ဒီဖိုရမ်ကနေ လူငယ်တွေအတွက် အနာဂတ်မှာ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ စတင်လမ်းဖွင့်ပေးတာဖြစ်တယ်လို့ ထင်မြင်မိပါတယ်၊၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကတစ်ဆင့် ပန်းတိုင်းပွင့်ပါစေ၊ ပွင့်သောပန်းတိုင်း လန်းပါစေ၊ လန်းသောပန်းတိုင်းမွှေးပါစေလို့ ဆုတောင်းပေးပါတယ်

ဒီဖိုရမ်ကနေ လူငယ်တွေအတွက် အနာဂတ်မှာ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ စတင်လမ်းဖွင့်ပေးတာဖြစ်တယ်လို့ ထင်မြင်မိပါတယ်၊၊ လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကတစ်ဆင့် ပန်းတိုင်းပွင့်ပါစေ၊ ပွင့်သောပန်းတိုင်း လန်းပါစေ၊ လန်းသောပန်းတိုင်းမွှေးပါစေလို့ ဆုတောင်းပေးပါတယ်


Ministry of Information/ Naypyitaw / January 16, 2026
image_latest


မောင်ဥက္ကာမင်း

လူငယ်ငြိမ်းချမ်းရေးဖိုရမ် (၂၀၂၆) ကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန - ၁ (MICC-I) ၌ သုံးရက်တာကျင်းပခဲ့ပြီး ဖိုရမ်တတိယနေ့တွင် ဖိုရမ်၏ အဓိကအရေးအကြီးဆုံးအပိုင်းဖြစ်သည့် လူငယ်ကွန်ရက်ဖွဲ့စည်းခြင်း၊ ချိတ်ဆက်ခြင်း၊ ကွန်ရက်အလိုက် စီမံချက်၊ အဆိုပြုချက်များ တင်ပြဆွေးနွေးခြင်း၊ ဆွေးနွေးချက်များအပေါ် ပညာရှင်များက အကြံပြုဆွေးနွေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြသည်၊၊

ဖိုရမ်ကျင်းပသည့် သုံးရက်တာ ဆွေးနွေးမှုများမှတစ်ဆင့် ထွက်ပေါ်လာသည့် ငြိမ်းချမ်းရေးနှင့် အနာဂတ်လူငယ်ကြေညာစာတမ်းနှင့် ဖိုရမ်မှ  အကြံပြုချက်များကိုစုစည်းပြီး အနာဂတ်နိုင်ငံ တည်ဆောက်ရေးတွင် ထည့်သွင်းဆောင်ရွက်သွားမည်ဖြစ်သည်၊၊

ထိုကဲ့သို့ ဖိုရမ်သုံးရက်တာအတွင်း တက်တက်ကြွကြွ ပါဝင်ဆွေးနွေးခဲ့ကြသည့် လူငယ်များ၏ အမြင်သဘောထားဆန္ဒများ၊ မျှော်မှန်းချက်များကို စုစည်း ဖော်ပြအပ်ပါသည်၊၊

မောင်ခွန်မင်းဇော်အောင် ရှမ်းပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်

လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ လူငယ်တစ်ယောက်အနေနဲ့ ပါဝင်တက်ရောက်ခွင့်ရလို့ အင်မတန်ဂုဏ်ယူမိပါတယ်၊၊ လူငယ်တွေရဲ့အားက နိုင်ငံတော်အတွက် တစ်ထောင့်တစ်နေရာကနေ အထောက်အကူပြုမယ်လို့ မျှော်လင့်မိပါတယ်၊၊ လူသားအရင်းအမြစ်ဖြစ်တဲ့ လူငယ်တွေကပဲ နောင်လာမယ့်အနာဂတ်မှာ ပခုံးပြောင်းတာဝန်ယူပြီး လုပ်ဆောင်သွားရမှာဖြစ်တဲ့အတွက် လူငယ်တွေရဲ့ အခန်းကဏ္ဍကို မြှင့်တင်ပေးတာက နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တစ်ဆင့်မြှင့်တင်တာလည်းဖြစ်တယ်လို့ ထင်မြင်မိပါတယ်၊၊

