ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီက ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို ဟောပြောတင်ပြ


Ministry of Information/ Naypyitaw / November 17, 2025
image_latest


နေပြည်တော် နိုဝင်ဘာ ၁၆

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီဥက္ကဋ္ဌ ဦးအေးလွင်က ၎င်းတို့၏ မူဝါဒ၊ သဘောထား၊ လုပ်ငန်းစဉ် စသည်တို့ကို နိုဝင်ဘာ ၁၆ ရက် ညပိုင်းတွင် ရေဒီယိုနှင့် ရုပ်မြင်သံကြားအစီအစဉ်များမှ ဟောပြောတင်ပြခဲ့ပါသည်။

အဆိုပါ ဟောပြောတင်ပြချက် အပြည့်အစုံမှာ အောက်ပါအတိုင်း ဖြစ်ပါသည်-

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ ခင်ဗျား -

ကျွန်တော်ကတော့ ပြည်ထောင်စု မြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ် ပါတီဥက္ကဋ္ဌ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးအေးလွင်ဖြစ်ပါတယ်။ ကျွန်တော့်အနေဖြင့် မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့အား မင်္ဂလာညချမ်းပါဟု ဦးစွာပဏာမနှုတ်ခွန်းဆက်သဂါရဝပြုအပ်ပါတယ်။

ကျွန်တော့်အနေဖြင့် ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ ဖွဲ့စည်းဖြစ်ပေါ်လာပုံသမိုင်းကြောင်းကို ဦးစွာတင်ပြပေးချင်ပါတယ်။

“ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်”အမည်ရှိ ဤပြည်ထောင်စုကြီးအတွင်း၌ မှီတင်းနေထိုင်ကြကုန်သော ကျွန်ုပ်တို့ တိုင်းရင်းသားမျိုးနွယ်စု အားလုံးတို့သည် သမိုင်းမတင်မီကာလမှစ၍ ယနေ့ထက်တိုင် ဥမကွဲသိုက်မပျက် အေးအတူပူအမျှ အတူတကွလက်တွဲနေထိုင်လာခဲ့ကြပါတယ်။ ပြည်ထောင်စုဖွားတိုင်းရင်းသားအပေါင်းတို့သည် ဤမြေပေါ်၌ပင် ပြည်ထောင်စုကြီးအစဉ်တည်တံ့ခိုင်မြဲရေး၊ လွတ်လပ်ရေးနှင့် အချုပ်အခြာအာဏာ လက်လွတ်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့ကို မိမိတို့၏ “ကိုယ်ပိုင်အမျိုးသားရေးအမြင်” ၊ “ကိုယ်ပိုင်အမျိုးသားရေးဝါဒ” တို့ဖြင့် စဉ်ဆက်မပြတ် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ခဲ့ကြပါတယ်။ ဤပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် ရှေးပဝေသဏီကာလမှသည် ကိုယ်ပိုင်ယဉ်ကျေးမှုထုံးတမ်းစဉ်လာများနှင့် “လောကပါလတရားနှင့် အပရိဟာနိယတရား (၇) ပါး” တို့ကို ကောင်းစွာယုံကြည် လိုက်နာကျင့်သုံးခဲ့ကြခြင်းဖြင့် ဒီမိုကရေစီကျင့်စဉ်များနှင့်လည်း အကျွမ်းတဝင်ရှိခဲ့ကြပြီးဖြစ်ကြပါတယ်။ ထို့အပြင် လူ့အခွင့်အရေးကိုလည်း လေးစားလိုက်နာတန်ဖိုးထားခဲ့ကြပါတယ်။

