စားရေးအတွက်ဖြည့်ဆည်းပေးသည့် တောင်သူလယ်သမားများအား ဂုဏ်ပြု
စားရေးအတွက်ဖြည့်ဆည်းပေးသည့် တောင်သူလယ်သမားများအား ဂုဏ်ပြု
Ministry of Information/ Naypyitaw / March 03, 2026
မတ်လ ၂ ရက်နေ့သည် တောင်သူလယ်သမားဦးကြီးများကို လေးစားဂုဏ်ပြုသည့် တောင်သူလယ်သမားနေ့ဖြစ်သည်။ ပြည်သူများ နေ့စဉ်စားရေးအတွက် တောင်သူလယ်သမားဦးကြီးများသည် နေပူမိုးရွာမရှောင် အပင်ပန်းအဆင်းရဲခံ၍ ကြိုးပမ်းလုပ်ကိုင်နေကြသည်ကို လေးစားဂုဏ်ပြုသောအားဖြင့်လည်းကောင်း၊ တောင်သူလယ်သမားများ လူမှုစီးပွားဘဝ မြင့်မားတိုးတက်ရေးအတွက် အားပေးမြှင့်တင်သောအားဖြင့်လည်းကောင်း နှစ်စဉ်နှစ်တိုင်း ဤနေ့ဤရက်တွင် အထူးဂရုပြုဆောင်ရွက်ပေးကြရမည်ဖြစ်သည်။
ပြည်သူများအနေဖြင့် နေ့စဉ်နေ့တိုင်း အာဟာရဖြည့်တင်းစားသုံးကြရသည့် ဆန်ဖြစ်လာအောင် စပါးစိုက်ပျိုးပေးသည့် တောင်သူများဘဝကို သိရှိနားလည် သဘောပေါက်ကြသည်နှင့်အမျှ တောင်သူလယ်သမားဦးကြီးများအား စာနာထောက်ထားလေးစားခြင်း၊ ကျေးဇူးတင်ရှိခြင်းတို့ဖြစ်ပေလိမ့်မည်။ မြန်မာနိုင်ငံသည် စိုက်ပျိုးရေးကိုအခြေခံသော နိုင်ငံဖြစ်သည်နှင့်အညီ ဆန်စပါးအထွက်တိုးအောင် ကြိုးပမ်းဆောင်ရွက်ကြသည့် တောင်သူလယ်သမားများ၏ စွမ်းပကားများ မြင့်မားတိုးတက်လာအောင် ဝိုင်းဝန်းဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံရှိ လူဦးရေ ၇၀ ရာခိုင်နှုန်းခန့်သည် ကျေးလက်ဒေသများတွင် နေထိုင်ကြပြီး ကျေးလက်နေပြည်သူအများစုသည် စပါးအပါအဝင် သီးနှံအမျိုးမျိုး စိုက်ပျိုးလုပ်ကိုင်ကြသည်။ သီးနှံအထွက်နှုန်းတိုးရေး ပန်းတိုင်ရည်မှန်းချက်ပြည့်မီပါလျှင် ပြည်သူများအတွက် စားရေရိက္ခာဖူလုံပြီး တောင်သူများ၏ လူမှုစီးပွားဘဝများလည်း ဖွံ့ဖြိုးတိုးတက်လာမည်သာမက နိုင်ငံ့စီးပွားလည်း မြင့်မားတိုးတက်လာမည်ဖြစ်သည်။ မြန်မာနိုင်ငံသည် တစ်ချိန်သောကာလက ပြည်ပသို့ ဆန်စပါးတင်ပို့မှုတွင် ကမ္ဘာ့အဆင့်နံပါတ်(၁) ဖြစ်ခဲ့သည်။ နိုင်ငံ့စီးပွားရေးတွင် ဆန်စပါးမှ ဝင်ငွေအများဆုံးရရှိခဲ့သည်။ မျက်မှောက်ကာလတွင် ရာသီဥတုအပါအဝင် အခက်အခဲအကြောင်းအမျိုးမျိုးကြောင့် ကမ္ဘာ့အဆင့်မှ လျော့ကျခဲ့သည်။
မြန်မာနိုင်ငံသည် ရေခံမြေခံကောင်းများရှိပြီး စိုက်ပျိုးရေ၊ စိုက်ပျိုးမြေလုံလောက်အောင်ရှိသည်။ မျက်မှောက်ကာလတွင် နိုင်ငံတော်အကြီးအကဲက စိုက်ပျိုးသီးနှံအထွက်တိုးရေး၊ ပန်းတိုင်ရည်မှန်းချက်ပြည့်မီရေး တွန်းအားပေး ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ နိုင်ငံတော်က မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးနည်းဖြင့် သီးနှံများ ပန်းတိုင်အထွက်နှုန်းပြည့်မီပြီး တောင်သူလယ်သမားများ စီးပွားရေးကောင်းမွန်ရေးအတွက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။ ပြည်သူများ စားရေရိက္ခာဖူလုံရေး၊ နိုင်ငံတော်စီးပွားတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးရေးအခြေခံသည် တောင်သူများလက်ဝယ်တွင်ရှိသည်ကို နားလည်ထားကြသည်။ တောင်သူလယ်သမားများသည် နိုင်ငံတော်၏ စီးပွားရေးမဏ္ဍိုင်ကို အဓိကထောက်မထားသည့် အင်အားစုကြီးဖြစ်သည်။
