ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ အဂ္ဂမဟာသရေစည်သူ အဂ္ဂမဟာ သီရိသုဓမ္မ ဦးမင်းအောင်လှိုင်၏ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်၊ နှစ်သစ်ကူးနှုတ်ခွန်းဆက် မင်္ဂလာစကား


Ministry of Information/ Naypyitaw / April 17, 2026
image_latest


မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ ခင်ဗျား

ကျက်သရေမင်္ဂလာအပေါင်းနဲ့ ပြည့်စုံတဲ့ မြန်မာနှစ်သစ်ကူးအခါသမယမှာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတစ်ဝန်း မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသူ နိုင်ငံသားမိဘပြည်သူ တိုင်းရင်းသားညီအစ်ကို မောင်နှမများနဲ့တကွ ပြည်ပမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများ၊ ကမ္ဘာသူကမ္ဘာသားအားလုံး ဘေးရန်အပေါင်းမှ ဝေးကွာကြပါစေ၊ ကာယစိတ္တနှစ်ဖြာသော သုခတို့နဲ့ ပြည့်စုံနိုင်ကြပါစေကြောင်း ဦးစွာပထမ နှုတ်ခွန်းဆက်မေတ္တာပို့သအပ်ပါတယ်။

ယနေ့ဟာ မြန်မာသက္ကရာဇ် ၁၃၈၈ ခုနှစ်သို့ ကူးပြောင်းရောက်ရှိလာပြီဖြစ်တာကြောင့် နှစ်ဟောင်းမှာကြုံတွေ့ခဲ့ရတဲ့အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို မိဘပြည်သူများနဲ့အတူ ရင်ဆိုင်ကျော်ဖြတ်ခဲ့ကြရသလိုပဲ အခုနှစ်သစ်မှာလည်း မိမိတို့အားလုံးစည်းလုံးညီညွတ်မှု၊ လုံ့လဝီရိယ၊ မလျှော့သောစွမ်းပကားတို့နဲ့ အောင်မြင်စွာ ဖြတ်သန်းနိုင်မယ်လို့ ယုံကြည်ပါတယ်။ နိုင်ငံတော်ကို ပါတီစုံဒီမိုကရေစီ လမ်းကြောင်းအတိုင်း ဆက်လက်လျှောက်လှမ်းနိုင်ဖို့အတွက် မူလဦးတည်ရည်မှန်းချက်အတိုင်း လွတ်လပ်ပြီး တရားမျှတမှုအပြည့်အဝရှိတဲ့ အထွေထွေရွေးကောက်ပွဲကြီးကို ဂုဏ်သိက္ခာရှိရှိ အောင်အောင်မြင်မြင်နဲ့ ကျင်းပနိုင်ခဲ့ပါတယ်။ ဒါဟာလည်း ပါတီစုံဒီမိုကရေစီကို ချစ်မြတ်နိုးတဲ့ မဲဆန္ဒရှင်ပြည်သူများရဲ့ အင်တိုက်အားတိုက် ပူးပေါင်းပါဝင်မှုကြောင့်ဖြစ်ကြောင်း လေးစားစွာမှတ်တမ်းတင် ပြောကြားလိုပါတယ်။

ယခုလိုထူးခြားတဲ့ နှစ်သစ်ကူးနေ့ထူးနေ့မြတ် အခါသမယမှာ ပြည်သူတွေလိုလားတဲ့ ဒီမိုကရေစီ အစိုးရအသစ်နဲ့ လွှတ်တော်များဟာလည်း ပြန်လည်အသက်ဝင်လာပြီဖြစ်ပြီး ဒီမိုကရေစီနိုင်ငံတော်သစ်အတွက် စာမျက်နှာသစ်ကို ဖွင့်လှစ်လိုက်ပြီဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်ဦးဆောင်တဲ့ နိုင်ငံတော်အစိုးရသစ်အနေနဲ့ အခုနှစ်သစ်ကစပြီး တိုင်းရင်းသားမိဘပြည်သူညီအစ်ကိုမောင်နှမအားလုံးတို့ရဲ့ လိုအင်ဆန္ဒများနဲ့ လူမှုစီးပွားဘဝမြှင့်တင်ရေး၊ ထာဝရငြိမ်းချမ်းရေးနဲ့ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးတို့ကို အောင်မြင်အောင်အကောင်အထည်ဖော် ကြိုးပမ်းဆောင်ရွက်သွားနိုင်မှာဖြစ်ပါတယ်။ နိုင်ငံတော် အကြီးအကဲတစ်ယောက်အနေနဲ့ ကတိသစ္စာပြုထားတဲ့အတိုင်း အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနဲ့အညီ နိုင်ငံနဲ့ပြည်သူအားလုံးအကျိုးကိုသစ္စာရှိစွာနဲ့ ဦးထိပ်ပန်ဆင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားလိုပါတယ်။

