နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမှုများ ပိုမိုမြှင့်တင်နိုင်မည့် ချစ်ကြည်ရေးခရီးစဉ်
နှစ်နိုင်ငံအကျိုးဖြစ်ထွန်းမှုများ ပိုမိုမြှင့်တင်နိုင်မည့် ချစ်ကြည်ရေးခရီးစဉ်
Ministry of Information/ Naypyitaw / November 28, 2025
မြန်မာ-ဘယ်လာရုစ် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေးမှာ ၁၉၉၉ ခုနှစ်တွင် စတင်ခဲ့ခြင်းဖြစ်ရာ ယခုအခါ ငွေရတုလွန်ကာလသို့ ရောက်ရှိလာပြီဖြစ်သည်။ သံတမန်လမ်းကြောင်းမှစတင်ခဲ့သည့် နှစ်နိုင်ငံဆက်ဆံရေးသည် အပြန်အလှန်ယုံကြည်မှုနှင့် နားလည်မှုတို့ အခိုင်အမာတည်ဆောက်နိုင်ခဲ့ကာ နှစ်နိုင်ငံခေါင်းဆောင်များ၏ ချစ်ကြည်ရေးခရီးစဉ်များ အပြန်အလှန်လည်ပတ်ခြင်းဖြင့် ချစ်ကြည်ရင်းနှီးသည့် မိတ်ဆွေကောင်း ဆက်ဆံရေးကို မြင့်မားစွာမြှင့်တင်ထားနိုင်ခဲ့ပြီဖြစ်သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဖိတ်ကြားချက်အရ ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E.Mr.Alexander Gregoryevich Lukashenko မြန်မာနိုင်ငံသို့ ချစ်ကြည်ရေးခရီးလာရောက် လည်ပတ်သည့်အချိန်အခါသည် မြန်မာနိုင်ငံတွင် အေးချမ်းသာယာဆုံးသော ဆောင်းရာသီအခါသမယရောက်ရှိချိန် ဖြစ်သကဲ့သို့ မကြာမီ မြန်မာနိုင်ငံအတွက် အရေးကြီးသည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရန် ရက်သတ္တပတ် အနည်းငယ်မျှသာလိုတော့သည့် အချိန်ကာလလည်းဖြစ်သည်။
နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်သည် ဘယ်လာရုစ်နိုင်ငံသမ္မတကြီး၏ ဖိတ်ကြားချက်အရ ယခုနှစ် မတ်လ ၆ ရက်တွင် ဘယ်လာရုစ်နိုင်ငံသို့ နိုင်ငံတော်အဆင့် (Official State Visit) ချစ်ကြည်ရေးခရီးရောက်ရှိခဲ့ပြီး မတ်လ ၇ ရက်တွင် နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦး သီးသန့်တွေ့ဆုံဆွေးနွေးကာ နှစ်နိုင်ငံအကြား သံတမန်ဆက်ဆံရေးဆိုင်ရာ ကိစ္စရပ်များ၊ စီးပွားရေး၊ စိုက်ပျိုးရေး၊ စက်မှု၊ ပညာရေး၊ သိပ္ပံနှင့်နည်းပညာ၊ ယဉ်ကျေးမှု၊ အားကစား စသည့်ကဏ္ဍပေါင်းစုံ၌ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားမည့်အခြေအနေများ၊ ကာကွယ်ရေးဆိုင်ရာကိစ္စရပ်များတွင် ပူးပေါင်းဆောင်ရွက်မှုများ မြှင့်တင်ရေး ဆောင်ရွက်သွားမည့်အခြေအနေများ၊ နှစ်နိုင်ငံအကြား ကဏ္ဍပေါင်းစုံ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုများ ပိုမိုခိုင်မာအားကောင်းလာမည့် အခြေအနေများကို အမြင်ချင်းဖလှယ်ခဲ့ကြသည်။
