ပျောက်ကွယ်နေသော သမိုင်းပုံရိပ်များ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
ပျောက်ကွယ်နေသော သမိုင်းပုံရိပ်များ သုတေသနစာတမ်းဖတ်ပွဲ ကျင်းပ
Ministry of Information/ Naypyitaw / March 21, 2026
နေပြည်တော် မတ် ၂၀
“ပျောက်ကွယ်နေသော သမိုင်းပုံရိပ်များ” သုတေသနစာတမ်းဖတ်ပွဲကို ယနေ့နံနက်ပိုင်းတွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန အမျိုးသားစာကြည့်တိုက် (နေပြည်တော်)ရှိ ဝန်ဇင်းမင်းရာဇာခန်းမ၌ ကျင်းပသည်။
စာတမ်းဖတ်ပွဲသို့သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ အထူးဖိတ်ကြားထားသော ဧည့်သည်တော်များ၊ မြန်မာသမိုင်းအဖွဲ့ဝင်ဆရာကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ စာတမ်းရှင်များနှင့် တာဝန်ရှိသူများတက်ရောက်ကြပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ရန်ကုန်ဌာနခွဲမှ မြန်မာသမိုင်းအဖွဲ့ဝင်ဆရာကြီး ဆရာမကြီးများနှင့်ဝန်ထမ်းများက အွန်လိုင်းဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ဒုတိယဝန်ကြီးက မြန်မာ့သမိုင်းစဉ်တစ်လျှောက် ခိုင်မာသည့်အထောက်အထားများဖြင့် မှတ်တမ်းတင်နိုင်ခဲ့သော ဖြစ်ရပ်များစွာရှိသကဲ့သို့ ခေတ်ကာလများ ရွေ့လျားလာသည်နှင့်အမျှ မှေးမှိန်ပျောက်ကွယ်သွားရသည့် အဖိုးတန်သမိုင်းပုံရိပ်များစွာရှိနေခဲ့သည်မှာလည်း အမှန်ပင်ဖြစ်ကြောင်း၊ ၎င်းတို့အနက်အချို့ကခိုင်လုံသော အထောက်အထားအားနည်းခြင်း၊ စနစ်တကျမှတ်တမ်းမတင်နိုင်ခြင်း၊ ယဉ်ကျေးမှုအထောက် အထား အရောအနှောများကြား ပျောက်ဆုံးသွားခဲ့ခြင်းများရှိသကဲ့သို့ ရာသီဥတုနှင့် သဘာဝဘေးဒဏ်တို့ကြောင့် ပျက်စီးရခြင်း၊ ထိန်းသိမ်းစောင့်ရှောက် နိုင်စွမ်းအားနည်းသည့်နေရာများတွင် ရောက်ရှိနေခြင်းတို့ကြောင့် မြန်မာ့သမိုင်းတွင် မဖြည့်စွက်နိုင်သေးသော ပုံရိပ်များအဖြစ် ပျောက်ကွယ်နေသည်များလည်းရှိခဲ့ကြောင်း၊ ထိုပျောက်ကွယ်နေသောသမိုင်း ပုံရိပ်အထောက်အထားများကို ရှာဖွေဖော်ထုတ်၍ ကဏ္ဍအသီးသီးတွင် တိမ်မြုပ်နေသည့် သမိုင်းလစ်ဟာကွက်များ၊ မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်တန်ဖိုးများကို မည်ကဲ့သို့ သုတေသနပြုပုံဖော် တင်ပြကြမည်ဆိုသည်ကို နားထောင်လေ့လာသုံးသပ်ကြရမည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။
နံနက်ပိုင်း စာတမ်းဖတ်ကြားခြင်း အစီအစဉ်တွင် မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ(၂) ဒေါက်တာတိုးလှက သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက “ဒုတိယ အင်္ဂလိပ်-မြန်မာစစ်အပြီး နယ်ခြားမျဉ်း သတ်မှတ်ချက်နှင့် သက်ရောက်မှု” စာတမ်းနှင့် မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင်ဦးနီတွတ်က “အရိမဒ္ဒနပူရ ပုဂံပြည်၊ သစ်မတီရပ် ဒုတိယအကြိမ်တိုင်းပြည်ပြန်လည် ထူထောင်ခြင်း” စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။
မွန်းလွဲပိုင်းတွင် မြန်မာသမိုင်းအဖွဲ့ အဖွဲ့ဝင် ဒေါက်တာမြင့်သိန်းက သဘာပတိအဖြစ်ဆောင်ရွက် ပြီး ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာမွန်သီရိစိုးက “အနောက်နိုင်ငံ သံတမန် မှတ်တမ်းများမှတစ်ဆင့် တိမ်မြုပ်နေသောသမိုင်းပုံရိပ်များအား လေ့လာဆန်းစစ်ခြင်း (၁၇၅၂ -၁၈၅၂)”စာတမ်းနှင့် ဒုတိယညွှန်ကြားရေးမှူး ဒေါ်မြတ်မာလာလွင်က “စလေဒေသ ပုရပိုက်များမှတွေ့ရသော တရားစီရင်ရေးဓလေ့” စာတမ်းများကို ဖတ်ကြားဆွေးနွေးကြသည်။
ညနေပိုင်းတွင် မြန်မာသမိုင်းအဖွဲ့ ဒုတိယဥက္ကဋ္ဌ (၂) ဒေါက်တာတိုးလှက သဘာပတိအဖြစ်ဆောင်ရွက်ပြီး မြန်မာသမိုင်းအဖွဲ့ အချိန်ပိုင်းအဖွဲ့ဝင် ဦးကျော်စိုးက “ပုရပိုက်ထဲမှ ရွှေပြည်ရန်အောင် သမိုင်းပုံရိပ်” စာတမ်းကို ဖတ်ကြားဆွေးနွေးရာ တက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ဌာနဆိုင်ရာများက အကြံပြုမေးမြန်းဆွေးနွေးကြသည်။
ထို့နောက် ဒုတိယဝန်ကြီးက ယနေ့ဖတ်ကြားတင်ပြကြသည့် သုတေသနစာတမ်း ငါးစောင်သည် ယခင်ကမသိသေးသည့် ပျောက်ကွယ်နေသော သမိုင်းပုံရိပ်များကို စူးစမ်းရှာဖွေဖော်ထုတ်ပြီး သမိုင်းအမြင် သစ်များဖြင့်တင်ပြသည့် စာတမ်းများဖြစ်ကာ ထိုစာတမ်းများထဲက သင်ခန်းစာများ၊ အကြံဉာဏ်များ၊ အသိပညာများနှင့် အနာဂတ်ဆီသို့ လျှောက်လှမ်းနိုင်ရန်အတွက် ဗဟုသုတများ တိုးပွားရရှိစေပါကြောင်းပြောကြားပြီး သမိုင်းသုတေသနနှင့် အမျိုးသားစာကြည့်တိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သဘာပတိများနှင့် စာတမ်းရှင်များအား လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်
တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့်...
Posted on Jan 28, 2026တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန၊ တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနတွင် လစ်လပ်လျက်ရှိသည့် ဒုတိယဦးစီးမှူးရာထူး(၆)နေရာအတွက် ရေးဖြေစာမေးပွဲကျင်းပမည့် နေ့ရက်၊ အချိန်နှင့် ခုံအမှတ် ထုတ်ပြန်ခြင်း
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
Posted on Jan 7, 2026ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန တိုင်းရင်းသားအခွင့်အရေးများကာကွယ်စောင့်ရှောက်ရေးဦးစီးဌာန အလုပ်လျှောက်လွှာခေါ်ယူခြင်း