အနာဂတ်ဒီမိုကရေစီနိုင်ငံတော်တည်ဆောက်ရေးနဲ့ နိုင်ငံခေတ်မီဖွံ့ဖြိုးတိုးတက်ရေးဆောင်ရွက်ရာမှာ နိုင်ငံတော်တည်ငြိမ်ရေး၊ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးရရှိရေးဟာ အလွန်အရေးကြီးပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့အစိုးရအနေနဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ပါ သဘောတူညီချက်များအတိုင်း တစိုက်မတ်မတ် အလေးထားဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ငြိမ်းချမ်းရေးပန်းတိုင်ဟာ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပဋိပက္ခတွေကြောင့် အလှမ်းဝေးနေဆဲဖြစ်ပါတယ်။ ဒါ့ကြောင့် လက်နက်ကိုင်ပဋိပက္ခတွေကြောင့် နိုင်ငံမှာဖြစ်ပေါ်ခဲ့ရတဲ့ ထိခိုက်ဆုံးရှုံးမှုတွေကို ထောက်ရှုပြီး နိုင်ငံတည်ငြိမ်အေးချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် နိုင်ငံတော်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ အကြမ်းဖက်လက်နက်ကိုင်အဖွဲ့အစည်းအားလုံး လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးလမ်းကြောင်းကတစ်ဆင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်း ဆောင်ရွက်သွားကြဖို့ အလေးအနက်တိုက်တွန်းလိုပါတယ်။ ကျွန်တော်တို့အစိုးရအဖွဲ့အနေနဲ့ ငြိမ်းချမ်းရေးတံခါးကို ထာဝရဖွင့်ထားပြီး လက်နက်ကိုင်ပဋိပက္ခများချုပ်ငြိမ်းရေးနဲ့ ထာဝရငြိမ်းချမ်းရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားမှာဖြစ်ကြောင်းနဲ့ ဒို့တာဝန်အရေးသုံးပါးကို အမျိုးသားရေးတာဝန်အဖြစ် ဆက်လက်ကာကွယ်စောင့်ရှောက်သွားမှာဖြစ်ပါတယ်။

ငြိမ်းချမ်းရေးတည်ဆောက်မှုနဲ့အတူ တစ်ဆက်တည်းမှာပဲ နိုင်ငံရဲ့အဓိကလိုအပ်ချက်ဖြစ်တဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရရှိအောင် ကြိုးပမ်းအားထုတ်ဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့လူဦးရေ၊ ဓလေ့ထုံးတမ်းအစဉ်အလာ၊ ပထဝီအနေအထားနဲ့ သဘာဝအရင်းအမြစ်တွေအရ စိုက်ပျိုးရေးနဲ့ မွေးမြူရေးလုပ်ငန်းတွေကို နည်းလမ်းတကျဆောင်ရွက်ပြီး ထုတ်ကုန်များကိုတိုးမြှင့်ကြဖို့ လိုအပ်ပါတယ်။ အဲဒီကတစ်ဆင့် စိုက်ပျိုးမွေးမြူရေး ထွက်ကုန်တွေအပေါ်မှာအခြေပြုတဲ့ အသေးစား၊ အငယ်စား၊ အလတ်စားစီးပွားရေးလုပ်ငန်း (MSMEs)တွေကို အားပေးမြှင့်တင်ပြီး ပြည်တွင်းစားသုံးမှု လိုအပ်ချက်ဖူလုံတဲ့အပြင် ပြည်ပကိုတင်ပို့နိုင်တဲ့အထိ ကုန်ထုတ်လုပ်မှုကဏ္ဍမြင့်မားအောင် ဆောင်ရွက်ကြမယ်ဆိုရင် တစ်ဦးချင်းကအစ နိုင်ငံတော်အဆင့်ထိ ဖွံ့ဖြိုးတိုးတက်လာမယ်ဆိုတာ အသိပေးပြောကြားလိုပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများ ခင်ဗျား

နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တည်ငြိမ်အေးချမ်းရေးတို့အတွက် အဓိကလိုအပ်ချက်ကတော့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံး အသိပညာ၊ အတတ်ပညာမြင့်မားရေးပဲဖြစ်ပါတယ်။ ပညာရည်နိမ့်ပါးသူတွေနဲ့ နိုင်ငံတော်ကိုတိုးတက်ဖို့၊ ရှေ့ဆက်လျှောက်လှမ်းဖို့ ခက်ခဲနေမှာဖြစ်တယ် ဆိုတာ ဒီနေ့ကြုံတွေ့နေရတဲ့ဖြစ်စဉ်တွေက သက်သေပြနေတာ အားလုံးအသိပဲဖြစ်ပါတယ်။ ဒါ့ကြောင့် အနာဂတ်နိုင်ငံအတွက် အင်အားသစ်တွေဖြစ်တဲ့ ကျောင်းသား ကျောင်းသူ လူငယ်များဟာ ပညာရေး၊ ကျန်းမာကြံ့ခိုင်မှု၊ စိတ်ဓာတ်ကောင်းမွန် ခြင်း၊ အကျင့်စာရိတ္တကောင်းမွန်ခြင်းစတဲ့ ဗလငါးတန်နဲ့ ပြည့်ဝကြဖို့လိုပါတယ်။ ဒါမှသာ နိုင်ငံ့ရှေ့ရေးဟာ ဘက်စုံပြည့်ဝထူးချွန်တဲ့ လူတော်လူကောင်းလူငယ်တွေရဲ့ ဦးဆောင်မှုနဲ့ အများကြီးပြောင်းလဲပြီး ဖွံ့ဖြိုးတိုးတက်လာမှာဖြစ်ပါတယ်။ တစ်ဦးချင်းကအစ တစ်မျိုးသားလုံး စိတ်ရောကိုယ်ပါ ကျန်းမာကြံ့ခိုင်ရေးနဲ့ အတွေးအခေါ်အယူအဆ ဆင်ခြင်တုံတရားပြည့်ဝဖို့ အလွန်အရေးကြီးပါတယ်။ ကျွန်တော်တို့အစိုးရအနေနဲ့လည်း အဲဒီအခြေခံဖြစ်တဲ့ ပညာရေးကဏ္ဍနဲ့ ကျန်းမာရေးကဏ္ဍကို ဆက်လက်မြှင့်တင်ဆောင်ရွက်ပေးသွားမှာ ဖြစ်ပါတယ်။ ဒါ့ကြောင့်ဒီနေ့လူငယ်တွေကို အတတ်ပညာ သာမကအသိပညာပါ ထက်မြက်ပြီး အနာဂတ်အတွက် အားကိုးအားထားဖြစ်နိုင်မယ့် ဘက်စုံထူးချွန်သူများဖြစ်အောင် မိဘများ၊ ဆရာ ဆရာမ များနဲ့ တာဝန်ရှိသူအားလုံးက ဝိုင်းဝန်းပြုစုပျိုးထောင်ပေးကြပါလို့ အလေးအနက်ထားမှာကြားလိုပါတယ်။

နောက်တစ်ချက်ကတော့ ပြည်တွင်းစည်းလုံးညီညွတ်မှုကို နည်းမျိုးစုံနဲ့ ဖြိုခွဲပြီး တိုင်းပြည်ကို ဒုက္ခရောက်အောင် လုပ်ဆောင်နေကြတဲ့ ပြည်တွင်း ပြည်ပ ပယောဂများနဲ့ အဖျက်အမှောင့်တွေရဲ့ အန္တရာယ်ကို သတိတရားနဲ့ မှန်မှန်ကန်ကန် ရှုမြင်သုံးသပ်ကြဖို့ အလွန်အရေးကြီးပါတယ်။ ဒီနေ့ နိုင်ငံတော်မှာဖြစ်ပျက်နေတဲ့ အဖျက်အမှောင့်တွေနဲ့ ဆူပူအကြမ်းဖက်မှုတွေရဲ့ အခြေခံဟာ ဒါပဲဖြစ်ပါတယ်။ “ပြည့်အင်အားသည် ပြည်တွင်းမှာသာရှိသည်” ဆိုတဲ့ ယုံကြည်ခံယူချက်နဲ့ ကျွန်တော်တို့ တိုင်းရင်းသားပြည်သူအားလုံးဟာ နိုင်ငံချစ်စိတ်၊ တိုင်းပြည်နဲ့ လူမျိုးကို ချစ်တဲ့စိတ်၊ ပြည်ထောင်စုစိတ်ဓာတ်တွေနဲ့ နိုင်ငံကိုတည်ဆောက်သွားကြရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့အားလုံးဟာ “ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်” “ရေကိုသား၍ ကြားမထင်” ဆိုတဲ့ စကားတွေနဲ့အညီ ချစ်ကြည်ရင်းနှီးစည်းလုံးညီညွတ်မှုအပြည့်အဝနဲ့ သာယာလှပတဲ့ နိုင်ငံတော်သစ်ကို စိတ်တူကိုယ်တူ တည်ဆောက်သွားကြဖို့ တိုက်တွန်းမှာကြားလိုပါတယ်။

