နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲနှင့် တပ်မတော် (ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်

နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲနှင့် တပ်မတော် (ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားသို့ တက်ရောက်ချီးမြှင့်


Ministry of Information/ Naypyitaw / March 09, 2026
image_latest


နေပြည်တော် မတ် ၈

တပ်မတော်(ရေ)မှ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ဖွင့်ပွဲအခမ်းအနား၊ ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားနှင့် စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားများအား ယနေ့နံနက်ပိုင်းတွင် သန်လျင်တပ်နယ် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း တည်ဆောက်ရေးအလုပ်ရုံနှင့် ရေတပ်ဆိပ်ခံတံတားတို့၌ကျင်းပရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။      

အဆိုပါအခမ်းအနားများသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်အတူ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ် (ကြည်း) ဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များ၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော်အရာရှိကြီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းဖွင့်ပွဲအခမ်းအနား

ဦးစွာ ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် အဖွဲ့ဝင်များရောက်ရှိလာရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် တပ်မတော်(ရေ)မှ အရာရှိကြီးများက ကြိုဆိုနှုတ်ဆက်ကြသည်။ ထို့နောက် တာဝန်ရှိသူများက ရေတပ်သင်္ဘောကျင်း ဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းအား ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အား စက်ခလုတ်နှိပ်ဖွင့်လှစ်ပေးသည်။ ထို့နောက် တန် ၄၀၀၀၀ ရေလုံလွန်းကျင်း ကမ္ပည်းကျောက်စာတိုင်အား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးကြသည်။ ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကြသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေလုံလွန်းကျင်းအုပ်ချုပ်မှုအဆောက်အအုံကမ္ပည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးခဲ့ကြပြီး Shipyard Management Software ခန်းအတွင်း လုပ်ငန်းဆောင်ရွက်နေမှုများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် အခမ်းအနားဒုတိယပိုင်းကို တည်ဆောက်ရေးအလုပ်ရုံ၌ ဆက်လက်ကျင်းပပြုလုပ်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမှာစကားပြောကြားရာတွင် ယနေ့သည် တပ်မတော်(ရေ)အတွက်သာမက မြန်မာနိုင်ငံတွင်ပါ စွမ်းဆောင်ရည်အရလည်းကောင်း၊ အရွယ်အစားအရလည်းကောင်း အကြီးမားဆုံးဖြစ်လာမည့် ရေတပ်သင်္ဘောကျင်းဌာနချုပ် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းကြီးကို အောင်မြင်စွာတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့သကဲ့သို့ ယခုဖွင့်လှစ်သည့် တန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် ပထမဆုံးစတင်တည်ဆောက်မည့် စစ်ရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားအပါအဝင် တပ်မတော်(ရေ)တွင် တည်ဆောက်ခဲ့ သည့် ဖရီဂိတ်စစ်ရေယာဉ်(သာလွန်မင်း)နှင့် မြစ်တွင်းသွား ဘက်စုံသုံးစစ်ရေယာဉ်များကိုလည်း တပ်တော်ဝင်နိုင်မည်ဖြစ်ခြင်းကြောင့် နိုင်ငံတော်နှင့် တပ်မတော်အတွက် ဂုဏ်ယူစရာကောင်းပြီး အားသစ်လောင်းသည့် နေ့တစ်နေ့ပင်ဖြစ်ကြောင်း။

