ပတ်ဝန်းကျင်တစ်ခွင်လုံး သန့်ရှင်းရေး ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲ

ပတ်ဝန်းကျင်တစ်ခွင်လုံး သန့်ရှင်းရေး ယင်လုံအိမ်သာ ရာနှုန်းပြည့်သုံးစွဲ


Ministry of Information/ Naypyitaw / April 01, 2026
image_latest


လူတိုင်းကျန်းမာအသက်ရှည်ရေးအတွက် ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်၌ နေထိုင်ကြရန်လိုသည်။ ကျန်းမာရေးနှင့်ညီညွတ်သော ပတ်ဝန်းကျင်ဟူသည် ရေထု၊ မြေထုနှင့် လေထုတို့သန့်ရှင်းသော ပတ်ဝန်းကျင်ဖြစ်သည်။ လူနေရပ်ရွာများတွင် ပတ်ဝန်းကျင်သန့်ရှင်းရေးဖော်ဆောင်ရာ၌ ကျန်းမာရေးနှင့်ညီညွတ်သည့် ယင်လုံအိမ်သာကို ရပ်ရွာအတွင်း နေထိုင်သူအားလုံးက ဆောက်လုပ်သုံးစွဲကြရန်လိုသည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် ယင်လုံအိမ်သာဆိုသည်မှာ လူ့မစင်အညစ်အကြေးများ ရေ၊ မြေ၊ လေ၊ ပိုးမွှား၊ တိရစ္ဆာန်တို့ကြောင့် လူတို့ထံပြန်လည်မရောက်ရှိစေရန် စနစ်တကျစွန့်ပစ်သိုလှောင် ဖုံးအုပ်ထားရှိ အသုံးပြုသောအိမ်သာမျိုးဖြစ်သည်။ ယင်လုံအိမ်သာ ဆောက်လုပ်သည့်နေရာသည် အသုံးပြုနေဆဲဖြစ်သော ရေတွင်း၊ ရေကန်များနှင့် ပေ ၅၀ ထက်မနည်း ကွာဝေးသည့်နေရာ၊ အမြင့်ပိုင်းမကျသည့်နေရာများကို ရွေးချယ်ကြရန်လိုသည်။ အကောင်းဆုံးသော ယင်လုံအိမ်သာသည် ယင်လုံ၊ အနံ့လုံ၊ အရှက်လုံ၊ သန့်ရှင်းပြီး မစင်မှ ရောဂါမပြန့်ပွားစေရန် တားဆီးနိုင်သည့် အင်္ဂါရပ်နှင့်ပြည့်စုံသည့် အိမ်သာပင်ဖြစ်သည်။

ကျန်းမာရေးနှင့် ညီညွတ်သည့် ယင်လုံအိမ်သာ တည်ဆောက်ရန်အတွက် မိမိတတ်နိုင်သည့် ငွေကြေးပမာဏဖြင့်ပင် တည်ဆောက်ကြရမည်ဖြစ်သည်။ အိမ်သာအဆောက်အအုံသည် လေဝင်လေထွက်နှင့် အလင်းရောင်ကောင်းစွာရရှိရန်၊ သုံးစွဲသူသက်သောင့်သက်သာရှိရန်နှင့် အရှက်လုံရန်လိုသည်။ တတ်နိုင်ပါက အခိုင်အခံ့တည်ဆောက်နိုင်သော်လည်း မတတ်နိုင်ပါက ဒေသထွက်ပစ္စည်းများနှင့်ပင် တည်ဆောက်ကြရမည်ဖြစ်သည်။ အိမ်သာခွက်ကို ဘိုထိုင်အိုး၊ အိမ်သာကြွေခွက်၊ ပလတ်စတစ်အိမ်သာခွက် စသည်ဖြင့် သုံးစွဲနိုင်ကြပြီး အဓိကအချက်မှာ ယင်မနားနိုင်စေသည့် အိမ်သာခွက်အဖုံးပါရှိရန်ပင်ဖြစ်သည်။ အိမ်သာအသုံးပြုပြီးတိုင်း အိမ်သာခွက်ကို ရေလောင်းချ သန့်စင်ပြီးသည်နှင့် အဖုံးကို ပြန်လည်ဖုံးအုပ်ထားကြရမည်ဖြစ်သည်။

