ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အားလုံးပါဝင်နိုင်ရန်လက်ကမ်းကြိုဆို မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)

ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေး အားလုံးပါဝင်နိုင်ရန်လက်ကမ်းကြိုဆို


Ministry of Information/ Naypyitaw / November 28, 2025
image_latest


အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီသည် ပြည်သူတစ်ရပ်လုံး လိုလားတောင့်တသည့် ပါတီစုံဒီမိုကရေစီစနစ်ကို အောင်မြင်စွာလျှောက်လှမ်းနိုင် ရန်အတွက် ပြည်သူလူထုပူးပေါင်းဆောင်ရွက်မှုဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည်။ အထွေထွေရွေးကောက်ပွဲကြီးတွင် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးပိုင်ခွင့်မဆုံးရှုံးစေရေးနှင့် လွတ်လပ်မျှတစွာ ဆန္ဒမဲပေးနိုင်ရန်ရည်ရွယ်၍ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်၊ ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့်နှင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က ဖြင့် ကြားနာစစ်ဆေးဆဲအမှုများပိတ်သိမ်းခြင်းအမိန့်များကို နိုဝင်ဘာလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်သည်။

တစ်ဆက်တည်းတွင် အမေရိကန်အစိုးရအနေဖြင့် မြန်မာနိုင်ငံသားများအပေါ် TPS (Temporary Protected Status) ပေးထားမှုကို ရပ်ဆိုင်းလိုက်သည့် သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ကြားသိလိုက်ရသည်။ အဆိုပါ နိုင်ငံတော်ကထုတ်ပြန်သည့် လွတ်ငြိမ်းခွင့်၊ သက်သာခွင့်၊ ပိတ်သိမ်းခြင်းနှင့် အမေရိကန်အစိုးရ၏ ရပ်ဆိုင်းခြင်းအမိန့်များသည် မြန်မာနိုင်ငံသားများနှင့်ပတ်သက်၍ အပြုသဘောဆောင်အကောင်းမြင်ပြီး လူသားချင်းစာနာထောက်ထားမှုအပြည့်အဝဖြင့် မြန်မာနိုင်ငံနှင့် နိုင်ငံသားများအတွက် ကောင်းကျိုးများကို ဆောင်ကြဉ်းပေးနိုင်မည့် မင်္ဂလာရှိသော သတင်းစကားများဖြစ်၍ ဝမ်းမြောက်ဝမ်းသာ ကြိုဆိုရမည်ဖြစ်သည်။

အမေရိကန်နိုင်ငံအစိုးရ၏ သတင်းထုတ်ပြန်ချက်သည် မြန်မာနိုင်ငံ၏ လက်ရှိကာလပြောင်းလဲတိုးတက်လာသော အခြေအနေကောင်းများကြောင့်ဖြစ်သည်မှာ ပေါ်လွင်ထင်ရှားပေသည်။ မြန်မာနိုင်ငံအစိုးရအနေဖြင့် အရေးပေါ်အခြေအနေမှ ရုပ်သိမ်းပေးခဲ့မှု၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေး ဆောင်ရွက်ပေးမှု၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ငြိမ်းချမ်းရေးဆောင်ရွက်နိုင်မှု၊ မြန်မာနိုင်ငံ၏ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တည်ငြိမ်လာမှုနှင့် တိုးတက်မှုများကြောင့် အမေရိကန်နိုင်ငံတွင် အကြောင်းအမျိုးမျိုးဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ မြန်မာနိုင်ငံသို့ လုံခြုံစွာပြန်နိုင်ရန်အတွက် ဆောင်ရွက်ချက်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိနိုင်သည်။

မြန်မာနိုင်ငံအစိုးရနှင့် အမေရိကန်နိုင်ငံအစိုးရတို့၏ ထုတ်ပြန်ချက်များသည် အပြုသဘောဆောင်၊ ကောင်းကျိုးဆောင်သည့် ထုတ်ပြန်ချက်များပင်ဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် ၂၀၂၁ ခုနှစ် ဧပြီလ ၂ ရက်နေ့ကတည်းက နေရာဒေသအသီးသီး သို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများအား အစိုးရက တရားဝင်ကြေညာချက်ထုတ်ပြန်ပြီး ဖိတ်ခေါ်ခဲ့သည်။ ယင်းတို့တွင် လူသတ်မှု၊ မုဒိမ်းမှု စသည့်ပြစ်မှုကြီးများ ကျူးလွန်ထားသူများအနေဖြင့် တရားဥပဒေအရ ရင်ဆိုင်ရမည်ဖြစ်ပြီး ကျန်နိုင်ငံသားများအနေဖြင့် အထူးသက်ညှာစွာ ဖြေလျှော့ဆောင်ရွက်ပေးသွားမည်ဟု ကြေညာခဲ့ပြီးဖြစ်သည်။ အဆိုပါကြေညာချက်ကြောင့် ထွက်ပြေးတိမ်းရှောင်သူများစွာ ပြန်လည်ရောက်ရှိလာပြီး နိုင်ငံအတွင်း၌ ကောင်းမွန်စွာနေထိုင်လျက်ရှိသည်။

