ပြည်ထောင်စုလွှတ်တော်

 

ပြည်ထောင်စုလွှတ်တော်တွင် အောက်ပါ လွှတ်တော်နှစ်ရပ်ပါဝင်သည်-

 

(က)  ပုဒ်မ ၁၀၉ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ မြို့နယ်ကို အခြေခံ၍လည်းကောင်း၊ လူဦးရေကို အခြေခံ၍လည်းကောင်း ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များ နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်းတင်သွင်းသော တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် ပြည်သူ့လွှတ်တော်၊

(ခ)  ပုဒ်မ ၁၄၁ ပါ ပြဋ္ဌာန်းချက်များနှင့်အညီ တိုင်းဒေသကြီးများနှင့် ပြည်နယ်များမှ ဦးရေ တူညီစွာ ရွေးကောက်တင်မြှောက်သည့် လွှတ်တော်ကိုယ်စားလှယ်များနှင့် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က အမည်စာရင်း တင်သွင်းသော တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းသည့် အမျိုးသားလွှတ်တော်။


ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ် စုစုပေါင်း (၆၆၄)ဦး


(က)   ပြည်သူ့ရွေးကောက်ခံ           -    ၃၃၀ ဦး
(ခ)    ပြည်သူ့တပ်မတော်သား        -    ၁၁၀ ဦး
(ဂ)    အမျိုးသားရွေးကောက်ခံ       -    ၁၆၈ ဦး
(ဃ)  အမျိုးသားတပ်မတော်သား    -    ၅၆ ဦး

သက်တမ်း

လွှတ်တော်၏သက်တမ်းသည် ပြည်သူ့လွှတ်တော်၏ သက်တမ်းနှင့်အညီ ဖြစ်သည်။ ပြည်သူ့လွှတ်တော်၏ သက်တမ်းကုန်ဆုံးသောနေ့တွင် လွှတ်တော်၏ သက်တမ်းသည်လည်း ကုန်ဆုံးသည်။

ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယကများ၏ တာဝန်ထမ်းဆောင်ခြင်း

(က)  ပြည်သူ့လွှတ်တော် သက်တမ်းတစ်ခု စတင်သည့် နေ့ရက်မှ လပေါင်း ၃၀ ပြည့်မြောက်သည့် နေ့ရက်အထိ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်။ ကျန်သက်တမ်းကာလ အတွက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌတို့သည် ပြည်ထောင်စုလွှတ်တော် နာယကနှင့် ဒုတိယနာယက တာဝန်ကိုပါ ထမ်းဆောင်ရမည်၊
(ခ)  ပြည်ထောင်စုလွှတ်တော်နာယကသည် နာယကတာဝန်ကို ထမ်းဆောင်နိုင်စွမ်းမရှိသည့်အခါ ဒုတိယနာယကသည် နာယကတာဝန်ကို ယာယီ ထမ်းဆောင်ရမည်။

ပြည်ထောင်စုလွှတ်တော်နာယက၏ လုပ်ငန်းတာဝန်

ပြည်ထောင်စုလွှတ်တော်နာယကသည် -

(က) ပြည်ထောင်စုလွှတ်တော် အစည်းအဝေးများကို ကြီးကြပ်ကွပ်ကဲရမည်၊
(ခ)  ပြည်ထောင်စုလွှတ်တော် အစည်းအဝေးသို့ တက်ရောက်၍ မိန့်ခွန်းပြောကြားလိုကြောင်း နိုင်ငံတော်သမ္မတက အကြောင်းကြားလျှင် နိုင်ငံတော်သမ္မတအား ဖိတ်ကြားရမည်၊
(ဂ) ပြည်ထောင်စုလွှတ်တော် အစည်းအဝေး၌ ဆွေးနွေးဆောင်ရွက်ဆဲ အကြောင်းအရာ တစ်ရပ်ရပ်နှင့်စပ်လျဉ်း၍ လိုအပ်လျှင် ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဖွဲ့စည်းသည့် ပြည်ထောင်စု အဆင့် အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကိုယ်စားပြုသော အဖွဲ့အစည်းများ သို့မဟုတ် ပုဂ္ဂိုလ်များကို ပြည်ထောင်စု လွှတ်တော်သို့ တက်ရောက်ရှင်းလင်း တင်ပြစေရန် ဖိတ်ကြားခွင့် ရှိသည်၊
(ဃ)  ဖွဲ့စည်းပုံအခြေခံဥပဒေအရသော်လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရသော်လည်းကောင်း သတ်မှတ်ထားသည့် အခြားတာဝန်နှင့် လုပ်ပိုင်ခွင့်များကို ဆောင်ရွက်ရမည်။

ပြည်ထောင်စုလွှတ်တော်၏ ဆောင်ရွက်ချက်များ

ပြည်ထောင်စုလွှတ်တော်အစည်းအဝေး၌ အောက်ပါကိစ္စရပ်များကိုဆောင်ရွက်သည် -
(က)  နိုင်ငံတော်သမ္မတပြောကြားသည့် မိန့်ခွန်းကို မှတ်တမ်းတင်ခြင်း။
(ခ)  နိုင်ငံတော်သမ္မတက ပေးပို့သော သဝဏ်လွှာနှင့် နာယက က ခွင့်ပြုသော အခြားသဝဏ်လွှာ များကို ဖတ်ကြားခြင်း၊ မှတ်တမ်းတင်ခြင်း။
(ဂ)  ဥပဒေကြမ်းတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း။
(ဃ)  ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားသည့် ဥပဒေကြမ်းတစ်ရပ်ရပ်နှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတ၏ သဘောထားမှတ်ချက်များကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း။
(င)  ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များအရ ပြည်ထောင်စုလွှတ်တော်က ဆောင်ရွက်ရမည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း။
(စ)  ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းသည့် အစီရင်ခံစာများကို ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း၊ မှတ်တမ်းတင်ခြင်း။
(ဆ)  အဆိုတင်သွင်းခြင်း၊ ဆွေးနွေးခြင်း၊ ဆုံးဖြတ်ခြင်း။
(ဇ)  မေးခွန်းမေးမြန်းခြင်း၊ ဖြေကြားခြင်း။
(ဈ)  ပြည်ထောင်စုလွှတ်တော်နာယက က ခွင့်ပြုသည့် ကိစ္စရပ်များနှင့်စပ်လျဉ်း၍ ဆောင်ရွက်ခြင်း။

Website လိပ်စာ

https://pyidaungsu.hluttaw.mm

လွှတ်တော်လေ့လာရေး Online Registration

https://pyidaungsu.hluttaw.mm/visitors/register