မိသားစုတစ်စု ငါးနှစ်ခန့် အသုံးပြုနိုင်ရန် အိမ်သာကျင်းကို အနက်ရှစ်ပေ၊ အချင်းသုံးပေခန့် တူးရန်လိုပြီး ရေထွက်လာခြင်း သို့မဟုတ် မြေမာလွန်းခြင်းတို့ ဖြစ်ပါက အနက်ကိုလျှော့၍ ကျင်းကို ခပ်ကျယ်ကျယ် အလျားလိုက်တူးကာ အနက်ကို လေးပေခန့်ထားသင့်သည်။ အိမ်သာကျင်း အကာအရံအဖြစ် နှစ်ထပ်ကျင်း ဝါးခွေ သို့မဟုတ် ဝါးကူသရွတ် ကွန်ကရစ်ခွေ သို့မဟုတ် ရေတွင်းကာ ကွန်ကရစ်ခွေစသည်ဖြင့် ကုန်ကျစရိတ်တတ်နိုင်သလို အသုံးပြုနိုင်သည်။ အိမ်သာကျင်း အကာအရံသည် မြေပြင်အထက် အမြင့်တစ်တောင်ကျော်၊ ရေလွှမ်းသောဒေသများတွင် အမြင့်ဆုံး ရေပြင်အထက် တစ်တောင်ခန့် ရှိရန်လိုသည်။ အိမ်သာကျင်းအဖုံးကို ကွန်ကရစ်အဖုံး သို့မဟုတ် ဝါးခွေနှစ်ထပ် အိမ်သာကျင်းတွင် အဖုံးကို သစ်/ဝါးလုံးတန်းများ ခိုင်မြဲ၍ စေ့နေအောင် ချည်နှောင်ပြီး အပေါ်မှ ပလတ်စတစ်စ သို့မဟုတ် ပီနံအိတ်ခွံဖြင့် လုံခြုံအောင်ဖုံးပြီး မြေကြီးကို အထက်မှအောက်သို့ လျှောစောင်းဖြစ်အောင်ဖို့ရမည်ဖြစ်သည်။ အဓိကအချက်မှာ ယင်လုံရန်နှင့် အနံ့လုံရန်ဖြစ်သည်။ ဆောက်လုပ်ပြီးသည့် ယင်လုံအိမ်သာ တာရှည်သုံးစွဲနိုင်ရန် မိသားစုတိုင်းတွင် တာဝန်ရှိသည့်အလျောက် မသုံးစွဲမီ ရေအနည်းငယ်လောင်းချရန်၊ သုံးပြီးလျှင် ရေဖြင့် သန့်ရှင်းအောင် ဆေးချရန်၊ အိမ်သာကျင်းပေါ်ရေများစီးကျမှု မရှိစေရန်၊ အိမ်သာကျင်းပေါ် တိရစ္ဆာန်များ မနင်းစေရန် ဆောင်ရွက်ကြရမည် ဖြစ်သည်။

ယင်လုံအိမ်သာ သုံးစွဲခြင်းအားဖြင့် ယင်ကောင်နှင့်မစင် ထိတွေ့နိုင်တော့မည်မဟုတ်ခြင်းကြောင့် မစင်မှရောဂါပိုးများ ယင်ကောင်တွင် ကပ်ငြိပါလာကာ ယင်နားသော အစာထဲသို့ ဝင်ရောက်ခြင်းလည်း ကင်းဝေးသွားမည်ဖြစ်သည်။ အိမ်သာတွင်းထဲတွင် ယင်ပေါက်ပွား နိုင်ခြင်း မရှိတော့သည့်အလျောက် ယင်ကောင်လည်းနည်းပါးသွားမည်ဖြစ်သည်။ ယင်လုံသည်နှင့်အမျှ အနံ့လည်းလုံသွားမည်ဖြစ်သလို အညစ်အကြေးများကို မသတီစရာ မြင်တွေ့နေခြင်းမှလည်း လွတ်ကင်းသွားမည်ဖြစ်သည်။