မိမိတို့နိုင်ငံ၏ ရေကြောင်းအကျိုးစီးပွားများသည် ပိုင်နက်ပင်လယ်အတွင်းသာမကဘဲ သီးသန့်စီးပွားရေးဇုန်ဖြစ်သည့် ကမ်းလွန်ပင်လယ်ပြင်အထိ ကျယ်ပြန့်စွာတည်ရှိနေသကဲ့သို့ မြန်မာ့ပင်လယ်ပြင်သည်လည်း ကမ္ဘာ့ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ ဖြတ်သန်းသွားလာနေသည့် အဓိကရေလမ်းကြောင်းများအနက် တစ်ခုအပါအဝင်ဖြစ်ခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေယာဉ်ကြီးများ ဝင်ထွက်ဆိုက်ကပ်နိုင်သည့် ဆိပ်ကမ်းကောင်းများနှင့် ရေနက်ဆိပ်ကမ်းများရှိခြင်းတို့ကြောင့် နိုင်ငံတော်၏ရေကြောင်းအကျိုးစီးပွားအတွက် အလွန်အရေးပါလျက်ရှိသည်ကို မြင်တွေ့ရမည်ဖြစ်ကြောင်း။

ထို့ကြောင့် ရေကြောင်းအကျိုးစီးပွားများဖြစ်သည့် ပင်လယ်ပြင်မှ စွမ်းအင်အကျိုးစီးပွားများ၊ ငါးသယံဇာတများ၊ ပင်လယ်ပြင် ဆက်သွယ်ရေးလမ်းကြောင်းကြီးများ၊ ရေကြောင်းကုန်သွယ်မှုများနှင့် ရေနက်ဆိပ်ကမ်းကြီးများအား အမျိုးသားအကျိုးစီးပွားအတွက် ထိရောက်စွာအသုံးချနိုင်စေရန် စွမ်းရည်ထက်မြက်၍ အင်အားတောင့်တင်းသော ရေတပ်ထူထောင်ထားရှိရန် လိုအပ်မည်ဖြစ်ကြောင်း။

ထို့ကြောင့် အနာဂတ်တပ်မတော်(ရေ)အတွက် လိုအပ်သည့် စစ်ရေယာဉ်များ ကိုယ်တိုင်တည်ဆောက်/ ပြုပြင်နိုင်ရန်အပြင် နိုင်ငံတော်၏ အကျိုးစီးပွားကိုတစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်အတွက် အရပ်ဘက်ကုန်တင်ရေယာဉ်ကြီးများ တည်ဆောက်/ပြုပြင်နိုင်သည်အထိရည်သန်၍  ရေလုံလွန်းကျင်းကြီး တည်ဆောက်နိုင်ရေးကို စဉ်းစားသုံးသပ်ပြီး ၂၀၁၈ ခုနှစ်မှစပြီး စီစဉ်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း။

တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးကဏ္ဍကို ကြည့်မည်ဆိုပါက အရွယ်အစားကြီးမားသည့် ဖရီဂိတ်စစ်ရေယာဉ်ကြီးများကို ပြည်တွင်း၌ပင် ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်များထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာဖြစ်စေခဲ့သည့်အပြင် မြန်မာ့ရေပြင်ပိုင်နက်စိုးမိုးလုံခြုံရေးကိုလည်း ပိုမိုခိုင်မာကောင်းမွန်စေခဲ့ကြောင်း။

ယနေ့ ဧရာခင်းမင်္ဂလာအခမ်းအနားပြုလုပ်မည့် စစ်ရေယာဉ်များသည် ယခုတန် ၄၀၀၀၀ ရေလုံလွန်းကျင်းတွင် စတင်တည်ဆောက်မည့် စစ်ရေယာဉ်များဖြစ်ပြီး အဆိုပါရေယာဉ်များ တည်ဆောက်နိုင်ခြင်းဖြင့် မြန်မာ့ပင်လယ်ပြင်အတွင်း ကာကွယ်ရေးစွမ်းဆောင်ရည်များ တိုးတက်မြင့်မားလာစေမည်ဖြစ်ကြောင်း၊ တပ်မတော်(ရေ)အနေဖြင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများကို ၁၉၆၀ ပြည့်နှစ်က စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်သဖြင့် တည်ဆောက်ရေး အတွေ့အကြုံကောင်းများရှိပြီးဖြစ်သော်လည်း ယနေ့ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်နေသည့် ရေယာဉ်တည်ဆောက်ရေးနည်းစနစ်များကိုလည်း မျက်ခြည်မပြတ် လေ့လာသင်ယူပြီး အသုံးချနိုင်ရေး တစိုက်မတ်မတ် ကြိုးစားအားထုတ်သွားရမည်ဖြစ်ကြောင်း။

