေမယ့်လည်း ကိုဗစ်-၁၉ ရောဂါအခြေအနေကိုကြည့်ပြီး သိပ်ပြီး အတင့်ရဲလို့လည်း မရဘူး။ နိုင်ငံတိုင်းမှာ Second Wave ၊ Third Wave တွေလာတတ်တယ်။ ဒုတိယလှိုင်း၊ တတိယလှိုင်းတွေကလည်း ကြောက်ဖို့ကောင်းတဲ့အတွက် လူတွေအနေနဲ့ကတော့ ဆင်ခြင်မှဖြစ်မယ်။ နှာခေါင်းစည်း တပ်ရမယ်၊ လက်ဆေးရမယ် အဲဒါတွေကိုတော့ ပြည်သူလူထုအနေနဲ့ အတိအကျလိုက်နာမှဖြစ်မယ်။

ဦးလူမင်း၊ တွဲဖက်အတွင်းရေးမှူး (၂)

ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင်ရိုက်ကူးထုတ်လုပ်ရေးလုပ်ငန်းကော်မတီ

ဗိုလ်ချုပ်အောင်ဆန်းအတ္ထုပ္ပတ္တိရုပ်ရှင်ကို ဒါရိုက်တာအဖြစ် တာဝန်ယူဆောင်ရွက်နေပါတယ်။ အခုလက်ရှိ ရိုက်ကူးပြီးစီးမှုအခြေအနေကတော့ ၈၀ ရာခိုင်နှုန်းနီးပါး ရိုက်ကူးရေး ပြီးစီးပါပြီ။ ၂၀ ရာခိုင်နှုန်းလောက် ရိုက်ကူးဖို့ ကျန်နေပါသေးတယ်။ ကိုဗစ်အခြေအနေကြောင့် ဒီရိုက်ကူး ရေးတွေကို ရပ်နားထားလိုက်ရပါတယ်။ ကိုဗစ်အခြေအနေ အတွင်းမှာ ရိုက်ကူးပြီးစီးသလောက်ကို ကားကူး၊ ကား ဆက်လုပ်တာ၊ အသံသွင်းတာ စတဲ့ကိစ္စတွေကို ဆောင်ရွက်လို့ရသလောက် ဆောင်ရွက်နေပါတယ်။ ရိုက်ကူးဖို့ကျန်တဲ့ အခန်းတွေကိုတော့ ကိုဗစ်အခြေအနေနဲ့ အခုလို အစည်း အဝေးတွေကနေ ရိုက်ကူးခွင့်တွေ ပြန်လည်ရရှိပြီဆိုရင် အမြန်ဆုံး ပြန်လည်ရိုက်ကူးသွားမှာ ဖြစ်ပါတယ်။

ကြုံတွေ့ရမယ့် အခက်အခဲကတော့ တစ်ကမ္ဘာလုံး ကြုံနေတဲ့ ကိုဗစ်-၁၉ အခက်အခဲပဲဖြစ်ပါတယ်။ ရိုက်ကူး ခွင့်ပြုပြီဆိုရင်လည်း အရင်လို မဟုတ်တော့ဘူး၊ ကန့်သတ်ချက်တွေပါတော့မယ်။ လူအင်အားအနည်းအများ အစရှိသဖြင့် ကျန်းမာရေးရှုထောင့်ကနေ လုံခြုံစိတ်ချရမယ့် အခြေအနေ၊ အစီအမံတွေ ဒီလိုတွေနဲ့ဆောင်ရွက်ရမှာ ဖြစ်တဲ့အတွက် အဲဒီအခြေအနေအပေါ် မူတည်ပြီးတော့ ကျန်တဲ့ဇာတ်ဝင်ခန်းတွေကို ရိုက်ကူးသွားရမှာပါ။