မြန်မာနိုင်ငံသည် အရှေ့တောင်အာရှ ပင်မကုန်းမြေနိုင်ငံများတွင် အကြီးဆုံးနိုင်ငံဖြစ်ပြီး အရှေ့တောင်အာရှနှင့် တောင်အာရှကို ချိတ်ဆက်ထားသည့်နေရာတွင် တည်ရှိနေသည်။ ထို့အပြင် ကမ္ဘာ့လူဦးရေအများဆုံးနှင့် ဖွံ့ဖြိုးတိုးတက်မှု အလျင်အမြန်ဆုံး နိုင်ငံကြီးနှစ်နိုင်ငံဖြစ်သော တရုတ်နှင့်အိန္ဒိယနိုင်ငံတို့နှင့် ဆက်စပ်တည်ရှိနေသော နိုင်ငံလည်းဖြစ်သည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် လမ်းပန်းဆက်သွယ်ရေးအတွက် ကောင်းမွန်သည့် ရေ၊ မြေ၊ ရာသီဥတုကို ပိုင်ဆိုင်ထားသည့် နိုင်ငံလည်းဖြစ်သည်။ ကမ္ဘာတွင် ဆန်တင်ပို့မှု ထိပ်တန်းနိုင်ငံများတွင် အပါအဝင်ဖြစ်သလို ပဲတင်ပို့မှုတွင် ဒုတိယအမြင့်ဆုံးနိုင်ငံလည်းဖြစ်သည်။ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများလုပ်ရန် မြေပမာဏများစွာ ပိုင်ဆိုင်ထားသည့်အလျောက် ကမ္ဘာ့စားနပ် ရိက္ခာဖူလုံရေးနှင့်လုံခြုံရေးအတွက် ပံ့ပိုးနိုင်သည့် နိုင်ငံဖြစ်လာ စေရန်အတွက်လည်း ကြိုးစားဆောင်ရွက်လျက်ရှိသည်။ ဘယ်လာရုစ်နိုင်ငံ၏ ခေတ်မီစိုက်ပျိုးရေးနှင့် မွေးမြူရေးနည်းစနစ်များ၊ ယန္တရားများ၊ အထောက်အကူစနစ်များနှင့် လက်တွေ့ပေါင်းစပ်ကျင့်သုံးမည်ဆိုပါက နှစ်နိုင်ငံအကျိုးရလဒ်ခံစားရမည်ဟု ယုံကြည်ကြောင်း နိုင်ငံတော်အကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ဘယ်လာရုစ်နိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အတွင်း မီဒီယာများအား နှစ်နိုင်ငံပူးတွဲကြေညာချက်များ အပြန်အလှန်ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး H.E.Mr.Alexander Gregoryevich Lukashenko ၏ မြန်မာနိုင်ငံသို့လာရောက်သည့် ချစ်ကြည်ရေးခရီးစဉ်သည် နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု နှင့် ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုခိုင်မာအားကောင်းစေပြီး ပိုမို၍အရှိန်အဟုန်မြင့်မားစေမည်ဖြစ်သကဲ့သို့ နှစ်နိုင်ငံအကျိုး စီးပွားကိုလည်း ပိုမိုဖြစ်ထွန်းစေမည်ဖြစ်သည်။ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများဖြစ်သည့် စိုက်ပျိုးရေးအခန်းကဏ္ဍ၊ ဆေးဝါးအခန်းကဏ္ဍနှင့် စားနပ်ရိက္ခာထုတ်လုပ် ရေးအခန်းကဏ္ဍများ၊ မြန်မာနိုင်ငံမှထွက်ရှိသည့် စားသောက်ကုန်လုပ်ငန်းများက ကမ္ဘာ့စားနပ်ရိက္ခာဖူလုံရေးတွင် အထောက်အကူပြုနိုင်ရန်အတွက် ဘယ်လာရုစ်နိုင်ငံ၏ နည်းပညာများနှင့် ပူးပေါင်းဆောင်ရွက်ရေး စသည်တို့အပါအဝင် နှစ်နိုင်ငံပူးပေါင်း ဆောင်ရွက်ရေးလုပ်ငန်းများအား ဘယ်လာရုစ်သမ္မတနိုင်ငံ သမ္မတကြီး၏ ယခုချစ်ကြည်ရေးခရီးစဉ်က အရှိန်အဟုန်မြှင့်တင်ပေးမည်ဟု ယုံကြည်ပါကြောင်း။ ။
မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင် သတင်းထုတ်ပြန်ချက်အမှတ် (၁၅ / ၂၀၂၅)
Posted on Nov 27, 2025သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ အငယ်တန်းစာရေးနှင့်အဆင့်တူ ရာထူး ၉၀ နေရာ၊ အမှုတွဲထိန်းနှင့်အဆင့်တူရာထူး ၁၀ နေရာ၊ ရုံးအကူ/ စာပို့နှင့်အဆင့်တူ ရာထူး ၁၅...
Posted on Nov 27, 2025လျှောက်လွှာပုံစံ- Form