သို့ရာတွင် ပြည်ထောင်စုကြီး၏ အကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းကိုသာ အစဉ်ရှေးရှုလုပ်ဆောင်ခြင်း၊ အပြုသဘောမဆောင်ဘဲ နေရာတကာတိုင်းတွင် “ဆန့်ကျင်ဖီလာစိတ်” ဖြင့် ပြည်ပစွက်ဖက်မှုနှင့် ပိတ်ဆို့မှုတို့ကို လက်ယပ်ခေါ်နေကြတဲ့ “အဆိုးမြင်ဝါဒ” လက်ကိုင်ပြုထားကြသူ ပြည်တွင်း ပြည်ပ လက်ဝဲ/လက်ယာ မြေပေါ်/မြေအောက် “အစွန်းရောက်အဖျက်သမားများ၏ အမျိုးသားရေးနှင့် ပြည်ထောင်စုရေး–သစ္စာဖောက်မှုအသွယ်သွယ်” ကို “ပြည်ထောင်စုစိတ်ဓာတ်နှင့် အမျိုးသားရေးစိတ်ဓာတ်” အရင်းခံဖြင့် ဆန့်ကျင်ကာကွယ်တားဆီးကြရပေမည်။ တစ်ချိန်တည်းမှာပင် ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်အားကောင်းပြီး ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်သစ်ကြီး ဖော်ဆောင်နိုင်ရေး ဦးတည်ချက်အတိုင်း ကျွန်ုပ်တို့ ပြည်ထောင်စုဖွား မျိုးနွယ်စုအားလုံးက ဆက်လက်ချီတက်ကြရပေမည်။

ဤတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ကြစေခြင်းအလို့ငှာ “ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ” က “အမျိုးသားရေး”၊ “ဒီမိုကရေစီရေး”၊ “လူ့အခွင့်အရေး” စံသတ်မှတ်ချက်မူဘောင်အတွင်းမှ မြန်မာနိုင်ငံ၏ လူမှုစီးပွားဘဝကို တိုးတက်မှုအမြင့်မားဆုံးအဆင့်သို့ ရောက်ရှိလာစေရေးအတွက် တိုင်းရင်းသား ပြည်သူလူထုကြီးတစ်ရပ်လုံးနှင့်အတူ ညီညွတ်စွာလက်တွဲကြိုးပမ်းဆောင်ရွက်သွားပါမယ်။

ကျွန်ုပ်တို့ ပြည်ထောင်စုဖွား တိုင်းရင်းသားမျိုးနွယ်စုတစ်ရပ်လုံးက တန်းတူညီမျှ ငြိမ်းချမ်းစွာ ပါဝင်ခွင့်ရှိပြီး တန်းတူညီမျှ အကျိုးခံစားခွင့်လည်းရရှိသော ခေတ်မီဖွံ့ဖြိုးတိုးတက်သော ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုနိုင်ငံတော်သစ်ကြီးတစ်ရပ် ပေါ်ထွန်းလာစေရေး ဦးတည်ချက်ဖြင့် ဤ“ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ (THE UNION OF MYANMAR FEDERATION OF NATIONAL POLITICS PARTY )” ကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်၊ ကမ္ဘာအေးဘုရားလမ်း၊ ပုလဲကွန်ဒိုမီနီယမ်၊ တိုက် (F)၊ အခန်း (၀၃-၃) တွင် ၂၀၀၇ ခုနှစ်၊ ဇူလိုင်လ (၂၃) ရက်နေ့၌ ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များ ဦးဆောင်မှုဖြင့် အမျိုးသားနိုင်ငံရေးအင်အားစုများ ပူးပေါင်းပါဝင်လက်တွဲကာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့ကြပါတယ်။

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီသည် ၈၈ မျိုးဆက် ကျောင်သား လူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)၏ ဦးဆောင်မှုအခြားအမျိုးသား ရေးအင်အားစုများ ပူးပေါင်းဆောင်ရွက်မှုဖြင့် စီပွားရေးပိတ်ဆို့မှုဆန့်ကျင်ရေးအမျိုးသားလှုပ်ရှားမှု (၂၀၀၇)၊ ဖွဲ့စည်းပုံအခြေခံဥပဒေပေါ်ပေါက်ရေး အမျိုးသားလှုပ်ရှားမှု (၂၀၀၇) နှင့် ဒီမိုကရေစီအသွင်ကူးပြောင်းရေး အမျိုးသားလှုပ်ရှားမှု (၂၀၀၉) တို့ကို ပြုလုပ်ဖော်ဆောင်ခဲ့ရာတွင် အမျိုးသားပြန်လည်သင့်မြတ်ရေး လမ်းကြောင်းပေါ်တွင် ခိုင်ခိုင်မာမာရပ်တည်ကာ “တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံး ပါဝင်ခွင့်ရှိသည့် အမျိုးသားနိုင်ငံရေးအခန်းကဏ္ဍသစ်” တစ်ရပ်ဖြစ်ပေါ်လာစေရေးအတွက် စဉ်ဆက်မပြတ် ကြိုးပမ်းဆောင်ရွက်နေသည့် နောက်ခံသမိုင်းကြောင်း အခြေခံဖြင့် ပေါ်ပေါက်ဖြစ်တည်လာသော နိုင်ငံရေးပါတီတစ်ရပ်လည်း ဖြစ်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ ခင်ဗျား -