ပထမတော့ ဒီ ၂၀၂၀ ပြည့်နှစ်ထဲမှာ ရုံတင်နိုင်ဖို့အတွက် ရည်ရွယ်ချက်ထားပြီး ဆောင်ရွက်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ရိုက်ကူးရေးပြီးခါနီး အခုလို သုံးလ၊ လေးလလောက် ရပ်လိုက်ရတဲ့အတွက် အချိန်ကတော့ သုံးလ၊ လေးလလောက် နောက်ကိုတော့ ရွေ့သွားမှာဖြစ်ပါတယ်။

ဦးဇော်မင်း (မင်္ဂလာရုပ်ရှင်ရုံ)

လောလောဆယ်ပိတ်ထားတဲ့ကာလက သုံးလကျော်၊ လေးလရောက်ခါနီးပြီဆိုတော့ အရှုံးပေါ်လာတယ်။ အဲဒါ တွေကို ပြန်လည်ကုစားဖို့ ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်၊ တင်ပြချက်တွေ ပေါင်းစပ်ပြီး အလုပ်ပူးပေါင်း လုပ်ဆောင် ချင်ပါတယ်။ ရုပ်ရှင်ရုံတွေ ပြန်လည်ပြသခွင့်ရတော့မယ်ဆိုရင် စီးပွားရေးအရ တွက်ခြေကိုက်နိုင်ဖို့ နိုင်ငံတကာရဲ့နည်းကို ယူရပါမယ်။ ဘာပဲပြောပြော အဆိုးထဲကအကောင်း ကို ရသလောက် လုပ်ရမှာဖြစ်ပါတယ်။ ဒီအတိုင်း ရပ်ထားလို့မရပါဘူး။ ရုပ်ရှင်အနုပညာရှင်တွေရဲ့ ဇာတ်ကားတွေ ကောင်းမှ ပြည်သူလူထုကအားပေးမှာ ဖြစ်ပါတယ်။

ဒါရိုက်တာမောင်မျိုးမင်း(ရင်တွင်းဖြစ်)

ရိုက်ကူးရေးဖြစ်ဖို့ဆိုတာ ပြသရေးရှိမှ ဖြစ်မှာပါ။ ပြသရေးမရှိရင် ရိုက်ကူးရေးက မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ပြသရေးကို အရင်လုပ်ရမယ်၊ ရုပ်ရှင်ကားတွေ အများကြီး ရိုက်ထားပြီး မပြသနိုင်ရင် ပိုဆိုးသွားမယ်၊ ပြသရေး ဆောင်ရွက်ရာမှာ ရုပ်ရှင်ရုံချည်း အားကိုးတာမဟုတ်ဘဲ နိုင်ငံခြားမှာဆိုရင် ရုပ်ရှင်ကို Open Theater , Moonlight Theater, Drive-in Theater စသဖြင့် ပုံစံ လေးမျိုးနဲ့ ပြသတာရှိပါတယ်။

Drive-in Theater ဆိုတာက ကွင်းပြင်ကျယ်ကြီးထဲမှာ ကားတွေလာထိုးပြီးပြတာ၊ ကားတွေပေါ်ကနေ ဆင်းစရာ မလိုဘူး၊ ဝင်တာနဲ့ FM နံပါတ်ပေးလိုက်ရင် ရုပ်ရှင်ကို ကားထဲမှာ ကြည့်လို့ရတယ်။ အဲဒီလိုမျိုးဆိုရင်လည်း Social Distancing နဲ့ကိုက်တယ်။ ကိုက်တဲ့အတွက် ဒီအချိန်မှာ အဲဒီလိုမျိုးလည်း ဖြစ်သင့်တယ်။ Open လည်းဖြစ်တယ်။ ငွေဆောင်မှာဆိုရင်လည်း Open Theater တွေလုပ်နေတယ်။ အဲဒီလိုဟာမျိုးတွေ အများကြီး ပေါ်လာလို့ရှိရင် အသက်ရှူနည်းနည်းချောင်မယ်ထင်တယ်။ အဲဒါက တချို့ နေရာတွေမှာဆို ကားအစီး ၄၀၀ လောက် ဆံ့တဲ့နေရာ တွေလည်းရှိတယ်။ တစ်စီးမှာ လေးယောက်နှုန်းနဲ့ဆိုရင် မိသားစုလိုက် လာကြည့်လို့ရတယ်။ ဒါပေမယ့် အဲဒါက တစ်နေ့ကို သုံးပွဲနဲ့ ညမှာပဲ ပြလို့ရမယ်။ အစားအသောက် လည်း တွဲရောင်းလို့ရမှာ ဖြစ်ပါတယ်။