ရေလုံလွန်းကျင်းကြီးသည်နိုင်ငံတကာအဆင့်မီ သင်္ဘောကျင်းကြီးဖြစ်သည့်အတွက် ရေလုံလွန်းကျင်းနှင့် ရေလုံလွန်းကျင်းတွင်ပါသည့် စက်ပစ္စည်းကိရိယာများကို သက်တမ်းပြည့် စွမ်းအားပြည့် စနစ်တကျအသုံးပြုနိုင်ရေး ဆောင်ရွက်သွားကြရန်၊ ရင်းနှီးမြှုပ်နှံမှုမှ ဝင်ငွေပြန်လည်ရရှိနိုင်ရေးအတွက် ပြည်တွင်း ပြည်ပ ကုန်သွယ်ရေကြောင်း ရေယာဉ်ကြီးများ တည်ဆောက်ပြုပြင်နိုင်သည်အထိ ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ရေယာဉ်ဗိသုကာနှင့် ရေယာဉ်တည်ဆောက်ရေးလုပ်ငန်းများ၊ လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း တစိုက်မတ်မတ် ကြိုးပမ်းဆောင်ရွက်သွားကြရန်၊ ပခုံးပြောင်းတာဝန်ထမ်းဆောင်ကြမည့် တပ်မတော် (ရေ)မျိုးဆက်သစ်အရာရှိ၊ စစ်သည်များကိုလည်း ကောင်းမွန်သည့် အစဉ်အလာကောင်းများ လက်ဆင့်ကမ်းပေးသွားရန်၊ မြန်မာ့ပင်လယ်ပြင်နှင့် ပင်လယ်ပြင် အကျိုးစီးပွားများကို ကာကွယ်ရေးအတွက် ပေးအပ်သည့် တာဝန်များကို ကျေပွန်အောင်ထမ်းဆောင်ရင်း တပ်မတော်၏ ကောင်းမြတ်သည့်အစဉ်အလာများကို အသက်နှင့်ထပ်တူ ထိန်းသိမ်းစောင့်ရှောက်သွားကြရန် တိုက်တွန်းပြောကြားလိုကြောင်းဖြင့် ပြောကြားသည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အခမ်းအနားတက်ရောက်လာကြသူများသည် ရေလုံလွန်းကျင်း တည်ဆောက်ခဲ့မှုမှတ်တမ်းဗီဒီယိုအား ကြည့်ရှုကြသည်။

ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ် ရေလုံလွန်းကျင်းတည်ဆောက်ရေး တာဝန်ယူဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးထံ စာရွက်စာတမ်းများ လွှဲပြောင်းပေးအပ်သည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ် (ရေ)က ရေလုံလွန်းကျင်း ဖွင့်ပွဲအထိမ်းအမှတ်လက်ဆောင်အား ဂါရဝပြုပေးအပ်သည်။ ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ဂုဏ်ပြုသစ်သီးခြင်းအားပေးအပ်ရာ ရေလုံလွန်းကျင်း တည်ဆောက်ရေးတာဝန်ယူဆောင်ရွက်ခဲ့သည့် ကုမ္ပဏီဥက္ကဋ္ဌက လက်ခံရယူသည်။

ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနား

ယင်းနောက် ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာခင်းမင်္ဂလာအခမ်းအနားကျင်းပပြုလုပ်ရာ စစ်ရေယာဉ်များ တည်ဆောက်ခြင်းနှင့်ပတ်သက်၍ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်း သာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က ရေငုပ်သင်္ဘောတိုက်ဖျက်ရေးရေယာဉ်များ၏ ဧရာနှင့် Frame တို့အား စက်ခလုတ်နှိပ်ဂဟေတွဲဆက်၍ ရေယာဉ်တည်ဆောက်မှုလုပ်ငန်းအား စတင်ပေးခဲ့ပြီး ဧရာခင်းမင်္ဂလာကြေးပြားများနှင့် ကိုယ်ထည်အစိတ်အပိုင်းများအား မင်္ဂလာအမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေးသည်။