ကျွန်တော့်အနေဖြင့် ပါတီ၏ မူဝါဒသဘောထားများကို ဆက်လက်တင်ပြပါမယ်။

လွတ်လပ်သည့် အမျိုးသားရေးဝါဒကို ပါတီတွင်းဒီမိုကရေစီကျင့်စဉ်နှင့်အညီ လိုက်နာကျင့်သုံးပါတယ်။ အပြန်အလှန်အားဖြင့် ဒီမိုကရေစီကျင့်စဉ်ကို လွတ်လပ်သည့် အမျိုးသားရေးဝါဒနှင့်အညီ လိုက်နာကျင့်သုံးပါတယ်။

နိုင်ငံသားများ၏ ကျင့်ဝတ်သိက္ခာ၊ အခွင့်အရေး၊ ရပိုင်ခွင့်နှင့် အကျိုးစီးပွားများကို ဆုတ်ယုတ်ပျက်ပြားစေသော ပြည်တွင်း ပြည်ပ မည်သည့် လုပ်ဆောင်ချက်မျိုးကိုမဆို ဆန့်ကျင်ပါတယ်။

ပါတီ၏ သဘောထားအမြင်များသည် ပါတီဝင်တစ်ရပ်လုံး၏ သဘောထားကို ထင်ဟပ်ပါတယ်။

လွတ်လပ်ခြင်း၊ တရားမျှတခြင်းနှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ ထွန်းကားရေးကို ဦးတည်ပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ ခင်ဗျား -

ပါတီ၏ ဦးစားပေးလုပ်ငန်းစဉ်များကို ကျွန်တော့်အနေဖြင့် ဆက်လက်တင်ပြပါမယ်။

မြန်မာနိုင်ငံကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုနိုင်ငံတော်ကြီးအဖြစ် အမြန်ဆုံးဖော်ဆောင်နိုင်ရေး၊ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခရပ်စဲရေးနှင့် နိုင်ငံတစ်ဝန်းအစဉ်ထာဝရ ငြိမ်းချမ်းရေး၊ ကမ္ဘာတည်သရွေ့မြန်မာတိုင်းရင်းသားမျိုးနွယ်စုများ လူမျိုးမပျောက်မပျက်ဘဲ ဆက်လက်ရှင်သန်ရပ်တည်ရေးဆောင်ရွက်ပါမယ်။

နိုင်ငံတော်၏ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ သတင်းမီဒီယာများအရေးတို့ကို ကဏ္ဍအလိုက် ခေတ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး၊ နိုင်ငံသားများ၏ စားဝတ်နေရေးနှင့် အခြေချနေထိုင်ရေး၊ အိမ်ခြံမြေ၊ စိုက်ပျိုးမြေ၊ အခြားလုပ်ငန်းသုံးမြေများ ရရှိရေး၊ လယ်ယာမြေအခြားနည်းအသုံးပြုခွင့်အတွက် ပွင့်လင်းမြင်သာသည့်ဥပဒေများ ထွန်းကားလာရေး၊ အမှန်တကယ်စိုက်ပျိုးသော စိုက်ပျိုးမြေဧကအလိုက် ချေးငွေအပြည့်အဝ ထုတ်ပေးရေး၊ လယ်ယာသုံးစက်ကိရိယာဝယ်ယူရေး ချေးငွေရရှိရေး၊ နိုင်ငံတစ်ဝန်းအကြား အလပ်မရှိ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေးတို့ကို ကြိုးပမ်းလုပ်ဆောင်သွားပါမယ်။