၂၀၂၅ ခုနှစ် ဇူလိုင်လ ၄ ရက်နေ့တွင် ပြည်ထောင်စုအကျိုးအတွက် ဖိတ်ခေါ်ချက်များအနေဖြင့် PDF အမည်ခံ လက်နက်ကိုင်အုပ်စုများကိုလည်း တရားဥပဒေ ဘောင်အတွင်းဝင်ရောက်နိုင်ရန် ဖိတ်ခေါ်ခဲ့သည်။ အဆိုပါဖိတ်ခေါ်ချက်ကြောင့် PDF အမည်ခံ လက်နက်ကိုင်အဖွဲ့ဝင် ရာပေါင်းများစွာ တရားဥပဒေဘောင်အတွင်းသို့ ဝင်ရောက်ခဲ့ကြပြီး ဆက်လက်၍လည်း တဖွဲဖွဲဝင်ရောက်လျက်ရှိသည်။ မြန်မာနိုင်ငံတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပမည်ဖြစ်၍ ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၂၆ ရက်နေ့တွင် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့်ဖြေရှင်းနိုင်ရန် ကမ်းလှမ်းဖိတ်ခေါ်ချက်ကိုလည်း ထုတ်ပြန်ခဲ့သည်။ အဆိုပါဆောင်ရွက်ချက်များသည် နိုင်ငံတော်အစိုးရက နိုင်ငံတော်နှင့် နိုင်ငံသားများအကျိုးစီးပွားကိုရှေးရှု၍ အပြုသဘောဆောင် အကောင်းမြင်စိတ်ထားဖြင့် သဘောထားကြီးစွာ ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်သည်။

သို့ဖြစ်ရာ မြန်မာနိုင်ငံ၌ မကြာမီကာလတွင် ပြည်သူများ၏ဆန္ဒဖြစ်သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို ကျင်းပတော့မည်ဖြစ်ရာ အမေရိကန်နိုင်ငံရောက် မြန်မာနိုင်ငံသားများအနေဖြင့် မြန်မာနိုင်ငံသို့ပြန်လာပြီး အထွေထွေရွေးကောက်ပွဲတွင် မဲပေးနိုင်မည့်အခွင့်အရေးများ ရရှိကြမည်ဖြစ်သည်။ အလားတူ အကြောင်းအမျိုးမျိုး၊ ခံယူချက်အမျိုးမျိုးဖြင့် ဥပဒေဘောင်မှဖယ်ခွာပြီး လမ်းမှားရောက်နေကြသောသူများ၊ ဥပဒေအရ ပြစ်ဒဏ်ကျခံနေသည့်သူများ၊ ဥပဒေအရ ရင်ဆိုင်နေရသူများကိုလည်း ဥပဒေပြစ်ဒဏ်အမှုများမှ ဖြေလျှော့သက်သာခွင့်ပေးလိုက်ပြီဖြစ်ရာ နိုင်ငံတော်အစိုးရ၏ မွန်မြတ်သောစိတ်ထားနှင့် ဆောင်ရွက်ချက်များကို လေးစားသောအားဖြင့် စည်းကမ်းပြည့်ဝပြီး ခေတ်မီတိုးတက်သော ဒီမိုကရေစီနိုင်ငံတည်ဆောက်နိုင်ရန် လက်ကမ်းကြိုဆိုမှုတွင် အားလုံးပါဝင်ကြပါရန် တိုက်တွန်းအပ်ပါကြောင်း။    ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၉ ရက် ၊ နိုဝင်ဘာ ၂၈ ရက်၊ သောကြာနေ့။


Posted on Nov 28, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၈ ရက် ၊ နိုဝင်ဘာ ၂၇ ရက်၊ ကြာသပတေးနေ့။


Posted on Nov 27, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၇ ရက် ၊ နိုဝင်ဘာ ၂၆ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 26, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၆ ရက် ၊ နိုဝင်ဘာ ၂၅ ရက်၊ အင်္ဂါနေ့။


Posted on Nov 25, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၅ ရက် ၊ နိုဝင်ဘာ ၂၄ ရက်၊ တနင်္လာနေ့။


Posted on Nov 24, 2025

၁၃၈၇ ခုနှစ်၊ နတ်တော်လဆန်း ၄ ရက် ၊ နိုဝင်ဘာ ၂၃ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 23, 2025

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)