မမေမြတ်နိုးဦးရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်

ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်မယ့် လူငယ်တိုင်းအနေနဲ့ လူငယ်တွေရဲ့ကြားမှာ ယုံကြည်မှုကို အရင်တည်ဆောက်ရမယ်လို့ ထင်မြင်မိပါတယ်၊၊ မိမိကိုယ်တိုင် ငြိမ်းချမ်းစွာ နေထိုင်နိုင်အောင် ကြိုးစားရမယ်၊၊ ဒီကနေတစ်ဆင့် ကိုယ့်ပတ်ဝန်းကျင်၊ ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသ၊ ကိုယ့်မြို့နယ်ကို ငြိမ်းချမ်းအောင် လုပ်ဆောင်သွားရမှာဖြစ်ပါတယ်၊၊ ဒါမှသာ ငြိမ်းချမ်းတဲ့ နိုင်ငံတော်သစ်ကြီးကို သွားနိုင်မှာပါ၊၊ ဒီအတွက် နိုင်ငံအတွင်းမှာရှိတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမအားလုံး အတူတကွစုပေါင်းပြီး နိုင်ငံမှာရှိနေတဲ့ ပဋိပက္ခတွေကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ဖြေရှင်းကြမယ်ဆိုရင် ငြိမ်းချမ်းသာယာလှပတဲ့ နိုင်ငံတော်သစ်ကြီးဆီကို ရောက်နိုင်မှာဖြစ်ပါတယ်၊၊

လူငယ်တစ်ယောက်အနေနဲ့ အခုအချိန်ကစပြီး နိုင်ငံတော်ကြီးဖွံ့ဖြိုးတိုးတက်ဖို့၊ တည်ငြိမ်အေးချမ်းဖို့ ကိုယ်တတ်နိုင်တဲ့ဘက်ကနေ တစ်ထောင့်တစ်နေရာကနေ တတ်စွမ်းသမျှ ဝိုင်းဝန်းပူးပေါင်းပါဝင် ဆောင်ရွက်သွားပါ့မယ်၊၊ ဒီဖိုရမ်မှာ လူငယ်တွေဆွေးနွေးတင်ပြသွားကြတဲ့ အခန်းကဏ္ဍတွေကို လူကြီးတွေအနေနဲ့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက်ပေးနိုင်မယ်လို့ ယုံကြည်မျှော်လင့်မိပါတယ်၊၊

မမေထက်နိုင် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် လူငယ်ကိုယ်စားလှယ်

ငြိမ်းချမ်းရေးဆိုတာ တစ်ဦးနဲ့တစ်ဦး တစ်ယောက်နဲ့ တစ်ယောက်ယုံကြည်မှုကနေ စတင်တာဖြစ်ပါတယ်။ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတွေရရှိ လာပြီဆိုရင်ငြိမ်းချမ်းရေးလမ်းကို အတူတကွ လျှောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။ ငြိမ်းချမ်းပြီဆိုရင်မတူညီတာတွေအားလုံးကို အတူတကွ ပူးပေါင်းဖြေရှင်းသွားနိုင်မှာ ဖြစ်ပါတယ်။ ဒီနေ့လူငယ်ငြိမ်းချမ်းရေး ဖိုရမ်ကနေစပြီး နိုင်ငံရဲ့ပဋိပက္ခတွေကို အတတ်နိုင်ဆုံးဖြေရှင်းပေးနိုင်မယ်လို့လည်း ယုံကြည်မိပါတယ်၊၊