ပြည်ထောင်စုအဆင့်ရန်ပုံငွေစနစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အဆင့်ရန်ပုံငွေစနစ်၊ အများပြည်သူ၏ ဆန္ဒအလျောက် ထည့်ဝင်သည့် ရန်ပုံငွေစနစ်၊ နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် ဆောင်ရွက်သော ရန်ပုံငွေစနစ်ဖော်ဆောင်ရေး၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ အုပ်ချုပ်ရေးနှင့် ဥပဒေပြုရေးအာဏာကို ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုစနစ်နှင့်အညီ ကျင့်သုံးနိုင်ရေးတို့ကို ဆောင်ရွက်သွားပါမယ်။

ဘေးအန္တရာယ်ခံစားနေကြရသည့် နိုင်ငံသားများ၏ အရေးအတွက် ကယ်ဆယ်ရေး၊ ကူညီရေးနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေးညီဆောင်ရွက်ရေး ရန်ပုံငွေစနစ်ထားရှိရေး၊ နိုင်ငံတကာအဖွဲ့အစည်းများမှ ထောက်ပံ့သည့် ဖွံ့ဖြိုးရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီများကို ပွင့်လင်းမြင်သာမှုရှိရှိ အသုံးပြုရေးဆောင်ရွက်သွားပါမယ်။

လူငယ်ကျောင်းသား၊ သက်ကြီးရွယ်အို၊ အမျိုးသမီး၊ မိခင်နှင့် ကလေးသူငယ်၊ မသန်စွမ်းသူများ၊ အချုပ်သားအကျဉ်းသား၊ ပြည်တွင်းရွှေ့ပြောင်းအလုပ်သမားများ၊ ပြည်ပတွင် အလုပ်အကိုင်ဖြင့် ရောက်ရှိနေသူများ၊ တောင်သူလယ်သမား၊ အလုပ်သမား၊ အသိပညာရှင် အတတ်ပညာရှင်၊ နိုင်ငံ့ဝန်ထမ်းနှင့် အငြိမ်းစားဝန်ထမ်းများ အစရှိသည့် လူတန်းစားအလွှာအသီးသီး၏ လိုအပ်ချက်များကို ပါတီစုံဒီမိုကရေစီစနစ်နှင့် ဈေးကွက်စီးပွားရေးစနစ်တို့နှင့်အညီ ဖြစ်ပေါ်လာသော အခွင့်အလမ်းကောင်းများကို ပြည့်ပြည့်ဝဝရရှိခံစားနိုင်ရေး အသေးစိတ်မူဝါဒများ ချမှတ်ဆောင်ရွက်သွား ပါမယ်။

မြို့ပြနှင့် ကျေးလက်ကွာဟမှုမရှိစေဘဲ လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ လျှပ်စစ်ဓာတ်အား လုံလောက်စွာရရှိရေး၊ သန့်ရှင်းသော သောက်သုံးရေ လုံလောက်စွာရရှိနိုင်ရေး၊ စိုက်ပျိုးရေလုံလောက်စွာရရှိရေးနှင့် ရေသွင်းစိုက်ပျိုးမြေဧရိယာတိုးချဲ့သတ်မှတ်ရေး ဆောင်ရွက်သွားပါမယ်။

ကျောင်းသားလူငယ်၊ တောင်သူလယ်သမား၊ အလုပ်သမား၊ နိုင်ငံ့ဝန်ထမ်း၊ အငြိမ်းစားဝန်ထမ်းနှင့် အသိပညာရှင် အတတ်ပညာရှင်သမဂ္ဂများ လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားဆောင်ရွက်နိုင်ရေးနှင့် ရုံးအဆောက်အအုံမြေနေရာရရှိရေး ဆောင်ရွက်သွားပါမယ်။