ဆက်လက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် ရေယာဉ်တည်ဆောက်မှု လုပ်ငန်းစဉ်အဆင့်ဆင့်၊ တည်ဆောက်ခဲ့မှုဓာတ်ပုံပြခန်းနှင့် ရေလုံလွန်းကျင်းအတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များ လမ်းညွှန်မှာကြားသည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ်၏ သင်္ဘောကျင်းစီမံကိန်းကို အဆင့်သုံးဆင့်ဖြင့် စတင်တည်ဆောက်ခဲ့ပြီး ပထမအဆင့်စီမံကိန်းအား ၁၉၉၈ ခုနှစ်မှ ၂၀၀၂ ခုနှစ်အထိလည်းကောင်း၊ ဒုတိယအဆင့်စီမံကိန်းအား ၂၀၀၉ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိလည်းကောင်း အောင်မြင်စွာတည်ဆောက်ဖွင့်လှစ်နိုင်ခဲ့ပြီး စစ်ရေယာဉ်များ၊ ဌာနဆိုင်ရာ ပုဂ္ဂလိကရေယာဉ်များအား တည်ဆောက်ပြုပြင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်ခဲ့သည်။ တတိယအဆင့်စီမံကိန်းအား ၂၀၁၉ ခုနှစ်မှ စတင်တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး ယနေ့တွင် တတိယအဆင့်စီမံကိန်း တည်ဆောက်မှုအား အောင်မြင်စွာဖွင့်လှစ်နိုင်ခဲ့ခြင်းဖြစ်သည်။

ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ရေလုံလွန်းကျင်းတွင် အရွယ်အစားကြီးမားသော စစ်ရေယာဉ်ကြီးများ၊ ကုန်သွယ်ရေယာဉ်များ တည်ဆောက်ခြင်း (သို့မဟုတ်) လွန်းတင်ပြင်ဆင်ခြင်းတို့ကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် နိုင်ငံ့ရေကြောင်းအကျိုးစီးပွားနှင့် နိုင်ငံ့ရေကြောင်းစွမ်းအားတို့ကို ပိုမိုမြှင့်တင်ဆောင်ရွက်လာနိုင်မည်ဖြစ်ပြီး နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် များစွာအထောက်အကူပြု ဆောင်ရွက်လာနိုင်မည်ဖြစ်ကြောင်း သိရှိရသည်။

စစ်ရေယာဉ်များတပ်တော်ဝင်ခြင်း အခမ်းအနား

ဆက်လက်၍ တပ်မတော်(ရေ)မှ စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်း အခမ်းအနားကို ရန်ကုန်မြို့ရှိ ရေတပ်ဆိပ်ခံတံတား၌ကျင်းပပြုလုပ်ရာ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တက်ရောက်ချီးမြှင့်သည်။

အဆိုပါအခမ်းအနားသို့ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်အတူ ဇနီးဒေါ်ကြူကြူလှ၊ ကော်မရှင်အတွင်းရေးမှူး ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဗိုလ်ချုပ်ကြီးရဲဝင်းဦးနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီးထိန်ဝင်းနှင့် ဇနီး၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်နှင့် ဇနီး၊ ပြည်ထောင်စုအဆင့်ပုဂ္ဂိုလ်များနှင့် ဇနီးများ၊ အငြိမ်းစားကာကွယ်ရေးဦးစီးချုပ်(ရေ)များနှင့် ဇနီးများ၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ အဆင့်မြင့်တပ်မတော် အရာရှိကြီးများနှင့်ဇနီးများ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ရေတပ်ကွပ်ကဲမှုဌာနချုပ်မှူးများ၊ ရေတပ်စခန်းဌာနချုပ်မှူးများ၊ တပ်မတော်(ရေ)မှ အရာရှိ၊ စစ်သည်များနှင့် တာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။