ဒါကြောင့် လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကနေလူငယ်တွေက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို သိရှိနားလည်ပြီး တိုင်းရင်းသားလူမျိုးစုတွေရဲ့ အခက်အခဲတွေ၊ ပဋိပက္ခတွေ ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတွေကို တွေးခေါ်နားလည်ပြီးတော့ နယ်မြေဒေသဖွံ့ဖြိုးတိုးတက်အောင်၊ ငြိမ်းချမ်းမှုတွေရရှိအောင် လုပ်ဆောင်ပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်။

မဆုဆုပြည့်ဖြိုး မွန်ပြည်နယ်ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်

လူငယ်ငြိမ်းချမ်းရေးဖိုရမ်ကနေ ငြိမ်းချမ်းရေးအခန်းကဏ္ဍတွေမှာ အတွေ့အကြုံတွေ များစွာရှိကြတဲ့ ပညာရှင်တွေ၊ လူကြီးတွေဆီကနေ ငြိမ်းချမ်းရေးဆိုင်ရာ အသိပညာဗဟုသုတတွေ၊ အတွေ့အကြုံတွေ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် သမိုင်းကြောင်းတွေရဲ့ သင်ခန်းစာတွေ၊ တစ်ဦးနဲ့တစ်ဦး ယုံကြည်မှုတည်ဆောက်နိုင်ဖို့ ခက်ခဲနေတဲ့ အပိုင်းတွေ၊ ပဋိပက္ခတွေရဲ့ဆိုးကျိုးတွေကို လူငယ်တွေ သိမြင်ခံစားရတယ်။ ဒီကနေ့သိမြင်ခံစားရတာ တွေကို ဒီမှာတင်ရပ်မနေဘဲ လူငယ်တွေရဲ့အားနဲ့ ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို ရှာသွားကြရမယ်လို့ ထင်ပါတယ်၊၊

ဒီဖိုရမ်မှာ ခိုင်မာသောစီးပွား ရေးအခြေခံအုတ်မြစ်၊ AI စနစ် ထူထောင်ရေးနဲ့ ထိရောက်သော သတင်းမှန်ပြန်ကြားရေးလုပ်ငန်းတွေမှာ လူငယ်တွေရဲ့ ပါဝင်နိုင်မှုတွေကို ထပ်ဆောင်းလေ့လာခဲ့ရပါတယ်။ လူငယ်တွေအနေနဲ့ လူမျိုးပေါင်းစုံအတူယှဉ်တွဲနေထိုင်ရေးကို အားပေးတဲ့ ယဉ်ကျေးမှုဖလှယ်ရေးနဲ့ အားကစားအစီအစဉ်တွေ၊ စီးပွားရေးနဲ့ အလုပ်အကိုင်အခွင့်လမ်းတွေရရှိနိုင်မယ့် Project လုပ်ငန်းတွေ၊ ကျန်းမာရေး၊ စိတ်ပိုင်းဆိုင်ရာ ပံ့ပိုးပေးမှုတွေ၊ ပညာရေး၊ လူမှုရေးနဲ့ စွန့်ဦးတီထွင်မှုဆိုင်ရာ အတွေးအခေါ်တွေကို ကဏ္ဍအစုံကနေ ဆွေးနွေးသွားကြ တာကိုလည်း တွေ့မြင်ခဲ့ရပါတယ်၊၊

ဖိုရမ် တက်ရောက်ကြတဲ့ လူငယ်တွေအနေနဲ့ ကိုယ့်ဒေသကိုယ်ပြန်လည်ရောက်ရှိတဲ့အခါ လေ့လာခဲ့ရတဲ့ ငြိမ်းချမ်းရေး၊ စီးပွားရေးနဲ့ နည်းပညာတွေကို ဒေသခံလူငယ်တွေဆီထပ်ဆင့် ရောက်ရှိအောင် ပြန်လည်မျှဝေသွားကြပါလို့ တိုက်တန်းအကြံပြုချင်ပါတယ်၊၊