ဗဟိုချုပ်ကိုင်မှုလျှော့ချရေး၊ အကျင့်ပျက်ခြစားမှုနှင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတို့အတွက် ဥပဒေအစီအမံများ ပြုလုပ်၍ ဆောင်ရွက်သွားပါမယ်။ 

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ ခင်ဗျား-

နိုင်ငံတော်၏ စီပွားရေးတစ်ရပ်လုံးကို ဈေးကွက်စီးပွားရေးစနစ်နှင့်အညီ လိုက်လျောညီထွေဖြစ်စေရန် စီးပွားရေးလုပ်ငန်းအဖွဲ့အစည်းများကို လွတ်လပ်စွာ အပြိုင်အဆိုင်လုပ်ကိုင်ခွင့်ရရှိရေးနှင့် အလုပ်လက်မဲ့ပပျောက်ရေးဆောင်ရွက်ပါမယ်။

အမျိုးဘာသာ သာသနာကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်လိုသည့် ဝံသာနုရက္ခိတတရားများ ပိုမိုထွန်းကားပြန့်ပွားရေး၊ အမျိုးသားစာရိတ္တမဏ္ဍိုင်မြင့်မားရေး၊ အမျိုးသားစာပေ၊ အနုပညာနှင့် ယဉ်ကျေးမှု အမွေအနှစ်များကို မပျောက်မပျက်အောင် ထိန်းသိမ်းကာကွယ်စောင့်ရှောက်ရေးတို့ကို ဆောင်ရွက်သွားပါမယ်။

တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးကို ရှေးရှု၍ အခမဲ့ကျန်းမာရေးစောင့်ရှောက်မှု၊ စရိတ်မျှပေးကျန်းမာရေးစောင့်ရှောက်မှု၊ ပုဂ္ဂလိကပိုင်၊ အများပိုင်၊ ဖက်စပ်ပိုင်၊ သမဝါယမပိုင်နှင့် အခြားနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင် ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းများ၊ ကျန်းမာရေးစောင့်ရှောက်မှုရန်ပုံငွေ ထူထောင်ရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု အာမခံထားရှိရေးလုပ်ငန်းများကို ဆောင်ရွက်သွားပါမယ်။

ဘက်စုံအတွေးအခေါ်အယူအဆမှန်ကန်၍ အကျင့်စာရိတ္တကောင်းမွန်စေပြီး နိုင်ငံတော်တည်ဆောက်ရေးအတွက် အကျိုးဖြစ်စေမယ့် စာမတတ်သူပပျောက်ရေး၊ မသင်မနေရ အခမဲ့အခြေခံပညာရေးစနစ်ဖော်ဆောင်ရေး၊ အသက်မွေးဝမ်းကျောင်းပညာရေး၊ စိတ်ကြိုက်ဘာသာရွေးချယ်သင်ကြားနိုင်သော တက္ကသိုလ်ပညာရေး၊ ပညာသင်ထောက်ပံ့ကြေးရန်ပုံငွေစနစ်ထူထောင်ရေး၊ ပညာရပ်ဆိုင်ရာ သုတေသနရန်ပုံငွေထူထောင်ရေးတို့ကို အထူးဦးစားပေးဆောင်ရွက်သွားပါမည်။

အမျိုးသားပညာရည်မြင့်မားရေးကိုရှေးရှု၍ နိုင်ငံတော်ပိုင်၊ သမဝါယမပိုင်၊ ပုဂ္ဂလိကပိုင်၊ ဖက်စပ်ပိုင်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပိုင် ပညာရေးဝန်ဆောင်မှုလုပ်ငန်းများ ဖြစ်ပေါ်လာရေး ဆောင်ရွက်ပါမယ်။

လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုနှင့် ဘာသာရေးအသင်းအဖွဲ့များ လွတ်လပ်စွာ ဖွဲ့စည်းတည်ထောင်ခွင့်တို့ကို အားပေးပါတယ်။ ထေရဝါဒဗုဒ္ဓဘာသာကို ဘိုးဘွားအမွေအနှစ်အဖြစ် တန်ဖိုးထားထိန်းသိမ်းကာကွယ်စောင့်ရှောက်ပါမည်။ ဗုဒ္ဓဘာသာသည် မြန်မာနိုင်ငံ၏ အများစုကိုးကွယ်ယုံကြည်သော ဝိသေသလက္ခဏာရှိသည့် ဘာသာတရားဖြစ်သည်ဟု အလေးအနက်တန်ဖိုးထား အသိအမှတ်ပြုပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ ခင်ဗျား -

