ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
ငလျင်ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများ ဖြစ်ပေါ်ခဲ့သည့်ဒေသများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အင်တိုက်အားတိုက် ဆက်လက်ဆောင်ရွက်လျက်ရှိ
Ministry of Information/ Naypyitaw / May 13, 2025

နေပြည်တော် မေ ၁၃
မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပျက်စီးခဲ့ရသည့် နေရာများ၌ ကူညီကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို အဖွဲ့အစည်းအသီးသီးက ဒေသခံပြည်သူများနှင့် ပူးပေါင်း၍ အင်တိုက်အားတိုက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် ပျက်စီးမှုများဖြစ်ပေါ်ခဲ့သည့် စစ်ကိုင်းမြို့ရှိ အစိုးရဌာနဆိုင်ရာအဆောက်အဦများ၊ လူနေရပ်ကွက်နှင့် အိမ်များ၊ သာသနိကအဆောက်အဦနေရာများ၌ အပျက်အစီးများ ရှင်းလင်းဖယ်ရှားနေမှုများနှင့် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်ရန် စီစဉ်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
ဆက်လက်ပြီး ဒုတိယဗိုလ်ချုပ်ကြီး သက်ပုံနှင့် တာဝန်ရှိသူများသည် ပါရမီရပ်ကွက်ရှိ နှစ်(၇၀၀)ပြည့်အားကစားခန်းမ၌ ငလျင်ဒဏ်သင့်ပြည်သူများအတွက် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနက ဆန်ရိက္ခာဖိုး၊ အိမ်ဆောက်ပစ္စည်းဖိုး၊ သေဆုံး/ဒဏ်ရာရ မိသားစုဝင်များအတွက် ထောက်ပံ့ငွေငွေကျပ်(၂၁,၃၆၅,၀၀၀)၊ အာဆီယံလူသားချင်း စာနာထောက်ထားမှုကူညီရေးညှိနှိုင်းမှုဗဟိုဌာန(AHA Center)က မီးဖိုချောင်းသုံးပစ္စည်းများနှင့် တရုတ်နိုင်ငံက တစ်ကိုယ်ရည်သုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်၍ နိုင်ငံတော်ကထောက်ပံ့ပေးသော ငွေကြေးများ၊ ထောက်ပံ့ပစ္စည်းများ၊ ရိက္ခာများနှင့်ပတ်သတ်ပြီး အသေးစိတ်ရှင်းလင်းပြောကြားပြီး ပြည်သူများလက်ဝယ်သို့အရောက် ထောက်ပံ့ပေးအပ်သည်။ ထို့နောက် ငလျင်ဘေးဒဏ်သင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်း အရောင်းပြခန်း၌ ပြည်သူများ စည်းကာသိုက်မြိုက်စွာ ဝယ်ယူနေမှုတို့ ကိုကြည့်ရှုအားပေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
အလားတူကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးမိုးအောင်သည် တာဝန်ရှိသူများသည် ငလျင်ဒဏ်ကြောင့် မီးလောင်ပြိုကျပျက်စီးခဲ့သော မန္တလေးတက္ကသိုလ်ပင်မဆောင်ရှိ အပျက်အစီးများ ဖယ်ရှားရှင်းလင်းဆဲအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေး၍ ဆရာ/ ဆရာမများအတွက် စားသောက်ဖွယ်ရာများပေးအပ်ပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
၎င်းနောက် ချမ်းအေးသာစံမြို့နယ်၊ ၇၃လမ်းနှင့် လမ်း ၃၀ ထောင့်ရှိ ယခင် မင်္ဂလာဈေးနေရာတွင် ငလျင်ဘေးသင့်ပြည်သူများအတွက် အိမ်ဆောက်ပစ္စည်းများကို စက်ရုံထုတ်အထူးဈေးနှုန်းဖြင့် ပြင်ပပေါက်ဈေးထက်သက်သာစွာ ရောင်းချပေးနေမှုအခြေအနေများကိုလည်းကောင်း၊ လာရောက်ဝယ်ယူကြသည့် ပြည်သူများနှင့်တွေ့ဆုံ၍ လွတ်လပ်လွယ်ကူစွာ ဝယ်ယူနိုင်မှု ရှိ/မရှိ အခြေအနေများကိုလည်းကောင်း မေးမြန်းအားပေးစကားပြောကြားပြီး အိမ်ဆောက်ပစ္စည်းများ အဆင်ပြေချောမွေ့စွာ ဝယ်ယူနိုင်ရေးအတွက် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