မောင်ဥက္ကာမင်း ဝန်ကြီးဌာန ကိုယ်စားပြု လူငယ်ကိုယ်စားလှယ်

သုံးရက်တာကျင်းပတဲ့ လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေက လူငယ်လူရွယ်တွေ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူတွေ၊ ကဏ္ဍအစုံကနေပါဝင်တက်ရောက်ကြတာကိုလည်း တွေ့မြင်ရပါတယ်၊၊ ဒီဖိုရမ်က လူငယ်တွေရဲ့ ထင်မြင်ယူဆချက်တွေ၊ သဘောထားအမြင်တွေကို အလေးနက်ထားပြီး ရယူနေတာဖြစ်တယ်လို့ ထင်မြင်မိပါတယ်၊၊

ဒီဖိုရမ်ကနေ လူငယ်တွေအတွက် အနာဂတ်မှာ နိုင်ငံတည်ဆောက်ရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအခန်းကဏ္ဍတွေမှာ ပါဝင်ဆောင်ရွက်နိုင်ဖို့ စတင်လမ်းဖွင့်ပေးတာဖြစ်တယ်လို့ ထင်မြင်မိပါတယ်၊၊ လူငယ်နဲ့ငြိမ်းချမ်းရေး ဖိုရမ်မှတစ်ဆင့်ပန်းတိုင်းပွင့်ပါစေ ပွင့်သောပန်းတိုင်းလန်းပါစေ၊ လန်းသောပန်းတိုင်းမွှေးပါစေလို့ ဆုတောင်းပေးပါတယ်၊၊

မထက်ထက်ဝင်း မကွေးတိုင်းဒေသကြီးကိုယ်စားပြု လူငယ်ကိုယ်စားလှယ်

လူငယ်တွေရဲ့ စွမ်းအားတွေက ဘယ်လောက်အထိ ကြီးမားလဲ၊ ဘယ်လောက်အထိ လုပ်ဆောင်နိုင်တယ်ဆိုတာကို လူငယ်ငြိမ်းချမ်းရေးဖိုရမ်မှာ ဆွေးနွေးသွားကြတဲ့ လူငယ်တွေရဲ့ ဆွေးနွေးမှုတွေကို ကြည့်ခြင်းအားဖြင့် တွေ့မြင်ရပါတယ်။ ဒီငြိမ်းချမ်းရေးဖိုရမ်က အနာဂတ်နိုင်ငံတည်ဆောက်ရေးအတွက် လူငယ်တွေအားနဲ့စတင်မယ့် ပါဝင်မှုအစလို့ ထင်မြင်မိပါတယ်။ ဒီဖိုရမ်ကြီးပြီးသွားလို့ ကိုယ့်ကျေးရွာ၊ ကိုယ့်ဒေသပြန်လည်ရောက်ရှိတဲ့အခါ ဖိုရမ်က ရရှိတဲ့ အသိပညာဗဟုသုတတွေကို ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။ အခုလိုပွဲတွေ များများပြုလုပ်ပေးဖို့ တောင်းဆိုချင်ပါတယ်၊၊

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၄ ရက် ၊ ဇန်နဝါရီ ၁၆ ရက်၊ သောကြာနေ့။


Posted on Jan 16, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၃ ရက် ၊ ဇန်နဝါရီ ၁၅ ရက်၊ ကြာသပတေးနေ့။


Posted on Jan 15, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၂ ရက် ၊ ဇန်နဝါရီ ၁၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Jan 14, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၁ ရက် ၊ ဇန်နဝါရီ ၁၃ ရက်၊ အင်္ဂါနေ့။


Posted on Jan 13, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၁၀ ရက် ၊ ဇန်နဝါရီ ၁၂ ရက်၊ တနင်္လာနေ့။


Posted on Jan 12, 2026

၁၃၈၇ ခုနှစ်၊ ပြာသိုလပြည့်ကျော် ၉ ရက် ၊ ဇန်နဝါရီ ၁၁ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Jan 11, 2026