တိုင်းရင်းသားဘာသာစကား၊ စာပေ၊ အနုပညာ၊ ယဉ်ကျေးမှုတို့ကို ဖွံ့ဖြိုးတိုးတက်စေရန်၊ တိုင်းရင်းသားအချင်းချင်း စည်းလုံးညီညွတ်ရေး၊ ချစ်ကြည်လေးစားရေးနှင့် ရိုင်းပင်းကူညီရေးတို့ကို တိုးတက်ဖြစ်ထွန်းစေရန် ဆောင်ရွက်ပါမယ်။

တိုးတက်ဖွံ့ဖြိုးမှု နောက်ကျနေသေးသည့် အရပ်ဒေသများရှိ တိုင်းရင်းသားများ၏ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လမ်းပန်းဆက်သွယ်ရေး စသည်တို့ပါဝင်သော လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်ရေးနှင့် တိုင်းရင်းသားတန်းတူညီမျှရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့ကို အသိအမှတ်ပြုပါတယ်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ ခင်ဗျား-

နိုင်ငံတော်၏ အဓိကမဏ္ဍိုင်ကြီး (၃) ခုဖြစ်တဲ့ ဥပဒေပြုရေး၊ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေး ယန္တရားအဆင့်ဆင့်၏ လုပ်ငန်းဆောင်တာများကို ဆောင်ရွက်ရာတွင် အများပြည်သူတို့၏ မွေးရာပါလူ့အခွင့်အရေး၊ ဒီမိုကရေစီအခွင့်အရေး၊ လွတ်လပ်ခွင့်များ၊ ရပိုင်ခွင့်များနှင့် ခံစားခွင့်များကို တစ်စုံတစ်ရာ ထိခိုက်နစ်နာမှုမရှိစေရန် ကာကွယ်စောင့်ရှောက်ပါမယ်။

တရားစီရင်ရေးစနစ် မူဘောင်အတွင်းမှ နိုင်ငံသားတိုင်း မည်သူမဆို တရားစွဲဆိုပိုင်ခွင့်၊ အမှုကျေအေးပိုင်ခွင့်၊ ထုချေပိုင်ခွင့်၊ အယူခံပိုင်ခွင့်တို့နှင့်ပတ်သက်၍ ဥပဒေနှင့်အညီ တရားစီရင်ခွင့်ကို လွတ်လပ်စွာ ကျင့်သုံးခွင့်ရရှိနိုင်စေရန် ကာကွယ်စောင့်ရှောက်ပါမယ်။ 

နိုင်ငံတကာနှင့် ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်ရေးမူနှင့် လွတ်လပ်၍တက်ကြွပြီး ဘက်မလိုက်သော နိုင်ငံခြားရေးမူဝါဒတို့ကို လက်ခံကျင့်သုံးမယ်။ ကမ္ဘာ့ငြိမ်းချမ်းရေးနှင့် နိုင်ငံအချင်းချင်း မိတ်ဝတ်မပျက် ပေါင်းသင်းဆက်ဆံရေး၊ မြန်မာနိုင်ငံသည် မည်သည့်နိုင်ငံကိုမျှ စစ်ရေးအရ စတင်တိုက်ခိုက်ခြင်းမပြုရေးနှင့် နိုင်ငံအတွင်းတွင် မည်သည့်နိုင်ငံခြားတပ်ဖွဲ့ကိုမှ တပ်ချခွင့်မပြုရေးတို့ကို ရပ်တည်ဆောင်ရွက်သွားပါမယ်။