ယင်းနောက် ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး ထိန်ဝင်းက စစ်ရေယာဉ်များ တပ်တော်ဝင်အခမ်းအနားနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ ထို့နောက် ရေတပ်သင်္ဘောကျင်းဌာနချုပ်၊ ဌာနချုပ်မှူးက ရေယာဉ်စုမှူးထံသို့ တပ်တော်ဝင်စစ်ရေယာဉ်များနှင့် ပတ်သက်သည့် စာရွက်စာတမ်းများအား လွှဲပြောင်းပေးအပ်သည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က တပ်တော်ဝင်အခမ်းအနား အထိမ်းအမှတ်စစ်ရေယာဉ်ပုံစံငယ်များအား ဂါရဝပြုပေးအပ်သည်။ ဆက်လက်ပြီး စစ်ရေယာဉ်များ တပ်တော်ဝင် ဆောင်ရွက်နိုင်ရန်အတွက် တပ်တော်ဝင်တံခွန်အလံများအား နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ကာကွယ်ရေးဦးစီးချုပ် (ရေ) ထံ လွှဲပြောင်းပေးအပ်ရာ ကာကွယ်ရေးဦးစီးချုပ် (ရေ) က လက်ခံရယူပြီး သက်ဆိုင်ရာစစ်ရေယာဉ်မှူးများထံ ဆက်လက်လွှဲပြောင်းပေးအပ်သည်။

ယင်းနောက် စစ်ဦးစီးအရာရှိချုပ်(ရေ) ဒုတိယဗိုလ်ချုပ်ကြီး အေးမင်းထွေးက တပ်တော်ဝင်စစ်ရေယာဉ်များအဖြစ်ကြေညာခြင်း၊ နိုင်ငံတော်အလံလွှင့်တင်ခြင်း၊ တပ်မတော် (ရေ) အလံလွှင့်တင်ခြင်း၊ တပ်တော်ဝင်အလံလွှင့်တင်ခြင်း၊ ခေါင်းလောင်းရှစ်ချက်တီးခြင်းနှင့် တပ်တော်ဝင်လုပ်ငန်းစဉ်များ အား အစီအစဉ်အတိုင်း ဆောင်ရွက်ကြသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တပ်တော်ဝင် စစ်ရေယာဉ်များဖြစ်သော ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ်(သာလွန်မင်း)အား လှည့်လည်ကြည့်ရှုကြရာ တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် အဖွဲ့ဝင်များသည် တက်ရောက်လာကြသည့် ဧည့်သည်တော်ကြီးများနှင့်အတူ အမှတ်တရ စုပေါင်းဓာတ်ပုံရိုက်ကူးခဲ့ကြသည်။

ဆက်လက်၍ နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် စစ်ရေယာဉ်(မုတ္တမ)ပေါ်သို့ ရောက်ရှိပြီး ဧည့်သည်တော်မှတ်တမ်းစာအုပ်တွင် လက်မှတ်ရေးထိုးသည်။ ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်သည် အလေးပြုခံစင်မြင့်မှနေ၍ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူပြီး ဂုဏ်ပြုတပ်ဖွဲ့ကို စစ်ဆေးသည်။ ဂုဏ်ပြုတပ်ဖွဲ့၏ အလေးပြုခြင်းကိုခံယူနေစဉ် စစ်ရေယာဉ် (ရန်တိုင်းအောင်)နှင့် စစ်ရေယာဉ် (ရန်ကြီးအောင်)တို့မှ အမြောက် ၂၁ ချက်ပစ်ဖောက်ပြီး နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား ဂုဏ်ပြုအလေးပြုကြသည်။

ထို့နောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ထံသို့ ကာကွယ်ရေးဦးစီးချုပ်(ရေ)က အမြောက်ပစ်ဖောက် ဂုဏ်ပြုအလေးပြု ပစ်ခတ်ထားသည့် ပထမဆုံးအမြောက်ကျည်ဆန်ခွံအား အထိမ်းအမှတ် လက်ဆောင်အဖြစ် ဂါရဝပြုပေးအပ်သည်။