တောင်သူတို့၏ လယ်ယာမြေမှထွက်ရှိသော သီးနှံမျိုးစုံတို့သည် ပြည်တွင်းစားသုံးမှုအတွက်သာမက ပြည်ပဈေးကွက်အထိ ထိုးဖောက်နိုင်သည့် စွမ်းပကားများရှိသည်။ နိုင်ငံ၏ စုစုပေါင်းပြည်တွင်းအသားတင်ထုတ်ကုန် (GDP) တွင် စိုက်ပျိုးရေးကဏ္ဍမှ ၂၀ ရာခိုင်နှုန်းမှ ၂၅ ရာခိုင်နှုန်းအထိ ပါဝင်နေသည်။ ပြည်ပနိုင်ငံများသို့ ဆန်စပါး၊ ပဲမျိုးစုံ၊ ပြောင်း၊ ရော်ဘာ စသည့်ထွက်ကုန်သီးနှံများကို တင်ပို့ခြင်းဖြင့် နိုင်ငံတော်အတွက်လိုအပ်သော နိုင်ငံခြားငွေများကို ရှာဖွေပေးနေသည်။ သို့သော် အကြောင်းအမျိုးမျိုးကြောင့် သီးနှံအထွက်နှုန်း ပန်းတိုင်ရည်မှန်းချက်မပြည့်မီသည့် အခြေအနေအရပ်ရပ်အား ဝိုင်းဝန်းညှိနှိုင်းအဖြေရှာပြီး ပြုပြင်ပြောင်းလဲ ဆောင်ရွက်ကြရမည်ဖြစ်သည်။ ပန်းတိုင်ရည်မှန်းချက်မပြည့်မီသဖြင့် နှစ်စဉ်ကျပ်ငွေ ရှစ်ဘီလီယံ ခန့် နစ်နာလျက်ရှိသည်။
တောင်သူလယ်သမားများသည် နေပူမိုးရွာမရှောင် အခြားသူများ မလုပ်ကိုင်နိုင်သည့်အလုပ်ကို လုပ်နေကြရသည်။ တောင်သူများလုပ်ကိုင်နေသည့် စိုက်ပျိုးရေးလုပ်ငန်းသည် ကုသိုလ်လည်းရ ဝမ်းလည်းဝသည့် မွန်မြတ်သောလုပ်ငန်းများဖြစ်သည်။ တောင်သူများ ပင်ပန်းဆင်းရဲစွာ လုပ်ကိုင်ရသည့် မိရိုးဖလာလုပ်ငန်းများကို စက်မှုလယ်ယာစနစ်သို့ အပြည့်အဝကူးပြောင်းပြီး သက်သာချောင်ချိအောင် လုပ်ဆောင်ပေးကြရမည်ဖြစ်သည်။ မျိုး၊ မြေ၊ ရေ၊ နည်း ဤလေးနည်းဖြင့် မြှင့်တင်ပေးကြရမည်ဖြစ်သည်။ စိုက်ပျိုးစရိတ်ချေးငွေများ အပြည့်အဝထုတ်ချေးပေးရမည်ဖြစ်သည်။ သင့်တင့်မျှတသော သီးနှံဈေးကွက်ဖော်ဆောင်ပေးပြီး တွက်ခြေကိုက်အောင် ဆောင်ကြဉ်းပေးကြရမည်ဖြစ်သည်။ တောင်သူလယ်သမားများဘဝကို အဘက်ဘက်မှ ဖြည့်ဆည်းပေးနိုင်မှသာ တောင်သူများဘဝမြင့်မားပြီး နိုင်ငံ့စီးပွားလည်း တိုးတက်မြင့်မားလာမည်ဖြစ်သည်။
သို့ဖြစ်ရာ တောင်သူလယ်သမားဦးကြီးများသည် ပြည်သူများ နေ့စဉ်စားရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိသည့် ကျေးဇူးရှင်များဖြစ်သည်။ တိုင်းပြည်စီးပွား မြင့်မားတိုးတက်ရေးအတွက် ဖြည့်ဆည်းဆောင်ရွက်ပေးနေသော အင်အားစုကြီးဖြစ်သည်။ တောင်သူများ၏ ကုန်ထုတ်လုပ်ငန်းများ မြင့်မားတိုးတက်လာမှသာ နိုင်ငံ့စီးပွားရေးမြင့်မားတိုးတက်လာမည်ဖြစ်၍ နိုင်ငံတစ်ဝန်းရှိ တောင်သူလယ်သမားများအား ဂုဏ်ပြုသောအားဖြင့် လိုအပ်ချက်များကို ဝိုင်းဝန်းဖြည့်ဆည်းဆောင်ရွက်ပေးကြရမည်ဖြစ်ပါကြောင်း။ ။
ဂုဏ်ထူးဆောင်ဘွဲ့များ ချီးမြှင့်အပ်နှင်း
Posted on Mar 2, 2026မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်၏ သတင်းထုတ်ပြန်ချက် ( ၂ /၂၀၂၆ )
Posted on Mar 2, 2026အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း
Posted on Mar 2, 2026အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ ၅ဝ(ည)၊ ၅၂(က) ဖြင့် ကြားနာစစ်ဆေးဆဲအမှုများကိုပိတ်သိမ်းခြင်း