မဲဆန္ဒရှင် ပြည်သူအပေါင်းတို့ ခင်ဗျား -

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ (UMFNP) ပါတီ၏ အလံနှင့် ပါတီသင်္ကေတတံဆိပ်တို့နှင့် ပတ်သက်၍ ဆက်လက်တင်ပြပါမယ်။

အောက်ခံအရောင်အနီ၊ အလယ်တွင် အဖြူရောင်အောက်ခံအဝိုင်းအတွင်း အစိမ်းရောင်ကဒေါင်းနှင့် ကဒေါင်း၏ အောက်နှင့် အထက်တို့တွင် အရွယ်တူကြယ်ဖြူ (၇) လုံးစီကို အတန်းလိုက် ဖော်ကျူးထားပါတယ်။ အဲဒီအလံကို ပါတီအထိမ်းအမှတ်အလံအဖြစ် သတ်မှတ်ပါတယ်။

အနီရောင်သင်္ကေတသည် ရဲစိတ်ရဲမာန် ထက်သန်စေခြင်းသဘောကို ဆောင်သည်။ အလယ်ရှိ အဖြူရောင်နောက်ခံစက်ဝိုင်းသည် ဖြူစင်ခြင်းသဘောကို ဆောင်သည်။ အရွယ်တူကြယ်ဖြူ (၁၄) လုံးမှာ တိုင်းရင်းသားပေါင်းစုံ ရင်းနှီးချစ်ကြည်စွာ အတူတကွစုပေါင်းနေထိုင်သည့် ပြည်ထောင်စုမြန်မာနိုင်ငံကို ပြဆိုခြင်းဖြစ်သည်။ အစိမ်းရောင်ကဒေါင်းသည် တိုင်းရင်းသားအားလုံး၏ စုပေါင်းအမည်နာမဖြစ်သည့် မြန်မာကို ကိုယ်စားပြုပြီး၊ အမျိုးဘာသာသာသနာ ပညာထွန်းလင်းကာ စပါးဆန်ရေ ရတနာရွှေငွေဥစ္စာပစ္စည်း အထွေထွေပေါကြွယ်ဝခြင်းသဘောကို ဆောင်သည်။

မဲဆန္ဒရှင် မိဘပြည်သူအပေါင်းတို့ခင်ဗျား-

ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ (UMFNP) ပါတီ၏ ဆောင်ပုဒ်ကတော့  “ကောင်းကျိုးအထွေထွေရယ်နဲ့ ချွန်စေမြစေစော ဒေါင်းအိုးဝေရယ်နဲ့ တွန်စေကစေ သောဝ်..” ရွေးကောက်ပွဲမှာ အသုံးပြုမည့် ပါတီဆောင်ပုဒ်ကတော့  “လူမှန် မူမှန် နေရာမှန် ပြောင်းလဲခြင်းအမှန်ဖြစ်ဖို့ ‘က’ ဒေါင်းပါတီကိုမဲပေးစို့ ” ဖြစ်ပါတယ်။