နေ့စဉ် မိမိတို့၏ တစ်ကိုယ်ရေကျန်းမာရေးအတွက် “သန့်(၄) သန့် ” ဟု ဆိုသည့် သန့်ရှင်းသောလက်၊ သန့်ရှင်းသော သောက်သုံးရေ၊ ကျန်းမာရေးနှင့်ညီညွတ်သည့် သန့်ရှင်းသော အစားအစာ၊ သန့်ရှင်းသော ပတ်ဝန်းကျင်(ယင်လုံအိမ်သာ)တို့ကို အလေးအနက်ထားကာ ကျင့်သုံးကြရန်လိုသည်။ သန့် (၄) သန့်တို့ မသန့်ရှင်းပါက ဝမ်းပျက်၊ ဝမ်းလျှောရောဂါ၊ ကာလဝမ်းရောဂါ၊ အူရောင်ငန်းဖျားရောဂါ၊ အသည်းရောင် အသားဝါရောဂါ၊ ပိုလီယိုရောဂါ စသည့်ရောဂါများ ကျရောက်နိုင်ပြီး ပြင်းထန်ပါက အသက်ဆုံးရှုံးစေနိုင်သည်အထိ အန္တရာယ်ကြီးမားသည်။

မိမိတို့နေထိုင်ရာရပ်ရွာဒေသများ ကျန်းမာရေးနှင့်ညီညွတ်စေရေး၊ ပတ်ဝန်းကျင်သန့်ရှင်းရေးတို့အတွက် ရာနှုန်းပြည့် ယင်လုံအိမ်သာသုံးစွဲနိုင်ကြရန် ပြည်သူအားလုံး ကြိုးပမ်းအားထုတ်ကြရပါမည့်အကြောင်း။ ။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်နေ့ ၊ ဧပြီ ၁ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Apr 01, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၄ ရက် ၊ မတ် ၃၁ ရက်၊ အင်္ဂါနေ့။


Posted on Mar 31, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၃ ရက် ၊ မတ် ၃၀ ရက်၊ တနင်္လာနေ့။


Posted on Mar 30, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၂ ရက် ၊ မတ် ၂၉ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Mar 29, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၁ ရက် ၊ မတ် ၂၈ ရက်၊ စ​နေနေ့။


Posted on Mar 28, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလဆန်း ၁၀ ရက် ၊ မတ် ၂၇ ရက်၊ သောကြာနေ့။


Posted on Mar 27, 2026
AnnouncementsExplore more >

လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း (တင်ဒါအောင်မြင်သောကုမ္ပဏီအမည်စာရင်းကြောငြာခြင်း

Posted on Mar 24, 2026

၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ လျှပ်စစ်ဓာတ်အားထုတ်လုပ်ရေးလုပ်ငန်း လက်အောက်ရှိ ဓာတ်အားပေးစက်ရုံများအတွက် ပစ္စည်းများဝယ်ယူရန် ခေါ်ယူခဲ့သောတင်ဒါများမှ တင်ဒါအောင်မြင်သော ကုမ္ပဏီများ၏ အမည်စာရင်း

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။

Posted on Mar 25, 2026

မြန်မာ့ကော်ဖီခင်းပုံ (၂၀၀ကျပ်တန်) အထူးထုတ် စာပို့တံဆိပ်ခေါင်းသစ်(၁)မျိုးအားရောင်းချပေးမည်။