အခုဆိုရင် နိုင်ငံခြားမှာ စတိတ်ရှိုးတွေကို ကားတွေနဲ့ လုပ်နေပြီ၊ နောက်တစ်ခုက Digital ၊ Zoom တွေ၊ application တွေနဲ့ အင်တာဗျူးတွေလုပ်ကြတယ်။ Home to Home တွေ ကျွန်တော်တို့ရိုက်နေကြတယ်၊ တင်ပြကြ တယ်၊ အဲဒီလိုမျိုးတွေ ဖြစ်သွားမယ်။ ဒီရောဂါက လုံးဝ ပျောက်သွားဖို့မလွယ်ဘူး။ HIV လိုပဲ ထိန်းပြီးတော့ သွားကြရမယ်။ နောက်ပိုင်းမှာ ဆေးတွေ့လာမယ်၊ ဆင်ခြင်တာက တော့ ကိုယ်ကဆင်ခြင်ရမှာပါ။ ဆင်ဆင်ခြင်ခြင်နဲ့ ဘယ်လို လုပ်ရမလဲဆိုတာသိသွားတဲ့အတွက် အများကြီးလျော့ကျသွားမှာဖြစ်ပါတယ်။

ဒီနေ့အစည်းအဝေးမှာ ရုပ်ရှင်လောကသားတွေရဲ့ ကျပ်တည်းသွားတဲ့ စီးပွားရေးတွေကို ပြေလည်အောင်၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ လမ်းညွှန်ချက်အရ ဒါတွေကို ဖြည်းဖြည်းချင်း‌ဖြေလျှော့ပြီး အန္တရာယ်ကင်းကင်းနဲ့ လုပ်သွားလို့ရအောင် အဘက်ဘက်က ဝိုင်းဝန်းပံ့ပိုးကူညီ ကြမယ်။ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အကြံပေးချက်တွေအတိုင်း ပူးပေါင်းပါဝင်ကြမယ်၊ ဝိုင်းဝန်းကူညီကြရမှာ ဖြစ်ပါတယ်။ ဒီအချိန်မှာ အားလုံးတစ်ပြိုင်နက်တည်း ရုန်းမှပဲရမှာဖြစ်ပါတယ်။

ရုပ်ရှင်လောကသားတွေ အဓိကကြုံတွေ့နေရတာက စားဝတ်နေရေးပါ။ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကြံ့ကြံ့ခံနိုင်ဖို့လည်း လိုတာပေါ့၊ စားဝတ်နေရေးအဆင်မပြေချိန်မှာ စိတ်ဓာတ်ကျတယ်။ မိသားစုထဲမှာ လိုအပ်ချက်တွေရှိတော့ စိတ်ဓာတ်ကျလာတဲ့အခါ ဘာလုပ်ရမလဲဆိုတာကို စဉ်းစား ရတယ်။ အဓိကကတော့သူတို့ စိတ်ဓာတ်မကျဖို့ပဲ။ ဒါမျိုးက ခဏကြုံရတာမျိုး။ စိတ်ဓာတ်မကျဖို့ အားပေးနေရပေမယ့် တကယ်တမ်း ကြုံဆုံလာရချိန်မှာ ကျွန်တော်တို့အနေနဲ့က အများကြီး ခံသာသေးတယ်။ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့ သူတွေကတော့ တော်တော်အခက်အခဲဖြစ်တယ်။ သူတို့ အတွက် ရုပ်ရှင်ရိုက်ကူးရေးတွေ အမြန်ဆုံးပြန်ရိုက်စေချင် တယ်။ သူတို့ကလည်း အဲဒီလိုမျိုး လုပ်ငန်းပြန်စဖို့ မျှော်လင့်နေတယ်။ ဒီနေ့က ရုပ်ရုပ်ထုတ်လုပ်ရေးနဲ့ ပတ်သက်ပြီး ပြည့်ပြည့်စုံစုံတင်ပြခဲ့ပြီးဖြစ်တယ်။ တင်ပြချက်အပေါ်မှာ အစိုးရကလည်း ကူညီဖို့ရှိတဲ့အတွက် နှစ်ဦးနှစ်ဖက်လုံး အလုပ်ဖြစ်ကြမှာပါ။