ထို့အတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး စိုးတင့်နိုင်နှင့် တာဝန်ရှိသူများသည် မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်ရှိ သာသနိကအဆောက်အဦနေရာများ၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အပျက်အစီးများအား စက်ယန္တရားကြီးများဖြင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုများ၊ ဘုရားစေတီပုထိုးများတွင် ရှေးမူမပျက် ပြန်လည်ပြုပြင်တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်နေမှုအခြေအနေများနှင့် အပျက်အစီးများ ဖယ်ရှားရှင်းလင်းစဉ် တွေ့ရှိရသော ဋ္ဌာပနာပစ္စည်းများ စနစ်တကျအပ်နှံထားရှိမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး အလှူငွေများ ပေးအပ်လှူဒါန်းကာ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ အမြန်ဆုံးဆောင်ရွက်နိုင်ရေးတို့အတွက် တာဝန်ရှိသူများအား မှာကြားသည်။
၎င်းနောက် အမရပူရမြို့နယ်ရှိ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ငလျင်ဒဏ်ကြောင့် ပြိုကျပျက်စီးသွားသော အပျက်အစီးများ ဖယ်ရှားရှင်းလင်းနေမှုအခြေအနေများကို ကြည့်ရှု၍ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုရန်အတွက် စခန်းသွင်းလေ့ကျင့်သင်ကြားနေသည့် ကျောင်းသား/ကျောင်းသူများနှင့် ဆရာ/ဆရာမများအား တွေဆုံအားပေးစကားပြောကြားပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
အလားတူ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း)မှ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်သည် ကျောက်ဆည်မြို့၊ ရွှေမုဋ္ဌောဘုရားရင်ပြင်၌ ပြိုကျပျက်စီးသွားသော သာသနိကအဆောက်အအုံများနှင့် ဂန္ဓာကုဋီတိုက်များ၊ ငလျင်ဒဏ်ကြောင့် တိမ်းစောင်းသွားသော ကျောက်သေတ္တာစေတီ၌ မိုးရွာသွန်းမှုများကြောင့် စေတီအောက်ခြေရေမဝင်ရောက်စေရေးအတွက် ပလပ်စတစ်အမိုးများ ဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ရေတိုက်စားမှုမဖြစ်ပေါ်စေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများအား သွားရောက်ကြည့်ရှုစစ်ဆေး၍ ဘုရားပရဝဏ်အတွင်း ဝိုင်းဝန်းလုပ်အားပေးဆောင်ရွက်နေသော မီးသတ်တပ်ဖွဲ့ဝင်များနှင့် လူမှုကူညီရေးအသင်းအဖွဲ့များအား စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ထို့နောက် ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဆီဆုံကျေးရွာအုပ်စုအတွင်းရှိ ငလျင်ဘေးဒဏ်ကြောင့် ပျက်စီးသွားသော ဘုရားစေတီများ၊ သာသနိကအဆောက်အအုံများနှင့် လူနေအဆောက်အအုံများ ပြန်လည်ပြုပြင်တည်ဆောက်ရေးအတွက် လိုအပ်လျက်ရှိသော ဆောက်လုပ်ရေးပစ္စည်းများအား စက်ရုံထုတ် အထူးဈေးနှုန်းဖြင့် ရောင်းချပေးနေမှုအခြေအနေများနှင့် Modular House များ ဆောက်လုပ်နေမှုအခြေအနေများကို သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ရွာခိုင်ရပ်ကွက်ရှိ တိုက်ကျောင်းပရိယတ္တိစာသင်တိုက် မြို့နယ်သံဃနာယကအကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္ဒဦးဝရသာမိအား ဖူးမြော်ကာ လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လှူဒါန်းပြီး ငလျင်ဒဏ်ကြောင့် ပျက်စီးသွားသော သာသနိကအဆောက်အအုံများ၊ ဘုရားစေတီများ ပြန်လည်ပြုပြင်မွမ်းမံရေးကိစ္စရပ်များနှင့်စပ်လျဉ်းပြီး တာဝန်ရှိသူများနှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးသည်။
၎င်းနောက် ဘဲလင်းအကျဉ်းဦးစီးဌာန(၁)နှင့် ဘယ်လင်းအကျဉ်းဦးစီးဌာန(၂)တို့ရှိ ငလျင်ဒဏ်ကြောင့် ထိခိုက်ပျက်စီးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။



ငလျင်ဒဏ်ကြောင့်ပျက်စီးသွားသော အဆောက်အဦ၊ လမ်း၊ တံတားများအတွက် ပျက်စီးမှုအမျိုးအစားနှင့် ပျက်စီးမှုပုံစံများအလိုက် ပြန်လည်ပြုပြင်ရာတွင် လိုက်နာဆောင်ရွက်ရမည့် လုပ်ထုံးလုပ်နည်းနှင့်...
Posted on May 13, 2025Travel Advisory (1/2025)
Posted on May 12, 2025ခရီးသွားအကြံပြုချက် (၁/၂၀၂၅)
Posted on May 12, 2025