ချစ်ခင်လေးစားအပ်ပါသော မိဘပြည်သူများခင်ဗျား

နှစ်သစ်ကိုမျှော်လင့်ချက်အသစ်တွေနဲ့ ကျွန်တော်တို့အားလုံး အတိတ်ကခါးသီးမှုအတွေ့ အကြုံတွေကို သင်ခန်းစာယူပြီး သာယာဝပြောတဲ့ နိုင်ငံတော်သစ်ဆီကို ညီညီညွတ်ညွတ် အတူတကွလျှောက်လှမ်းကြဖို့ ပြောကြားလိုပါတယ်၊ “စည်းလုံးခြင်းသည်အင်အား” ဆိုတဲ့အတိုင်း ကျွန်တော်တို့အားလုံးဟာ စည်းလုံးညီညွတ်မှု ခိုင်မြဲနေမယ်ဆိုရင် ဘယ်လိုအခက်အခဲမျိုးမဆို ကျော်ဖြတ်အောင်မြင်နိုင်မယ်လို့ ကျွန်တော်အပြည့်အဝယုံကြည်ပါတယ်။ ဒါ့ကြောင့်လည်း အနာဂတ်နိုင်ငံတော်အတွက် မိဘပြည်သူ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံးရဲ့ ပူးပေါင်းပါဝင်မှုဟာ အလွန်အရေးကြီးကြောင်းနဲ့ ကျွန်တော့်အနေနဲ့ များစွာတန်ဖိုးထားမျှော်လင့်ပါကြောင်း ပြောကြားလိုပါတယ်။

နိဂုံးချုပ်အနေနဲ့ ယနေ့မြန်မာနှစ်ဆန်းတစ်ရက် နေ့ကစပြီး မြန်မာပြည်တွင်း မှီတင်းနေထိုင်ကြတဲ့ မိဘပြည်သူတိုင်းရင်းသားညီအစ်ကိုမောင်နှမများ၊ ပြည်ပမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသူ နိုင်ငံသားအပေါင်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဟန်ချက်ညီစွာနဲ့ မေတ္တာတရား လက်ကိုင်ထားလျက် ခရီးဆက်နိုင်ကြပါစေကြောင်း၊ မိမိတို့နိုင်ငံ၊ မိမိတို့လူမျိုး၊ မိမိတို့ဘာသာ သာသနာအကျိုးကို ဆတက်ထမ်းပိုး တိုးမြှင့်ထမ်းဆောင်နိုင်ကြပါစေကြောင်းနဲ့ အန္တရာယ်ဟူသမျှ ကင်းဝေးကြပါစေကြောင်း နှစ်သစ်အခါသမယဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

အားလုံးကိုကျေးဇူးတင်ပါတယ်။

Newspapers Explore more >

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၃ ရက် ၊ ဧပြီ ၁၄ ရက်၊ အင်္ဂါနေ့။


Posted on Apr 14, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၂ ရက် ၊ ဧပြီ ၁၃ ရက်၊ တနင်္လာနေ့။


Posted on Apr 13, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၁ ရက် ၊ ဧပြီ ၁၂ ရက်၊ တနင်္ဂ​နွေနေ့။


Posted on Apr 12, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၁၀ ရက် ၊ ဧပြီ ၁၁ ရက်၊ စ​နေနေ့။


Posted on Apr 11, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၉ ရက် ၊ ဧပြီ ၁၀ ရက်၊ သောကြာနေ့။


Posted on Apr 10, 2026

၁၃၈၇ ခုနှစ်၊ တန်ခူးလပြည့်ကျော် ၈ ရက် ၊ ဧပြီ ၉ ရက်၊ ကြာသပတေးနေ့။


Posted on Apr 09, 2026