ဦးဘိုဆန်း

(BO BO Entertainment & BO BO Film production)

ကိုဗစ်ကာလမှာ ကျွန်တော်တို့ ရုပ်ရှင်လောကသားတွေ အနေနဲ့ အိမ်မှာနေပြီး ဈေးရောင်းနေရတဲ့ဘဝ ဖြစ်နေပါ တယ်။ ၃ လပိုင်းကတည်းက ပိတ်ထားတဲ့အတွက် အားလုံး က အလုပ်လည်းမရှိကြဘူး။ ကိုယ်တွေလုပ်တဲ့ အနုပညာ အလုပ်လည်းမရှိတဲ့အတွက် သင်တန်းတက်တဲ့သူက တက်ပြီး အနုပညာနဲ့ပတ်သက်လို့ လေ့လာတဲ့သူက လေ့လာကြတယ်။ တချို့ကျတော့ စားဝတ်နေရေး အခက်အခဲရှိကြတဲ့အတွက် ဈေးရောင်းတာနဲ့ အွန်လိုင်း ရှော့ပင်လုပ်သူတွေ အများကြီးဖြစ်လာပါတယ်။

ကျွန်တော်တို့ အနုပညာရှင်တွေအနေနဲ့ အဆိုးရွားဆုံး အထိခိုက်ဆုံးဖြစ်ပါတယ်။ ချေးငွေက ရုံရှင်တွေလည်းလိုအပ် သလို ထုတ်လုပ်သူတွေအတွက်လည်း လိုအပ်ပါတယ်။ ရုပ်ရှင်ရုံတွေမှာ ဇာတ်ကားတွေမတင်ရပေမယ့်လည်း ဝန်ထမ်း‌တွေကို လခပေးထားရတယ်။ ဒါကြောင့် ချေးငွေနဲ့ ပြန်လည် လည်ပတ်ဖို့လိုပါတယ်။ စနစ်တကျနဲ့ ရုပ်ရှင်တွေ ပြန်လည်ရိုက်ကူးနိုင်ဖို့ ခွင့်ပြုပေးမယ်ဆိုရင် ခွင့်ပြုပေးလို့ ရပါပြီ။ ကျန်းမာရေးအသိပညာပေးတွေကိုလည်း ကျန်းမာ ရေးနှင့် အားကစားဝန်ကြီးဌာနက လုပ်နေပြီး ပြည်သူလူထုတွေလည်း တော်တော်များများ နားလည်လာ ပြီဖြစ်ပါတယ်။ အဓိကအနေနဲ့ ပြန်မရိုက်ဘူးဆိုရင် ရုပ်ရှင်အစည်းအရုံးမှာ အဖွဲ့ဝင်ပေါင်း တစ်သောင်းလောက်ရှိတယ်။ အဲဒီလူတွေရဲ့ မိသားစုတွေအကုန်လုံး ဒုက္ခရောက်နိုင်ပါတယ်။

သတင်းအဖွဲ့

HOT NEWS
January 4,