မဲဆန္ဒရှင်မိဘပြည်သူအပေါင်းတို့ခင်ဗျား -

နိဂုံးချုပ်အနေဖြင့် တင်ပြလိုတာကတော့ ကျွန်တော်တို့ မြန်မာနိုင်ငံတော်ရဲ့ လူဦးရေ (၇၀%) ရာခိုင်နှုန်းကျော်ဟာ ကျေးလက်ဒေသတွေမှာ နေထိုင်ကြပြီးတော့ လယ်ယာလုပ်ငန်းနှင့် အသက်မွေးကြပါတယ်။ လယ်ယာလုပ်ငန်းများ ခေတ်မီရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် စက်ယန္တရားများကို အသုံးပြုပြီး ထွန်ယက်စိုက်ပျိုး ရိတ်သိမ်းနိုင်ရေး၊ လယ်ယာလုပ်ငန်းသုံးရင်းနှီးငွေနှင့် သွင်းအားစုများ ပြည့်ပြည့်ဝဝ ဖူဖူလုံလုံဖြည့်ဆည်းပေးခြင်း၊ စိုက်ပျိုးထုတ်လုပ်မှုစရိတ်နှင့် သီးနှံဈေးနှုန်းများ တည်ငြိမ်မျှတရေး ထိန်းညှိဆောင်ရွက်ပေးခြင်း၊ လယ်ယာထုတ်ကုန်များကို တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲထုတ်လုပ်နိုင်ရန် စီမံပေးခြင်းတို့ကို ပြုလုပ်ခြင်းအားဖြင့် လယ်ယာစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်လာခြင်းနှင့်အတူ နိုင်ငံသားအများစု၏ လူနေမှုဘဝဟာလည်း ပိုမိုမြင့်မားတိုးတက်လာမှာ ဖြစ်တဲ့အတွက်ကြောင့် လယ်ယာစိုက်ပျိုးရေးလုပ်ငန်းအကျိုးစီးပွားကို အားပေးမြှင့်တင်ကာကွယ်ပေးသည့် ဥပဒေများ လက်တွေ့ကျကျ ရှင်သန်အသက်ဝင်လာရေး၊ လယ်ယာမြေပြဿနာများ ဥပဒေနှင့်အညီ မြန်မြန်ဆန်ဆန် ဖြေရှင်းပေးရေးတို့ဟာ နောင်တက်လာမည့် ရွေးကောက်ခံလွှတ်တော်နှင့် ရွေးကောက်ခံအစိုးရအတွက် အရေးကြီးတဲ့ တောင်းဆိုချက်တစ်ခုဖြစ်လာပါတယ်။ အဲဒီတောင်းဆိုချက်အရ လွှတ်တော်ထဲကို ရောက်ဖို့အတွက် ကဒေါင်းတံဆိပ်နဲ့ ယှဉ်ပြိုင်အရွေးခံတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ငံရေးအဖွဲ့ချုပ်ပါတီ (UMFNP) ပါတီကို မဲဆန္ဒရှင် မိဘပြည်သူအပေါင်းက မဲပေးထောက်ခံကြပါလို့ တိုက်တွန်းနှိုးဆော်ရင်း နိဂုံးချုပ်လိုက်ပါတယ်။ 

“မဲဆန္ဒရှင် မိဘပြည်သူအပေါင်း ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြပါစေ။”

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၃ ရက်၊ နိုဝင်ဘာ ၁၇ ရက်၊ တနင်္လာနေ့။


Posted on Nov 17, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်၊ နိုဝင်ဘာ ၁၆ ရက်၊ တနင်္ဂနွေနေ့။


Posted on Nov 16, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၁ ရက်၊ နိုဝင်ဘာ ၁၅ ရက်၊ စနေနေ့။


Posted on Nov 15, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၁၀ ရက်၊ နိုဝင်ဘာ ၁၄ ရက်၊ သောကြာနေ့။


Posted on Nov 14, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၉ ရက်၊ နိုဝင်ဘာ ၁၃ ရက်၊ ကြာသပတေးနေ့။


Posted on Nov 13, 2025

၁၃၈၇ ခုနှစ်၊ တန်‌ဆောင်မုန်းလပြည့်ကျော် ၈ ရက်၊ နိုဝင်ဘာ ၁၂ ရက်၊ ဗုဒ္ဓဟူးနေ့။


Posted on Nov 12, 2025
AnnouncementsExplore more >

သမဝါယမကောလိပ်(ဖောင်ကြီး)နှင့်သမဝါယမကောလိပ်(မန္တလေး) ပထမနှစ်ဝင်ခွင့်ရရှိသူများစာရင်း

Posted on Nov 13, 2025

သမဝါယမကောလိပ် (မန္တလေး၊ ဖောင်ကြီး)တို့တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၊ ပထမနှစ် (ပထမနှစ်ဝက်)သင်တန်းနှင့် ဒုတိယနှစ် (ပထမနှစ်ဝက်)သင်တန်းများကို (၁၇-၁၁-၂၀၂၅)ရက်နေ့မှ စတင်၍ ကျောင်းအပ်လက်ခံပြီး (၂၄-၁၁-၂၀၂၅)ရက်နေ့၌ စတင်ဖွင့်လှစ်သွားမည်ဖြစ်ပါသည်။

HOT NEWS
January 4,