Myanmar National Human Rights Commission/ Yangon / November 27, 2025


   မကြာမီကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင် ပြည်သူအားလုံးဆန္ဒမဲ ပေးပိုင်ခွင့် မဆုံးရှုံးစေရေးနှင့် လွတ်လပ်စွာ ဆန္ဒမဲပေးနိုင်ရေးအတွက် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ၂၆-၁၁-၂၀၂၅ ရက်စွဲပါ၊ အမိန့်အမှတ် (၁၀/၂၀၂၅) ဖြင့် ရာဇသတ်ကြီးပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှား စီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား /အကျဉ်းသူ ၇၂၄ ဦးတို့ကို စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအား လျှော့ပေါ့၍ ပြစ်ဒဏ်မှ လွတ်ငြိမ်းခွင့် ပြုခဲ့ပြီး၊ အမိန့်အမှတ် (၁၁/၂၀၂၅) ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ ပြစ်မှုထင်ရှား စီရင်ခံရပြီး အကျဉ်းထောင်/ အချုပ်ထောင်/ အကျဉ်းစခန်း အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသား/ အကျဉ်းသူ ၂၃၆၁ ဦးကို ယင်းတို့ကျခံရန် ကျန်ရှိသော ပြစ်ဒဏ်များအပေါ် လျှော့ပေါ့၍ လွတ်ငြိမ်းသက်သာခွင့် ပြုခဲ့ပါသည်။ ထို့ပြင် အမိန့်အမှတ် (၁၂/ ၂၀၂၅) ဖြင့် ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က ဖြင့်လည်းကောင်း၊ ယင်းပြစ်မှုကြောင့် ထွက်ပြေးတိမ်းရှောင် နေသဖြင့် ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၅၁၂ ဖြင့်လည်းကောင်း တရားစွဲဆိုခံရသူ ၅၅၈၀ ဦးတို့၏ ကြားနာစစ်ဆေးဆဲ အမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်ရန် အမိန့်များ ထုတ်ပြန်ခဲ့ ပါသည်။

   ကမ္ဘာ့လူ့အခွင့်အရေး ကြေညာစာတမ်းအပိုဒ် ၂၁ တွင် “လူတိုင်းပါဝင်၍ တန်းတူညီမျှ ဆန္ဒမဲ ပေးနိုင်ခွင့်ရှိပြီး လျှို့ဝှက်မဲပေး စနစ်ဖြင့်ဖြစ်စေ၊ အလားတူ လွတ်လပ်သော မဲပေးစနစ်ဖြင့် ဖြစ်စေ အချိန်ကာလအပိုင်းအခြားအလိုက် ကျင်းပသော စစ်မှန်သည့် ရွေးကောက်ပွဲများတွင် အဆိုပါဆန္ဒကို ဖော်ထုတ်ရမည်” ဟု ဖော်ပြပါရှိပြီး ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၃၈ (က) တွင် “နိုင်ငံသားတိုင်းသည် ဥပဒေနှင့်အညီ ရွေးကောက်တင်မြှောက် ခွင့်နှင့် ရွေးကောက်တင်မြှောက်ခံပိုင်ခွင့်ရှိသည်” ဟု ပြဋ္ဌာန်းထားပါသည်။

   ယခုကဲ့သို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း၊ လွတ်ငြိမ်းသက်သာခွင့်ပြုခြင်းနှင့် ကြားနာစစ်ဆေး ဆဲအမှုများကို ပိတ်သိမ်း၍ အမှုမှလွှတ်ရန် အမိန့်များထုတ်ပြန်ခဲ့ခြင်းတို့ကြောင့် လွတ်မြောက်လာသူ များသည် ယင်းတို့၏ နိုင်ငံသားအခွင့်အရေးဖြစ်သည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဖြစ်လာကြကာ မိမိတို့၏ ဆန္ဒသဘောထားများကို လွတ်လပ်စွာ ထုတ်ဖော်ပြသခွင့် ရရှိကြမည်ဖြစ်ပါသည်။ ထို့ပြင် ပုဒ်မ ၅၀၅-က ပြစ်မှုဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများသည် မိသားစုနှင့် ပြန်လည်ပေါင်းစည်းခွင့် ရရှိပြီး စိတ်အေးချမ်းစွာ ဆန္ဒမဲပေးပိုင်ခွင့် ရရှိကြမည် ဖြစ်ပါသည်။

   မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်အနေဖြင့် လူ့အခွင့်အရေးကာကွယ် စောင့်ရှောက်ရေးအတွက် အကျဉ်းထောင်၊ အချုပ်ထောင်၊ အကျဉ်းစခန်းများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခြင်း၊ အကြံပြုတိုက်တွန်းချက်များပေးပို့ခြင်းတို့ ဆောင်ရွက်လျက်ရှိရာတွင် ပြစ်ဒဏ်လွတ်ငြိမ်း ခွင့်၊ လွတ်ငြိမ်းသက်သာခွင့်တို့အတွက် ထည့်သွင်းစဉ်းစားရာ၌ ပြစ်မှုအားလုံး တန်းတူပါဝင်စေရေး အကြံပြုချက်လည်း ပါဝင်ခဲ့ပါသည်။ ယခုကဲ့သို့ လူ့အခွင့်အရေးနှင့် အခြေခံလွတ်လပ်ခွင့်များ ရရှိလာ စေသည့်အတွက် နိုင်ငံတော်မှ ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က နှင့် စပ်လျဉ်းသည့်အမှုများအပေါ် လွတ်ငြိမ်းသက်သာခွင့်အမိန့်များ ထုတ်ပြန်ခဲ့မှုကို ဝမ်းမြောက်စွာ ကြိုဆိုပါကြောင်း သတင်းထုတ်ပြန် အပ်ပါသည်။

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်

၂၀၂၅ ခုနှစ်၊ နိုဝင်ဘာလ ၂၇ ရက်

Download ရယူရန်

HOT NEWS
January 4,