ယင်းနောက် နိုင်ငံတော်လုံခြုံရေးနှင့်အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က တပ်တော်ဝင်စစ်ရေယာဉ်များ တည်ဆောက်ခဲ့ချိန်တွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည့် အရာရှိ၊ စစ်သည်များအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အထိမ်းအမှတ်တံဆိပ်နှင့် ဂုဏ်ပြုမှတ်တမ်းလွှာတို့ကိုပေးအပ်ရာ တာဝန်ရှိသူအသီးသီးက လက်ခံရယူခဲ့ကြသည်။

ယနေ့ တပ်မတော်(ရေ) စစ်ရေယာဉ်များ တပ်တော်ဝင်ခြင်းအခမ်းအနားတွင် တပ်တော်ဝင်ခဲ့သည့် ဖရီဂိတ်စစ်ရေယာဉ်ကြီး စစ်ရေယာဉ် (သာလွန်မင်း)သည် တပ်မတော်(ရေ) ရေယာဉ်တည်ဆောက်မှုသမိုင်း၌ အရွယ်အစားအားဖြင့် အကြီးမားဆုံး ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့သည့် စစ်ရေယာဉ်ဖြစ်ကြောင်း၊ အချိန်ကာလတစ်လကျော်၊ စုစုပေါင်းခုတ်မောင်းချိန် ၂၇၀ နာရီ ကျော်၊ ခရီးအကွာအဝေးရေမိုင် ၃၅၀၀ ခန့် ခရီးရှည် စမ်းသပ်မောင်းနှင်ခဲ့ပြီး စမ်းသပ်မောင်းနှင်သည့် ခရီးစဉ်အတွင်း စံချိန်စံညွှန်းပြည့်မီမှုဆိုင်ရာ စမ်းသပ်မောင်းနှင်ခြင်းများ၊ ရေယာဉ်၌ တပ်ဆင်ထားသည့် ကိရိယာများအလိုက် သတ်မှတ်စံချိန်စံညွှန်းများအတိုင်း အသုံးပြုနိုင်မှုအား စမ်းသပ်ခြင်းတို့ကိုဆောင်ရွက်ခဲ့ပြီး ယနေ့တွင် တပ်တော်ဝင်နိုင်ခဲ့ခြင်းဖြစ်ကြောင်း၊ ယခုကဲ့သို့ စစ်ရေယာဉ်များအား ကိုယ်တိုင်တည်ဆောက် တပ်တော်ဝင်နိုင်ခဲ့ခြင်းကြောင့် တပ်မတော်၏ နိုင်ငံတော်ကာကွယ်ရေးနှင့်လုံခြုံရေးတာဝန်များ ထမ်းဆောင်နိုင်မှုကို အထောက်အကူများစွာ ဖြစ်စေနိုင်ခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၇ ရက် ၊ မတ် ၉ ရက်၊ တနင်္လာနေ့။


Posted on Mar 09, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၆ ရက် ၊ မတ် ၈ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 08, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၅ ရက် ၊ မတ် ၇ ရက်၊ စ​နေနေ့။


Posted on Mar 07, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၄ ရက် ၊ မတ် ၆ ရက်၊ သောကြာနေ့။


Posted on Mar 06, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၃ ရက် ၊ မတ် ၅ ရက်၊ ကြာသပတေးနေ့။


Posted on Mar 05, 2026

၁၃၈၇ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၂ ရက် ၊ မတ် ၄ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Mar 04, 2026
AnnouncementsExplore more >

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ

အများပြည်သူသို့ အသိပေးကြေညာ

Posted on Mar 7, 2026

အများပြည်သူသို့ အသိပေးကြေညာ

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်

Posted on Mar 7, 2026

ပြောင်းလုပ်ငန်းရှင်များသို့ အသိပေးကြေညာချက်